အင်္ဂါဂြိုဟ်မှပဲ့ထွက်လာသည့် အကြီးမားဆုံး ဂြိုဟ်ပဲ့ကြီးအား ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့် စံချိန်တင်ရောင်းချ

News Image

  • အင်္ဂါဂြိုဟ်မှပဲ့ထွက်လာသည့် အကြီးမားဆုံး ဂြိုဟ်ပဲ့ကြီးအား ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့် စံချိန်တင်ရောင်းချ

အင်္ဂါဂြိုဟ်မှပဲ့ထွက်လာသည့် အကြီးမားဆုံး   ဂြိုဟ်ပဲ့အစိတ်အပိုင်းတစ်ခုအား ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့်  စံချိန်တင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဂြိုဟ်ပဲ့ကြီးကို   အမေရိကန်ပြည်ထောင်စုရှိ sotheby's လေလံကုမ္ပဏီမှ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျင်းပခဲ့သည့် လေလံပွဲတစ်ခု၌ ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဂြိုဟ်ပဲ့ကြီးသည် အလေးချိန်အားဖြင့် ၂၄ ဒသမ ၆၇ ကီလိုဂရမ်ရှိပြီး ၎င်းအား ဆာဟာရသဲကန္တာရရှိ နိုင်ဂျာနိုင်ငံအတွင်း၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက  ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

NWA 16788 ဟုအမည်ပေးထားသည့် အဆိုပါဂြိုဟ်ပဲ့ကြီးသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ဝင်တိုက်မှုကြောင့် အင်္ဂါဂြိုဟ်မျက်နှာပြင်မှ ပဲ့ထွက်လာခြင်းဖြစ်သည်။

ယခု  လေလံတင်ရောင်းချနိုင်ခဲ့သည့် အင်္ဂါဂြိုဟ်ပဲ့ကြီးသည် ကမ္ဘာမြေမျက်နှာပြင်ပေါ်သို့ ကျရောက်လာသည့် အဆိုပါဂြိုဟ်ပဲ့များထက် အရွယ်အစားအားဖြင့် ၇၀ ရာခိုင်နှုန်းခန့် ပိုမိုကြီးမားကြောင်း သိရသည်။

အဆိုပါ NWA 16788 ဂြိုဟ်ပဲ့ကြီး၏ ပိုင်ရှင်မှာ မည်သူဖြစ်ကြောင်း သို့မဟုတ် ဝယ်ယူသွားသူမှာ မည်သူဖြစ်ကြောင်းကို လေလံကုမ္ပဏီက ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

MWD  Portal