ထိုင်းနိုင်ငံ၏ ‘Gold card’ ကျန်းမာရေးစောင့်ရှောက်မှုတွင် ကင်ဆာ ဝေဒနာရှင်များ၏ ခရီးစရိတ်ကိုပါ ထည့်သွင်းစီစဉ်ပေးထား

News Image

  • ထိုင်းနိုင်ငံ၏ ‘Gold card’ ကျန်းမာရေးစောင့်ရှောက်မှုတွင် ကင်ဆာ ဝေဒနာရှင်များ၏ ခရီးစရိတ်ကိုပါ ထည့်သွင်းစီစဉ်ပေးထား

ထိုင်းနိုင်ငံ၏ အထွေထွေကျန်းမာရေးအာမခံစနစ်ဖြင့် အဆင့်မြင့် ကင်ဆာ ကုသမှုခံယူမည့် လူနာများအတွက် အခမဲ့သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများရရှိမည်ဖြစ်ကြောင်း အစိုးရက ကြေညာခဲ့သည်။ အမျိုးသား ကျန်းမာရေး လုံခြုံမှုဘုတ်အဖွဲ့က "Gold card" အထွေထွေ ကျန်းမာရေး အာမခံစနစ် အတွက် ရန်ပုံငွေအား အတည်ပြုပေးခဲ့ပြီး ယခုအခါ အဆင့်မြင့် ဆေးရုံကြီးများတွင်သာရရှိနိုင်သော အဆင့်မြင့်ကင်ဆာကုသမှု (၃) မျိုးဖြစ်သည့်ပရိုတွန်ကုထုံး (proton therapy)၊ မျက်လုံးအတွင်းကင်ဆာအတွက်ရေဒီယိုသတ္တိကြွ ပလိပ်ကုထုံး (eye plaque brachytherapy) နှင့် စက်ရုပ်နည်းပညာဖြင့် ခွဲစိတ်ကုသခြင်း (robotic surgery) တို့ကို ခံယူရန် လိုအပ်သော လူနာများ၏ ခရီးစရိတ်ကို ထောက်ပံ့ပေးမည်ဖြစ်သည်။

"ယခင်က လူနာများစွာသည် ခရိုင်နယ်နိမိတ်ဖြတ်ကျော် သွားလာရခြင်း ၏ စရိတ်စကကြောင့် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပါသည်" ဟု အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ Sasikarn Wattanachan က ကြာသပတေးနေ့ (ဇူလိုင် ၁၆) တွင် ပြောကြားခဲ့သည်။ "အဆိုပါ အသစ် ဖြည့်စွက်ထားသော အကျိုးခံစားခွင့်သည် ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရုံသာမက လူနာများနှင့် မိသားစုများအတွက် အသက်ကယ် ကုသမှုများကို ပိုမိုလွယ်ကူစွာ ရရှိစေမည်ဖြစ်ပြီး ထိုင်းနိုင်ငံသားများ၏ ဘဝအရည်အသွေးကို မြှင့်တင်ရာတွင် အရေးပါသော ခြေလှမ်းတစ်ခုလည်း ဖြစ်ပါသည်"ဟု ဆိုသည်။

အဆိုပါစီမံကိန်းအရ အမျိုးသားကျန်းမာရေးလုံခြုံမှုရုံး (NHSO) သည် လူနာပို့ဆောင်ရေးဝန်ဆောင်မှုများနှင့် ကုသမှုခံယူမည့်ဆေးရုံများကို ချိတ်ဆက်ပေးသည့် ညှိနှိုင်းဆောင်ရွက်ရေးစနစ်တစ်ခုကို ထူထောင် ထားသည်။ ၎င်းတွင် ကင်ဆာလူနာများနှင့် မိသားစုဝင်များအား ၎င်းတို့ ၏နေအိမ်မှ အခမဲ့အများပြည်သူသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများသို့ ချိတ်ဆက်ပို့ဆောင်ပေးခြင်းလည်း ပါဝင်သည်။ ခရီးဆုံး ရောက်ရှိ ပါက ကုသမှုခံယူမည့်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်သည်။ ယင်းဝန်ဆောင်မှုသည် ကုသမှုတစ်လျှောက် သွားလာရန် လိုအပ်သော ခရီးစရိတ်အား ထောက်ပံ့ပေးမည်ဖြစ်ပြီး ယခုအခါတွင် စတင်လည်ပတ် နေပြီဖြစ်ကြောင်း Sasikarn Wattanachan က ပြောကြားခဲ့သည်။

"အစိုးရအနေဖြင့် နိုင်ငံသားအားလုံး တန်းတူညီမျှစွာ အသုံးပြုနိုင်ရန်အမျိုးသားကျန်းမာရေးလုံခြုံမှုစနစ်ကို မြှင့်တင်ရန် ဆုံးဖြတ်ထားပါသည်" ဟု သူမ က ဆိုသည်။ "အဆိုပါအစီအမံသည် ကင်ဆာလူနာများ၏ ဝန်ထုပ် ဝန်ပိုးများကို လျှော့ချပေးပြီး ယုံကြည်မှုတည်ဆောက်ကာ ၎င်းတို့၏ ဘဝ အရည်အသွေးကို အမှန်တကယ် မြှင့်တင်ပေးလိမ့်မည်ဟု မိမိတို့ ယုံကြည်ပါသည်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂