၂၀၂၅-၂၀၂၈ ခုနှစ်ကာလအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် လက်မှတ်ရေးထိုး
နေပြည်တော် ဇူလိုင် ၂၉
၂၀၂၅ -၂၀၂၈ ခုနှစ် ကာလအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်- Programme of Cooperation (POC) in Science and Technology လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၂၁) သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့်အတူ ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr Abhay Thakur နှင့်အတူ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် အိန္ဒိယသံအမတ်ကြီး Mr Abhay Thakur တို့က သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို လက်မှတ်ရေးထိုးကြသည်။
အဆိုပါ Programme of Cooperation (POC) ကို ၂၀၁၂-၂၀၁၅ ခုနှစ်နှင့် ၂၀၁၈-၂၀၂၁ ခုနှစ်တို့အတွက် လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်ကာလအတွင်း သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်ရည်ရွယ်၍ လက်မှတ်ရေးထိုးချုပ်ဆိုခြင်းဖြစ်သည်။
အဆိုပါ POC ကို လက်မှတ်ရေးထိုးခြင်းဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာနယ်ပယ်များအထူးသဖြင့် အစားအသောက်၊ ဆေးဝါးနှင့်စိုက်ပျိုးရေးအပါအဝင် ဇီဝနည်းပညာ၊ နာနိုနည်းပညာ၊ Smart University အတွက် နည်းပညာများ၊ အစိမ်းရောင်နည်းပညာများ၊ စက်ရုပ်နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာနှင့် Blockchain နည်းပညာ၊ Virtual Reality နှင့် Augmented Reality (3D ပုံရိပ်ဖော်နည်းပညာများ)၊ Advanced Material Science၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်ကားနည်းပညာ၊ ဓာတ်သတ္တုကဏ္ဍ၊ Geospatial Technology နှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ မဟာဗျူဟာစီမံကိန်းများ လေ့လာဆန်းစစ်အကဲဖြတ်ခြင်း နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
MOI