ကနေဒါအရာရှိများသည် ဖလော်ရီဒါအကျဉ်းစခန်းတွင် ထိန်းသိမ်းခံရစဉ် သေဆုံးခဲ့သော ကနေဒါနိုင်ငံသားတစ်ဦးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အမေရိကန်အစိုးရထံ တောင်းဆို

News Image

  • ကနေဒါအရာရှိများသည် ဖလော်ရီဒါအကျဉ်းစခန်းတွင် ထိန်းသိမ်းခံရစဉ် သေဆုံးခဲ့သော ကနေဒါနိုင်ငံသားတစ်ဦးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အမေရိကန်အစိုးရထံ တောင်းဆို

US Immigration and Customs Enforcement (ICE) ၏ ဖမ်းဆီးခံ ခဲ့ရသည့် ကနေဒါနိုင်ငံသားတစ်ဦး ဖလော်ရီဒါအကျဉ်းစခန်းတွင် သေဆုံး ခဲ့ပြီးနောက် ကနေဒါ ဝန်ကြီးချုပ်ရုံးအရာရှိများက အမေရိကန် အစိုးရ ထံမှ အချက်အလက်များ ထပ်မံတောင်းဆိုနေသည်။ 

ICE အရာရှိများ၏ ပြောကြားချက်အရ Johnny Noviello (၄၉ နှစ်) သည် အမေရိကန်တွင် တရားဝင်နေထိုင်ခွင့်ရသူဖြစ်ပြီး ၂၀၂၃ ခုနှစ်က မှုခင်း အဖွဲ့အစည်းဆိုင်ရာ ဥပဒေချိုးဖောက်မှုနှင့် မူးယစ်ဆေးဝါး တရားမဝင် ကုန်ကူးမှုများဖြင့် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီး ပြည်နှင်ဒဏ်ခံရနိုင်သည့် အခြေအနေကြောင့် Miami ရှိ ဖက်ဒရယ်အကျဉ်းစခန်းတွင် ထိန်းသိမ်းခံ ထားရသူဖြစ်သည်။

ICE ၏ထုတ်ပြန်ချက်အရ တနင်္လာနေ့ (ဇွန် ၂၃) မွန်းလွဲပိုင်းတွင် Noviello အား အသက်ရှူလမ်းကြောင်းပိတ်ဆို့နေသည့်အနေအထားဖြင့် တွေ့ရှိခဲ့ပြီး Miami Fire Rescue Department မှ သေဆုံးကြောင်း အတည်ပြုခဲ့သည်။ သေဆုံးရသည့်အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးဆဲ ဖြစ်သည်။

“ကျန်းမာရေးဝန်ထမ်းများက ချက်ချင်းတုန့်ပြန်ကာ အသက်ရှူပြန်လည် နိုးကြားစေရေးနည်းလမ်း (CPR)၊ အလိုအလျောက်နှလုံးခုန်စက်တို့ဖြင့် ကုသမှုများပြုလုပ်ခဲ့ပြီး 911 သို့ အရေးပေါ်ခေါ်ဆိုခဲ့သည်” ဟု ICE မှ ပြောကြားခဲ့သည်။

ICE ၏ သတင်းထုတ်ပြန်ချက်အရ Noviello အား မေလ ၁၅ ရက်နေ့က ကနဦး စစ်ဆေးရေးရုံးတစ်ခုတွင် ICE မှ ဖမ်းဆီးခဲ့ပြီး “ထိန်းချုပ်ထားသော မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေနှင့် ညီညွတ်မှုမရှိသည့် ပြစ်မှုတစ်ခုအတွက် အပြစ်ရှိကြောင်းတွေ့ရှိထားသူ” အဖြစ် ပြည်နှင်ဒဏ်ပေးရန် စီရင်ချက် ချမှတ်နိုင်ရေး အကြောင်းကြားစာထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ထိုဖမ်းဆီးမှုသည် Trump အစိုးရ ၏ ရာဇဝတ်မှုကျူးလွန်ခဲ့သည့် တရားမဝင် ဝင်ရောက်နေထိုင်သူများအား အဓိကထားဖမ်းဆီးနေသော ပြည်နှင်ဒဏ်ပေးနိုင်ရေးလုပ်ငန်းစဉ် ကျယ်ပြန့်လာချိန်တွင် ဖြစ်ပွားခဲ့သည်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီး Anita Anand က ကြေညာချက် တစ်စောင် တွင် Noviello သေဆုံးမှုနှင့်ပတ်သက်၍ ကနေဒါအစိုးရအား ကြာသပတေးနေ့ (ဇွန် ၂၆) က အသိပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။ “ကနေဒါ ဝန်ကြီးချုပ်ရုံး အရာရှိများသည် အမေရိကန်အရာရှိများထံမှ အရေးပေါ် အချက်အလက် များ ရယူနေပါသည်” ဟု ၎င်းကြေညာချက်တွင် ဖော်ပြထားပြီး မိသားစု ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လေးစားမှုဖြင့် နောက်ထပ် အသေးစိတ်များ ထုတ်ပြန်မည်မဟုတ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂