စင်ကာပူနိုင်ငံရှိ အပန်းဖြေစခန်းတွင် ကြီးကြပ်သူလိုက်ပါခြင်း မရှိသည့် မောင်းသူမဲ့ဘတ်စကား ပြေးဆွဲမည်

News Image

  • စင်ကာပူနိုင်ငံရှိ အပန်းဖြေစခန်းတွင် ကြီးကြပ်သူလိုက်ပါခြင်း မရှိသည့် မောင်းသူမဲ့ဘတ်စကား ပြေးဆွဲမည်

စင်ကာပူအစိုးရသည် မောင်းသူမဲ့ယာဉ်ပေါ်တွင် ခရီးသည်များ ဘေးကင်းရေးအတွက် ကြီးကြပ်ပေးမည့် လူလိုက်ပါခြင်း မရှိသည့် မောင်းသူမဲ့ဘတ်စကားအား ပြေးဆွဲခွင့်ပြု လိုက်ပြီဖြစ်သည်။

အဆိုပါ မောင်းသူမဲ့ဘတ်စကားပြေးဆွဲမည့် အစီအစဉ်အား စင်ကာပူ ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က မောင်းသူမဲ့ဘတ်စကားတွင် တပ်ဆင်ထားသည့်  ဘေးအန္တရာယ်ကင်းရှင်းရေး စနစ်များကို အသေးစိတ် စစ်ဆေးခဲ့ပြီးနောက် ဇူလိုင်လ ၁၇ ရက်တွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ကြီးကြပ်သူလိုက်ပါခြင်းမရှိသည့် မောင်းသူမဲ့ဘတ်စကား ပြေးဆွဲခွင့်ကို စင်ကာပူအစိုးရက ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းသည် အရှေ့တောင်အာရှဒေသတွင် ပထမဆုံးအကြိမ် ဖြစ်လာခဲ့ကြောင်း ကွေ့ကျိုးအခြေပြု WeRide ကုမ္ပဏီကပြောသည်။ အဆိုပါမောင်းသူမဲ့ ဘတ်စကားသည် ဆန်တိုဆာ အပန်းဖြေစခန်းတွင် ပြေးဆွဲသွားမည်ဖြစ်သည်။

ခရီးသည် ရှစ်ဦးလိုက်ပါ စီးနင်းနိုင်သည့် အဆိုပါမောင်းသူမဲ့ ဘတ်စကားတွင် ကင်မရာများ၊ ညကြည့်ဆင်ဆာများနှင့် အခြားနည်းပညာ အဆင့်မြင့်မားသည့်  ကိရိယာများတပ်ဆင်ထားသည်။

WeRide ကုမ္ပဏီသည် အဆိုပါမောင်းသူမဲ့ဘတ်စကား ပြေးဆွဲမှုကို ၂၀၂၄ ခုနှစ်၊ ဇွန်လမှ စတင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအချိန်က မောင်းသူမဲ့ဘတ်စကားတွင် ခရီးသည်များ ဘေးကင်းရေးအတွက် ကြီးကြပ်သူတစ်ဦးအား လိုက်ပါစေခဲ့သော်လည်း ၎င်းကြီးကြပ်သူအား နောက်ပိုင်းတွင် အစိုးရက ဖယ်ရှား ခွင့်ပြုခဲ့ခြင်းဖြစ်သည်။     

MWD Portal