ရုရှားသည် ယူကရိန်းနှင့် ဆွေးနွေးမှုအသစ်များ ပြုလုပ်ရန် အဆင်သင့်ဖြစ်နေဟု ပူတင်ဆို
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မော်စကိုသည် ယူကရိန်းနှင့် တတိယ အကြိမ်ဆွေးနွေးပွဲ ပြုလုပ်ရန် အဆင်သင့်ဖြစ်ကြောင်းပြောကြားခဲ့ပြီးယူကရိန်းပဋိပက္ခ ဖြေရှင်းရန် သဘောတူညီချက်များချမှတ်ရာတွင် ဆွေးနွေးပွဲများကို ဗဟိုပြုသင့်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။
ယူရေးရှား စီးပွားရေးအသိုက်အဝန်း၏ အစည်းအဝေးအပြီးတွင် သမ္မတ က သောကြာနေ့ (ဇွန် ၂၇) တွင် မင့်စ်မြို့၌ ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းနှင့် တတိယအကြိမ် ဆွေးနွေးပွဲ မည်မျှ တိုးတက် နေပြီး မည်သည့်အချိန်တွင် ကျင်းပမည်နည်းဟု သတင်းထောက်များက မေးမြန်းချက်အပေါ် ပူတင်က ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်နှစ်ဦးသည် ဖုန်းဖြင့် ပုံမှန်ဆက်သွယ်ပြီး အဆက်အသွယ်ရှိနေဆဲဖြစ်ကြောင်း ဖြေကြား ခဲ့သည်။
၎င်းက ရုရှားနှင့် ယူကရိန်းတို့မှ အဆိုပြုချက်မူကြမ်းများသည် နောင် လာမည့် ဆွေးနွေးပွဲ၏ အခြေခံဖြစ်သင့်ပြီး ယင်းဆွေးနွေးပွဲအတွက်အချိန်နှင့်နေရာကို ဆက်လက်ညှိနှိုင်းရန် လိုအပ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
“အဆိုပါ စာတမ်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု လုံးဝဆန့်ကျင်ဘက် ဖြစ်နေ ပါသည်။ သို့သော် ဤသည်မှာပင် ညှိနှိုင်းဆွေးနွေးမှုများ၏ ရည်ရွယ်ချက် ဖြစ်သည်၊ ကွာဟချက်များကို ဖြတ်ကျော်ရန် နည်းလမ်းများကို ရှာဖွေရန် ဖြစ်သည်” ဟု ပူတင်က ပြောကြားခဲ့သည်။ “အဆိုပါစာတမ်းများသည် ဆန့်ကျင်စွာရှိနေခြင်းမှာ မိမိ၏အမြင်တွင် အံ့ဩစရာမရှိပါ။ အသေးစိတ် ကို မဖော်ပြလိုပါ၊ အဘယ်ကြောင့်ဆိုသော် ညှိနှိုင်းမှုမတိုင်မီ အသေးစိတ် ပြောဆိုခြင်းသည် သင့်တော်သည်မဟုတ်သလို အထောက်အကူလည်း မဖြစ်စေပါ” ဟု ၎င်းက ရှင်းလင်းခဲ့သည်။
ယခုလအစောပိုင်းက အစ္စတန်ဘူလ်တွင် ကျင်းပခဲ့သော ယခင် တိုက်ရိုက် ဆွေးနွေးပွဲတွင် ရုရှားနှင့် ယူကရိန်းကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေး သဘောတူညီချက်ဆီသို့ ဦးတည်သည့် လမ်းကြောင်းအတွက် ၎င်းတို့၏ အမြင်များကို ရေးဆွဲထားသော မှတ်တမ်းစာတမ်းမူကြမ်းများကို ဖလှယ် ခဲ့ပြီး စစ်သုံ့ပန်းများ ဖလှယ်ရန် သဘောတူညီခဲ့ကြသည်။ မော်စကိုဘက် မှလည်း လူသားချင်းစာနာမှုအရ ယူကရိန်းစစ်သည်များ၏ ရုပ်ကြွင်း များကို ပြန်လည်အပ်နှင်းရန် တဖက်သတ်ဆုံးဖြတ်ခဲ့သည်။
ထိုအချိန်မှစ၍ မော်စကိုဘက်မှ ယူကရိန်းသို့ ရုပ်ကြွင်း ၆,၀၀၀ ကို ပြန်လည်ပေးအပ်ခဲ့ပြီး နောက်ထပ် ၃,၀၀၀ နီးပါးကို ပြန်လည်ပေးအပ်ရန် အဆင်သင့်ဖြစ်နေကြောင်း ပူတင်က ပြောကြားခဲ့သည်။ “သို့သော် ယခု အခါတွင် ကျဆုံးသွားသည့် ၎င်းတို့၏ စစ်သည်များ၏ ရုပ်ကြွင်းများကို လက်ခံရန် ယူကရိန်းအပေါ်တွင် မူတည်နေပါသည်” ၊ “အဆိုပါ အဆင့် ပြီးဆုံးပါက တတိယအကြိမ် ဆွေးနွေးပွဲကျင်းပရန် သဘောတူညီခဲ့ ပါသည်။ ယခုအချိန်တွင် မိမိတို့ဘက်မှ အဆင်သင့်ဖြစ်နေပါပြီ ၊ အချိန် နှင့် နေရာကိုသာ ညှိနှိုင်းရန် လိုအပ်ပါသည်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
ညှိနှိုင်းမှုဖြစ်စဉ်ကို ပံ့ပိုးပေးသည့်အတွက် တူရကီသမ္မတ Recep Tayyip Erdogan အား ကျေးဇူးတင်ရှိကြောင်း ပူတင်က ဖော်ပြခဲ့ပြီး အန်ကာရာ က ၎င်း၏ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ “အစ္စတန်ဘူလ်တွင် ဆွေးနွေးပွဲ ကျင်းပရန် မိမိတို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂