ကာကွယ်ဆေးများတွင်ပါဝင်သော အလူမီနီယံနှင့် ရေရှည်ကျန်းမာရေး ပြဿနာများကြား ဆက်စပ်မှုမရှိ
ကိုပင်ဟေဂင် ဇူလိုင် ၁၇
ကလေးဘဝ ကာကွယ်ဆေးများတွင် ပါဝင်သည့် အလူမီနီယံ သတ္တုဓာတ်နှင့် ရေရှည်ကျန်းမာရေးပြဿနာများကြားဆက်စပ်မှုမရှိကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ ဇူလိုင် ၁၆ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
ပိုမိုအားကောင်းသော ခုခံအားစနစ်တုံ့ပြန်မှုကို တည်ဆောက်ရာတွင် လူ့ကိုယ်ခန္ဓာကို ကူညီနိုင်ရေးအတွက် ကလေးများအတွက် ထုတ်လုပ်သည့် ရောဂါကာကွယ်ဆေးများ၌ အလူမီနီယံသတ္တုဓာတ်ကို ထည့်သွင်းလေ့ရှိသည်။
သို့ရာတွင် ၎င်းကာကွယ်ဆေးများ၌ ပါဝင်သည့် အလူမီနီယံသတ္တုဓာတ်များသည် အော်တစ်ဇင်ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါနှင့် ခုခံအားစနစ် ဖောက်ပြန်မှုရောဂါများကဲ့သို့ ရေရှည်ကျန်းမာရေးပြဿနာများနှင့် ဆက်စပ်နေနိုင်သည်ဟူသော အယူအဆများလည်း ပေါ်ထွက်လာခဲ့သည်။
သို့ရာတွင် ဒိန်းမတ်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကလေးဘဝထိုးနှံရသည့် ကာကွယ်ဆေးများတွင် ပါဝင်သည့် အလူမီနီယံ သတ္တုဓာတ်သည် အထက်ပါ ရေရှည်ကျန်းမာရေးပြဿနာများနှင့် ဆက်စပ်မှုမရှိကြောင်း သိရသည်။
ဒိန်းမတ် သုတေသနပညာရှင်များသည် ၁၉၉၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်ကြား မွေးဖွားခဲ့သော ကလေး ၁ ဒသမ ၂ သန်းကျော်တို့၏ အချက်အလက်များကို လေ့လာပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်သည်။
ရတနာပုံသတင်းစာ