ကာစီနိုလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းတစ်ရပ် ထိုင်းအစိုးရ အတည်ပြု

News Image

  • ကာစီနိုလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းတစ်ရပ် ထိုင်းအစိုးရ အတည်ပြု

ဘန်ကောက်   မတ် ၂၇

ကာစီနိုနှင့် အခြားလောင်းကစားလုပ်ငန်းများ တရားဝင်ဖွင့်လှစ်ခွင့်ဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို ထိုင်းအစိုးရက မတ် ၂၇ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပဒေကြမ်းတွင် ကာစီနိုလုပ်ငန်းများကို တရားဝင်ခွင့်ပြုထားသော်လည်း ယင်းကာစီနိုရုံများသို့ သွားရောက်နိုင်မည့် ထိုင်းနိုင်ငံသား အရေ အတွက်ကို ကန့်သတ်ထားသည်။

ကာစီနိုရုံများသို့ သွားရောက်မည့် ထိုင်းနိုင်ငံသားများအတွက် ဝင်ကြေးကို တစ်ဦးလျှင် ဘတ်ငွေ ၅၀၀၀ သတ်မှတ်ထားပြီး ဘဏ်အပ်ငွေအနည်းဆုံး ဘတ်ငွေ သန်း ၅၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇ သန်း) ရှိကြောင်း သက်သေပြနိုင်ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ပြည်သူတစ်ဦးချင်း နှစ်စဉ်ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၃၀၀ သာရှိရာ အဆိုပါ ပြဋ္ဌာန်းချက်များထည့်သွင်းထားခြင်းဖြင့် ထိုင်းနိုင်ငံသားများ ကာစီနိုရုံသွားရောက်နိုင်ခွင့်ကို ကန့်သတ်ထားခြင်းဖြစ်သည်။

ထို့ပြင် ထိုင်းအစိုးရကခွင့်ပြုမည့် ဖျော်ဖြေရေးနယ်မြေ၌ ကာစီနိုလုပ်ငန်းများ ရယူနိုင်သောနေရာကိုလည်း နယ်မြေတစ်ခုလုံး၏ ၁၀ ရာခိုင်နှုန်းအထိသာ ထိုင်းအစိုးရ၏ ဥပဒေကြမ်း၌ သတ်မှတ်ပေးထားသည်။

အဆိုပါ ဥပဒေကြမ်းအတွက် လွှတ်တော်အတည်ပြုချက်နှင့် ဘုရင်မင်းမြတ်၏ အပြီးသတ်အတည်ပြုချက်တို့ ရယူရန် လိုအပ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ