ထိုင်းနိုင်ငံတွင် ဘုန်းကြီးကျောင်းများ၏ ဘဏ်စာရင်းများကို ထုတ်ပြန်
ထိုင်းအာဏာပိုင်များက ဘုန်းကြီးကျောင်းများမှ လှူဒါန်းငွေများ အလွဲ သုံးစားပြုမှုများကြောင့် ပြည်သူများ စိုးရိမ်မှုများ မြင့်တက်လာပြီးနောက် တစ်နိုင်ငံလုံးရှိ ဘုန်းကြီးကျောင်းများ၏ ဘဏ်အကောင့်များတွင် ရှိနေ သည့် စုစုပေါင်းငွေပမာဏကို ကြေညာခဲ့သည်။
ထိုင်းဗဟိုဘဏ်နှင့် အမျိုးသား ဗုဒ္ဓဘာသာရေးရာရုံး (NOB) တို့က ဇူလိုင် ၁၃ ရက်တွင် နိုင်ငံတစ်ဝှမ်းရှိ ဘုန်းကြီးကျောင်း ၃၉,၀၀၀ ၏ ဘဏ် အကောင့် စာရင်းများကို ထုတ်ပြန်ခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ သုံးလပတ်အထိဘတ်ငွေ ၄၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်) ရှိကြောင်း ဖော်ပြခဲ့သည်။
NOB က ဘုန်းတော်ကြီးများအား ကျောင်းတိုက်ရန်ပုံငွေများကို ကိုယ်ပိုင် အသုံးပြုခွင့် မပြုဘဲ အကုန်အကျများအတွက် ရည်ရွယ်ချက်အလိုက် ရှင်းလင်းစွာဖော်ပြရန် စည်းမျဉ်းသတ်မှတ်ထားသည်။ ငွေများကို ကျောင်း ပြင်ဆင်ခြင်း၊ ရဟန်းရှင်လူများ လေ့ကျင့်သင်ကြားရေး၊ ဘာသာရေးအခမ်းအနားများ စသည့် တရားဝင်လုပ်ငန်းများအတွက်သာ အသုံးပြု နိုင်သည်။
ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် ဘုန်းတော်ကြီးတစ်ပါးစီသည် ဘဏ္ဍာရေး စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်း၍ အကုန်အကျဆိုင်ရာ ဆုံးဖြတ်ချက် များကို ပူးပေါင်းချမှတ်နိုင်သည်။ တိုင်ကြားမှုများရှိပါက NOB သည် သက်ဆိုင်ရာကျောင်းတိုက်များ၏ စာရင်းများ၊ ငွေစာရင်းများနှင့် သုံးစွဲမှု များကို စစ်ဆေးပိုင်ခွင့်ရှိသည်။
ထိုင်းနိုင်ငံတွင် ဘုန်းကြီးကျောင်းများ၏ ဘဏ္ဍာရေးကိစ္စများသည် လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုများနှင့် လှူဒါန်းငွေများ အလွဲသုံးစားပြုမှုများ ဆက်တိုက် ဖြစ်ပွားပြီးနောက် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ပြင်းထန်စွာ စိစစ်ခံနေရသည်။
မကြာသေးမီက ထိုင်းနိုင်ငံတွင် အထူးစိတ်ဝင်စားမှုအရှိဆုံး အမှုမှာ "ဆီကာဂေါက်ဖ်" အမှုဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး သည် အနည်းဆုံးသံဃာ ၈ ပါးနှင့် လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုရှိခဲ့ပြီး ထိုင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းတို့အနက် ရဟန်း ၃ ပါးမှာ စည်းကမ်း ဖောက်ဖျက်မှု ကြီးမားသဖြင့် သက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းမှ လူဝတ်လဲစေခဲ့သည်။
အဆိုပါအကျင့်ပျက်ခြစားမှုမှာ ထိုင်းနိုင်ငံ၏ သံဃာ့အဖွဲ့အစည်းကို လှုပ်ခတ်သွားစေခဲ့ပြီး ဇူလိုင် ၄ ရက်တွင် နန်ထဘူရီခရိုင်ရှိ ဂေါက်ဖ်၏ နေအိမ်သို့ ရဲများဝင်ရောက်စစ်ဆေးစဉ် သူမ၏ဖုန်း ၅ လုံးမှ ဓာတ်ပုံနှင့် ဗီဒီယိုပေါင်း ၈၀,၀၀၀ ကျော်ကို တွေ့ရှိခဲ့ရသည်။ ထိုဓာတ်ပုံများစွာတွင် သူမသည် ထင်ရှားသောဘုန်းကြီးကျောင်းများရှိ ရဟန်းများနှင့် ရင်းနှီးသော ဆက်ဆံရေးများ ရှိနေသည်ကို တွေ့ရှိရသည်။
ဘုန်းတော်ကြီး ဖရာသဲပ် ဝါချီရာသီရပုံ (Phra Thep Wachiratheeraporn) သည် Phra Phutthachai ကျောင်း၏ ယခင်ဆရာတော်ဖြစ်ပြီး ဂေါက်ဖ် ၏ မိတ်ဆွေများထဲမှ တစ်ဦးဖြစ်ကာ ကျောင်းပိုင်ငွေများကို ဂေါက်ဖ် အတွက် အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲခံရပြီး စစ်ဆေးမှုခံနေရသည်။
ဇူလိုင် ၁၂ ရက်တွင် ဖရာသဲပ်က ဘုန်းကြီးကျောင်း၏ အရေးကြီး ငွေကြေး စာရွက်စာတမ်းများကို ကျောင်းတိုက်၏ ဆရာတော်အသစ်ထံ လွှဲပြောင်း ပေးခဲ့ပြီး လူထွက်ခဲ့ကြောင်း၊ ဘုန်းကြီးကျောင်း၏ ပစ္စည်းများကို အလွဲသုံးစား မပြုခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ထို့အပြင် ၎င်းသည် ဂေါက်ဖ် နှင့် သာမန်ထက်ပိုသော ဆက်ဆံရေးရှိခဲ့ပြီး အိမ်ထောင်ပြုရန် စဉ်းစားခဲ့ ဖူးကြောင်း ဝန်ခံခဲ့သည်။
အခြားသော အကျင့်ပျက်ခြစားမှုတစ်ခုဖြစ်သည့် မေလတွင် Nakhon Pathom ပြည်နယ်ရှိ Wat Rai Khing ဘုန်းကြီးကျောင်း၏ သက်တော် ၇၀ အရွယ် ဆရာတော်သည် ငါးနှစ်အတွင်း ဒေါ်လာ ၈ သန်းကျော်ကို စီးပွားဖြစ် လောင်းကစားရန် အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် ထိုင်းရဲများထံ ကိုယ်တိုင်သွားရောက်အဖမ်းခံခဲ့သည်။ ရဲများသည် ၎င်းနှင့် အွန်လိုင်းလောင်းကစားအကောင့်များအကြား ဘတ်ငွေ ၅၀၀ သန်း (ဒေါ်လာ ၁၅ သန်းကျော်) တန်ဖိုးရှိ ငွေလွှဲပြောင်းမှုများကိုလည်း ရှာဖွေ တွေ့ရှိခဲ့သည်။
နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော Wat Rai Khing ဘုန်းကြီး ကျောင်းသည် Nakhon Pathom ပြည်နယ် ၊ Samphran ခရိုင်တွင် တည်ရှိပြီး ထိုင်းနိုင်ငံသားများနှင့် နိုင်ငံတကာခရီးသွားများ အများအပြား လာရောက်လည်ပတ်လေ့ရှိသော ထင်ရှားသည့် ဘုရားဖူးစခန်းတစ်ခု ဖြစ်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂