အီးယူက ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်လိုက်ခြင်းက စံနှစ်မျိုး ကျင့်သုံးခြင်းဖြစ်ဟု အိန္ဒိယပြော
ရုရှားနိုင်ငံအပေါ် အီးယူက ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်လိုက်ခြင်းသည် စံနှစ်မျိုးကျင့်သုံးခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်ကြောင်းသိရသည်။
အီးယူအဖွဲ့၏ အဆိုပါလုပ်ဆောင်ချက်သည် ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အကျိုးစီးပွားအပေါ်သွယ်ဝိုက်၍ ပစ်မှတ်ထားခြင်းဖြစ်သောကြောင့် ထိုသို့သော တစ်ဖက်သတ် လုပ်ဆောင်ချက်မျိုးကို အိန္ဒိယက လက်ခံမည်မဟုတ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။
အိန္ဒိယအစိုးရသည် နိုင်ငံအတွင်းရှိ နိုင်ငံသားများ၏ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စွမ်းအင်ဖူလုံရေးကို ထည့်သွင်းစဉ်းစားလျက်ရှိသောကြောင့် စွမ်းအင်ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ စံနှစ်မျိုး အသုံးပြုခြင်းအပေါ် အိန္ဒိယနိုင်ငံက တောင်းဆိုသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
အိန္ဒိယအစိုးရ၏ တုံ့ပြန်မှုသည် အီးယူအဖွဲ့က ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အီးယူအဖွဲ့သည် ရုရှားနိုင်ငံ၏ စွမ်းအင်ကဏ္ဍမှ ရရှိသည့် ငွေကြေးများကို ထိန်းချုပ်နိုင်စေရန်အတွက် ပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပိတ်ဆို့မှုများတွင် ရုရှားနိုင်ငံ၏ ရေနံစိမ်းမှ ထုတ်လုပ်ထားသည့် ထုတ်ကုန်များအား တင်သွင်းခွင့်ကို ပိတ်ပင်သည့် ပိတ်ဆို့မှုအသစ်တစ်ရပ် ပါဝင်ကြောင်း သိရသည်။
ထို့ပြင် အီးယူအဖွဲ့သည် အိန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံး ပုဂ္ဂလိကပိုင်ရေနံချက် စက်ရုံဖြစ်သည့် ဂူဂျာရတ်ပြည်နယ်ရှိ နာယာရာစွမ်းအင် စက်ရုံကို ပထမဆုံးအကြိမ်အဖြစ် ပိတ်ဆို့မှုချမှတ်ခဲ့သည်။
အဆိုပါပိတ်ဆို့မှုအရ ရုရှားနိုင်ငံမှ ရေနံများအား သယ်ယူပို့ဆောင်ပေးသည့် အိန္ဒိယလောင်စာဆီတင် ရေယာဉ်များအပေါ် အီးယူက ပိတ်ဆို့မှုများ ချမှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
MWD Portal