ဘရာဇီးလ်နိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဘီစီဂျီကာကွယ်ဆေး ငါးသိန်း Doses ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ
ရန်ကုန် ဇူလိုင် ၁၇
ဘရာဇီးလ်နိုင်ငံ ဘရာဇီးလ်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Brazilian Cooperation Agency-ABC)မှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုတစ်ရပ်အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ကိုးသောင်းခန့်တန်ဖိုးရှိ ဘီစီဂျီကာကွယ်ဆေး ငါးသိန်း Doses သည် ယမန်နေ့ညနေပိုင်းက MAI လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
အဆိုပါ ဘီစီဂျီကာကွယ်ဆေး (BCG vaccine) အားမွေးကင်းစ ကလေးငယ်များ မွေးဖွားပြီးသည်မှ ၂၄ နာရီအတွင်း ထိုးနှံပေးရန်လိုအပ်ပြီး မွေးဖွားပြီး ၂၄ နာရီအတွင်းမထိုးနှံနိုင်ပါက အသက်နှစ်လမတိုင်မီတွင်လည်းကောင်း၊ အသက်နှစ်လအရွယ်တွင် အခြားကာကွယ်ဆေးများနှင့် ပူးတွဲ၍လည်းကောင်းထိုးနှံခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ပြင်းထန်တီဘီရောဂါကာကွယ်ရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရန်အတွက် အထောက်အကူဖြစ်စေကြောင်း သိရသည်။
MOI