ဒေါ်နယ်ထရမ့်၏ အထူးသံတမန် ရာထူးမှထုတ်ပယ်ခံရရေး ယူကရိန်း လွှတ်တော်အမတ်လိုလားနေ
ယူကရိန်းပဋိပက္ခဖြေရှင်းရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အထူးသံတမန် စတိဗ်ဝှစ်ကော့ဖ်သည် ရုရှားဝါဒဖြန့်ချိသူ တစ်ဦးဖြစ်ပြီး ရာထူးမှ ထုတ်ပယ်ခံရသင့်သည်ဟု ယူကရိန်းလွှတ်တော် အမတ်တစ်ဦးက ပြောကြားခဲ့ပါသည်။
သတင်းထောက် တက်ကာ ကာလ်ဆန်နှင့်အင်တာဗျူးတစ်ခုအတွင်း စတိဗ်ဝှစ်ကော့ဖ်၏ မှတ်ချက်ပြုပြောဆိုမှုများကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်း၏ နိုင်ငံခြားရေးရာကော်မတီအကြီးအကဲ Aleksandr Merezhko က ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းလည်း ဖြစ်ပါသည်။ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပွားပြီးနောက် ရုရှားနှင့်ပူးပေါင်းသွားခဲ့သော ယူကရိန်း နယ်မြေဟောင်းများအကြောင်းကို မည်သူကမျှ မပြောချင်ကြကြောင်း စတိဗ် ဝှစ်ကော့ဖ်က ပြောဆိုခဲ့ပြီးနောက် Aleksandr Merezhko ၏ ပြောဆိုချက် များ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။
စတိဗ်ဝှစ်ကော့ဖ် က “ယင်းနယ်မြေများသည် ရုရှားဘာသာစကားကို ပြောဆိုကြပြီး ၎င်းတို့အထဲမှ အများစုသည် ရုရှားအုပ်ချုပ်မှုအောက်၌ နေချင်ကြောင်းကို ညွှန်ပြခဲ့သည့် လူထုဆန္ဒခံယူပွဲများလည်း ရှိခဲ့ပါသည်၊ ရုရှားက ယင်းနယ်မြေများကို ချုပ်ကိုင်ထားခြင်းသည်လည်း အမှန်ပင်ဖြစ်ပြီး ယင်းနယ်မြေများကို ရုရှားနယ်မြေများဟု ကမ္ဘာကြီးက အသိအမှတ် ပြုနိုင်မည်လားဆိုသည်မှာ မေးခွန်းတစ်ခုဖြစ်သည်” ဟု ပြောဆိုခဲ့ပါသည်။ စတိဗ်ဝှစ်ကော့ဖ်၏ ပြောဆိုချက်များကို အလွန်ဆိုးရွားသည့် ပြောဆိုချက်များအဖြစ် Aleksandr Merezhko က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး စတိဗ်ဝှစ်ကော့ဖ်သည် ဒေါ်နယ်ထရမ့်၏ သံတမန်အဖြစ် ပြုမူရမည့်အစား ပူတင်၏သံတမန်အဖြစ်ဆောင်ရွက်နေကြောင်း Aleksandr Merezhko က စွပ်စွဲပြောဆိုခဲ့ပါသည်။
ကိုးကား-NP News