မလေးရှားတွင် အာဆီယံခေါင်းဆောင်များ အစည်းအဝေး ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်နေ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် မေ ၂၆ ရက်က အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှုများကြေညာခဲ့ပြီးနောက် ယခုအစည်းအဝေးသည် ပထမဆုံးအကြိမ် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးဖြစ်သည်။
ထိုအစည်းအဝေးတွင် ထရမ့်၏ အခွန်တိုးမြှင့်ကောက်ခံမှုကိစ္စ၊ မြန်မာ ပဋိပက္ခတွင် အပစ်အခတ်ရပ်စဲမှုသက်တမ်းတိုးရေးနှင့် အရှေ့တီမော နိုင်ငံ၏ အာဆီယံအဖွဲ့ဝင် လျှောက်ထားမှုတွင် ကျန်ရှိနေသည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်သည်။ ယခုအစည်းအဝေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး က တက်ရောက်ခဲ့သည်။
မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံ က ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက်ငါးချက်ကို အကောင် အထည်ဖော်ဆောင်မှု အားနည်းသည်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ လထဲတွင် အာဆီယံက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ခေါင်းဆောင် များကို အာဆီယံထိပ်သီးညီလာခံများနှင့် အာဆီယံဝန်ကြီးအဆင့် အစည်း အဝေးပွဲများ တက်ရောက်ခြင်းကို ပိတ်ပင်ခဲ့ပြီး ထိုအစား နိုင်ငံရေးနှင့် မသက်ဆိုင်သော ကိုယ်စားလှယ်များ စေလွှတ်ရန် ဖိတ်ကြားခဲ့သည်။
ထိုသို့ကန့်သတ်မှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်ကလည်း အာဆီယံထိပ်သီးအစည်းအဝေးများသို့ ကိုယ်စားလှယ်စေလွှတ်ရန် ငြင်းဆန်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီတွင် လာအိုနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အာဆီယံ ထိပ်သီးအစည်းအဝေးများ တာဝန်ယူကျင်းပချိန် မှသာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ ဒေါ်မာလာ သန်းထိုက်အား စေလွှတ်၍ အာဆီယံထိပ်သီးအစည်းအဝေးများတွင် ပြန်လည်ပါဝင်တက်ရောက်ခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာတွင် ပြုလုပ်သည့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ပြင်းထန်သော ငလျင် ဖြစ်ပွားပြီးနောက်၌ ငလျင်ဘေးသင့်ရာ ဒေသများတွင် လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ပေါင်းစပ် ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်တွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအရေးပေါ်အစည်းအဝေးကို မြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေအား ပါဝင် တက်ရောက်ခွင့်ပြုခဲ့သည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးတွင် အာဆီယံ အသိုက်အဝန်းမှ စည်းလုံးညီညွတ်မှုဖြင့် ဆက်လက်ကူညီဆောင်ရွက်ရေး၊ မြန်မာ-အာဆီယံ အသိုက်အဝန်းမှ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအား ဆွေးနွေးခဲ့ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။
ကိုးကား- Eleven Media Group