ဒေါင်လိုက်အတက်အဆင်းလုပ်ဆောင်နိုင်သည့် ကမ္ဘာ့ပထမဆုံးသော လျှပ်စစ်မောင်းသူမဲ့ လေယာဉ် သို့မဟုတ် CarryAll V2000CG လျှပ်စစ်လေယာဉ်
တရုတ်နိုင်ငံသည် ဒေါင်လိုက်အတက်အဆင်းလုပ်ဆောင်နိုင်သည့် ကမ္ဘာ့ပထမဆုံးသော လျှပ်စစ်မောင်းသူမဲ့လေယာဉ်တစ်စင်း (eVTOL) ကို နိုင်ငံအတွင်းမောင်းနှင် အသုံးပြု၊ ထုတ်လုပ်၊ မောင်းနှင်ခွင့်ပြုလိုက်ပြီဖြစ်သည်။
CarryAll V2000CG ဟုအမည်ပေးထားသည့် အဆိုပါကမ္ဘာ့ပထမဆုံးသော လျှပ်စစ် မောင်းသူမဲ့လေယာဉ်အား တရုတ်လျှပ်စစ် လေယာဉ်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Autoflight က တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အဆိုပါကုမ္ပဏီသည် လေယာဉ်ထုတ်လုပ်ရန်နှင့် ပျံသန်းရာတွင် ဘေးကင်းမှုရှိကြောင်း ထောက်ခံချက်များ ရရှိပြီးဖြစ်သည်။
ထို့ကြောင့် အစိုးရထံမှ ယခုကဲ့သို့ ထောက်ခံချက်များနှင့် ခွင့်ပြုချက်များရရှိခြင်းသည် လာမည့် အနာဂတ်ကာလတွင် ခရီးသည်တင်လေကြောင်းခရီးစဉ်များ ပြေးဆွဲနိုင်မည့် အခွင့်အလမ်းများကို ထွက်ပေါ်လာစေခဲ့ကြောင်း Autoflight ကုမ္ပဏီက ပြောသည်။
CarryAll V2000CG လေယာဉ်သည် မောင်းသူမဲ့လျှပ်စစ်လေယာဉ်အမျိုးအစားဖြစ်ပြီး ထွက်ခွာပျံသန်းချိန်တွင် အများဆုံး အလေးချိန်အဖြစ် မက်ထရစ်တန် နှစ်တန် ၄၄၀၀ ပေါင်ခန့်အထိ သယ်ဆောင် နိုင်မည်ဖြစ်သည်။ ထို့ပြင် တစ်နာရီလျှင် ၁၂၄ မိုင် (၂၀၀ ကီလိုမီတာ)အရှိန်နှုန်းဖြင့် မောင်းနှင်ပျံသန်းနိုင်သည်။
ယခုထုတ်လုပ်လိုက်သည့် မောင်းသူမဲ့ လျှပ်စစ်လေယာဉ်ကို ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း၊ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ခြင်းနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ကယ်ဆယ်ခြင်း စသည့် လုပ်ငန်းများတွင် ကောင်းစွာအသုံးပြုနိုင်ကြောင်း Autoflight ကုမ္ပဏီက ပြောကြားထားသည်။
Ref: Cd
MWD Web Portal