အိန္ဒိယက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အစိုးရပြောင်းလဲမှုနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆို

News Image

  • အိန္ဒိယက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အစိုးရပြောင်းလဲမှုနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆို

အိန္ဒိယအစိုးရသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိတ်ဟာဆီနာ၏ ခေါင်းဆောင်မှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ တိုးပွားလာနေကြောင်း ကြိုတင်သိရှိထားသော်လည်း ဝင်ရောက်စွက်ဖက်ရန် အနေအထားမရှိဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar က ပြောကြားခဲ့ကြောင်း The Hindu သတင်းဌာန၏ မတ် ၂၂ ရက်(စနေနေ့) ဖော်ပြချက်အရ သိရှိ ရသည်။

၎င်းက တခါးပိတ်အစည်းအဝေးတစ်ခုတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လွှတ်တော်ရေးရာကော်မတီဝင်များကို အခြေအနေအား ရှင်းလင်းပြောကြားခဲ့ပြီး အိန္ဒိယအနေဖြင့် အရေးယူနိုင်သည့် အာဏာမရှိသောကြောင့် ရှိတ်ဟာဆီနာအား “အကြံပေးရုံသာ” လုပ်နိုင်ကြောင်း ရှင်းပြခဲ့သည်။ ရှိတ်ဟာဆီနာသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် အကြမ်းဖက် ဖယ်ရှားခံခဲ့ရပြီး အိန္ဒိယသို့ ခိုလှုံခဲ့ရသူဖြစ်သည်။

ရှိတ်ဟာဆီနာ အစိုးရပြုတ်ကျပြီးနောက်နှင့် ၎င်းအား ပြင်းထန်စွာ ဝေဖန်သူ Muhammad Yunus က ယာယီအစိုးရ၏ ဦးဆောင် အကြံပေးအဖြစ် ခန့်အပ်ခံရပြီးနောက် ဒါကာနှင့် နယူးဒေလီတို့ကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။

သို့သော် ဘင်္ဂလားဒေ့ရှ်သည် မကြာသေးမီက အိန္ဒိယနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် ချဉ်းကပ်ခဲ့သည်။ Yunus က BBC Bangla သတင်းဌာနနှင့် အင်တာဗျူးတွင် ဘင်္ဂလားဒေ့ရှ်အနေဖြင့် အိန္ဒိယနှင့် ဆက်ဆံရေးကောင်းမွန်မှုရှိစေရန် ရွေးချယ်စရာမရှိဟု ပြောကြားခဲ့သည်။ နှစ်နိုင်ငံသည် “သမိုင်းအရ၊ နိုင်ငံရေးအရနှင့် စီးပွားရေးအရ” ခွဲ၍ မရကြောင်း ၎င်းက အသိအမှတ်ပြုခဲ့ပြီး “နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ရန် အခြားနည်းလမ်းမရှိပါ၊ မိမိတို့အနေဖြင့် အဆိုပါ လမ်းကြောင်းမှ လွှဲ၍မရပါ" ဟု ထပ်လောင်းပြောကြားခဲ့သည်။

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး ပိုမိုတင်းမာ

ဖေဖော်ဝါရီလတွင် အမေရိကန်အစိုးရ၏ “Government Efficiency (DOGE)” ဌာနက ကုန်ကျစရိတ်လျှော့ချရေး အစီအစဉ်အဖြစ် ဖြတ်တောက် မည့် ရန်ပုံငွေစာရင်းကို ထုတ်ပြန်ခဲ့ပြီး ၎င်းတွင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေး အခြေအနေမြှင့်တင်ရန် ဒေါ်လာ ၂၉ သန်း သုံးစွဲသည့် အစီအစဉ်အပါအဝင် အမေရိကန်အခြေစိုက် ရွေးကောက်ပွဲနှင့် နိုင်ငံရေး ဖြည့်ဆည်းရေး အဖွဲ့ချုပ်အတွက် ရန်ပုံငွေများပါဝင်ခဲ့သည်။ သို့သော် ထောက်ပံ့ငွေရရှိသူများ၏ အမည်နှင့် စုစုပေါင်းအသုံးစရိတ်ကို ထုတ်ဖော်ခြင်းမပြုခဲ့ပေ။

ပြင်ပအဖွဲ့အစည်းများ၏ ဩဇာလွှမ်းမှု

The Hindu ၏ သတင်းအရ နိုင်ငံခြားရေးဝန်ကြီး Jaishankar က လွှတ်တော်အမတ်များနှင့်တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်ရှိ “ပြင်ပအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ” ကို အလေးထားဖော်ပြခဲ့သည်။ အဆိုပါ  ဖြစ်စဉ်သည် လာမည့်လတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် BIMSTEC (ဘင်္ဂလား ပင်လယ်အော် နည်းပညာနှင့် စီးပွားရေးဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) ထိပ်သီးအစည်းအဝေးမတိုင်မီ ဖြစ်ပွားခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် Yunus နှင့် အိန္ဒိယဝန်ကြီးချုပ် Modi တို့ တွေ့ဆုံမည် ဟု သတင်းများရှိသော်လည်း Jaishankar က လွှတ်တော်အမတ်များအား ယင်းတွေ့ဆုံမှုနှင့်ပတ်သက်၍ ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။

မြန်မာ့ပြည်တွင်းစစ်နှင့် အိန္ဒိယအပေါ် သက်ရောက်မှု

မတ် လ ၂၂ ရက် (စနေနေ့) က ဆွေးနွေးပွဲတွင် Jaishankar အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် တပ်မတော်မှအာဏာထိန်းပြီးနောက် တိုက်ပွဲများ ပြင်းထန်လာသည့် မြန်မာ့ပြည်တွင်းစစ်နှင့် အိန္ဒိယအရှေ့မြောက် ပြည်နယ်များအပေါ် ယင်း၏သက်ရောက်မှုများအကြောင်း လွှတ်တော် အမတ်များက မေးမြန်းခဲ့ပြီး ပဋိပက္ခ၏သက်ရောက်မှုများအပေါ် စိုးရိမ်လျက် ရှိသည်ဟု မီဒီယာများကဖော်ပြခဲ့သည်။ အစည်းအဝေးအပြီး ၎င်း၏ X (Twitter) တွင် “ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက်၊ မြန်မာ၊ သီရိလင်္ကာနှင့် အိန္ဒိယ၏ ဆက်ဆံရေးဆိုင်ရာ အသုံးဝင်သော ဆွေးနွေးမှု” ဟု ရေးသား ခဲ့သည်။

(BIMSTEC တွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်းနှင့် ဘူတန်တို့ ပါဝင်သည်။)

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂