မင်းသမီး ဒိုင်ယာနာ၏ Caring Dress ဝတ်စုံအား ဒေါ်လာ ၅၂၀,၀၀၀ တန်ဖိုးဖြင့် လေလံတင်ရောင်းချ
ဝေလ မင်းသမီး ဒိုင်ယာနာ (၁၉၆၁-၁၉၉၇) ၏ ပိုးချည်ဖြင့် ရက်လုပ် ထားသည့် ပန်းပုံစံဝတ်စုံအား ဇွန်လ ၂၆ ရက်တွင် အမေရိကန်ဒေါ်လာ ၅၂၀,၀၀၀ ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း Julien's Auctions မှ ပြောကြားခဲ့သည်။
မင်းသမီးဒိုင်ယာနာသည် The Caring Dress ဟု အမည်တွင်သည့် အဆိုပါဝတ်စုံကို ဆေးရုံများရှိ လူနာများထံ သွားရောက်လည်ပတ်စဉ် မကြာခဏဝတ်ဆင်ခဲ့သည်ဟု ဒီဇိုင်နာ David Sassoon က ရှင်းပြခဲ့ပြီး ထိုဝတ်စုံအား ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဖြင့် လေလံဖွင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလေလံပွဲတွင် ဒိုင်ယာနာနှင့် ဗြိတိသျှ ဘုရင့်မိသားစုဝင်များနှင့် ပတ်သက်သည့် အခြားအသုံးအဆောင်ပစ္စည်း ၃၀၀ ကျော်ကိုလည်း လေလံတင်ရောင်းချခဲ့သည်။
တော်ဝင်မိသားစုဝင်များ၏ အသုံးအဆောင်ပစ္စည်းများ စုဆောင်းထား ရှိမှုနှင့်ပတ်သက်၍ ယခုလို လေလံပွဲကျင်းပခြင်းသည် သာမန်အားဖြင့် ပြည်သူများ မမြင်တွေ့နိုင်သော တော်ဝင်မိသားစု၏ ဘဝနေထိုင်မှုပုံစံနှင့် ၎င်းတို့ တန်ဖိုးထားသည့်အရာများကို လူအများ တွေ့မြင်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း လေလံပွဲစီစဉ်သူများက ပြောကြား ခဲ့သည်။
တော်ဝင်မိသားစု၏ အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများသည် သရဖူနောက်ကွယ်ရှိ လူသားတို့၏ ဘဝဇာတ်ကြောင်းကို ထင်ဟပ် ပြသ နေသည်။
ဒိုင်ယာနာ၏ နေထိုင်မှုစတိုင်သည် လှပမှုရှိရုံသာမက စာနာမှုဖြင့် ပြည့်ဝ သည့် အမျိုးသမီးတစ်ဦးအသွင်ဟန်ပန်ရှိပြီး ပြည်သူများနှင့်လည်း ရင်းနှီး သော ဆက်ဆံရေးရှိခြင်းကြောင့် ပြည်သူ့မင်းသမီးအဖြစ် ယနေ့တိုင် ထင်ရှား နေဆဲဖြစ်သည်။
ကိုးကား - TASS
Photo: KETV
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃