၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ထရမ့်အစိုးရအဖွဲ့က အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို နှစ်ဦးနှစ်ဖက်လျှော့ချမှုများပြုလုပ်ရန် ကြေညာခဲ့သည်။ ၎င်းတွင် အမေရိကန်က အကောက်ခွန်နှုန်းထားများကို ၁၄၅% မှ ၃၀% အထိ လျှော့ချခြင်း (ကဏ္ဍ အလိုက်နှင့် Section 301 အကောက်ခွန်များအပါအဝင်) နှင့် တရုတ်နိုင်ငံက အမေရိကန်ကုန်ပစ္စည်းများအတွက် ၁၂၅% မှ ၁၀% အထိ လျှော့ချခြင်း တို့သာမက ထရမ့်က “လွတ်မြောက်ရေးနေ့” ဟု ကြေညာအပြီး တရုတ်နိုင်ငံက ချမှတ်ထားသော အရေးကြီးသတ္တုတင်ပို့မှု ကန့်သတ်ချက်များကိုပါ ဖြေလျှော့ပေးခြင်းတို့ ပါဝင်သည်။
အသေးစိတ်ကိစ္စများစွာ မဖြေရှင်းရသေးသော်လည်း ဤအကောက်ခွန်လျှော့ချမှုသည် ငွေကြေးဖောင်းပွမှုကို သက်သာစေရန်နှင့် စီးပွားရေးအလားအလာများကို မြှင့်တင်ရန် အထောက်အကူဖြစ်စေမည့် ကြိုဆိုဖွယ်ခြေလှမ်းတစ်ရပ်ဖြစ်သည်။ သို့ရာတွင် မြင့်မားနေဆဲကုန်ကျစရိတ်များ၊ ပျက်ယွင်းနေသော ထောက်ပံ့ရေးကွင်းဆက်များ၊ မြင့်တက်လာသည့် မရေရာမှုများနှင့် မဟာမိတ်နိုင်ငံများအပေါ် အမေရိကန်၏ယုံကြည်စိတ်ချရမှု ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်သော အကျိုးဆက်များကို ဤအစီအမံက ပြန်လည်ကုစားနိုင်မှုမရှိသေးပါ။ ယာယီဖြေရှင်းချက်များ၊ ဗျူဟာလွဲချော်မှုများနှင့် အဆက်မပြတ်မတည်ငြိမ်မှုများဖြင့် အရောင်းအဝယ်မူဝါဒအပေါ် ဆက်လက် မှီခိုနေရခြင်းသည် ရေရှည်စီးပွားရေးခံနိုင်ရည်နှင့် အမေရိကန်၏ ကမ္ဘာ့ဦးဆောင်မှုအခန်းကဏ္ဍတို့အပေါ် ဆက်လက်ထိခိုက်စေပြီး စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ကုန်ကျစရိတ် များစွာ ဆက်လက်ဖြစ်ပေါ်နေစေသည်။
ဦးတည်ချက်မှန်ကန်သည့် ခြေလှမ်းတစ်ရပ်…..
ပထမဆုံးအချက်မှာ ယနေ့အကောက်ခွန်နှုန်းထားများသည် မနေ့ကထက် လျော့နည်းနေပြီး ဤအချက်မှာ ငြင်းဆန်၍မရသော အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ရပ်ပင်ဖြစ်သည်။ရေလတ်ကာလတွင် ဤလျှော့ချမှုသည် အမေရိကန်၏ ငွေကြေးဖောင်းပွမှုဖိအားကို သက်သာ စေရန်၊ စီးပွားရေးကျဆင်းမှုမဖြစ်အောင်တားဆီးနိုင်ခြေမြှင့်တင်ရန်နှင့် တရုတ်နှင့် နည်းဗျူဟာ ကျကျယှဉ်ပြိုင်နိုင်ရန်အတွက် လိုအပ်သောမတည်ရင်းနှီးမြှုပ်နှံမှုများကို အားဖြည့်ရန် အထောက်အကူ ဖြစ်စေမည်။ လွန်ခဲ့သည့် ၂၄ နာရီအတွင်းရှိခဲ့သည့်အခြေအနေနှင့် နှိုင်းယှဉ်ပါက ဤသည်မှာ အမှန်တကယ်တိုးတက်မှုတစ်ရပ်ဟုဆိုရမည်။
….သို့သော် ထိခိုက်မှုများ ရှိနှင့်ပြီ
အကောက်ခွန်နှုန်းလျှော့ချမှုကို ကြိုဆိုသော်လည်း တစ်လကျော်ကြာ အကောက်ခွန်ဒဏ် သင့်ခဲ့ရသည်။ တင်သွင်းကုန်များအပေါ်မှီခိုနေရသည့် အမေရိကန်လုပ်ငန်းစုများသည် ဤမြင့်မားသောကုန်ကျစရိတ်များကို ခံစားရခြင်း (သို့မဟုတ်) ဝယ်ယူမှုနှောင့်နှေးခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ ဤအခြေအနေသည် လုပ်ငန်းစုများနှင့် စားသုံးသူများအတွက် ချက်ချင်းအထိနာစေခဲ့ပြီး အနာဂတ် ကာလတွင် ဈေးနှုန်းမြင့်မားမှုများနှင့် ကုန်ပစ္စည်းရှားပါးမှုများ ဖြစ်နိုင်ခြေအတွက် အခြေခံဖြစ်စေ ခဲ့ကာရေရှည်တွင် အလုပ်အကိုင်ရှားပါးမှုနှင့် ထုတ်လုပ်မှုကျဆင်းမှုများကို ဦးတည်စေခဲ့သည်။ လတ်တလောသုတေသနများက ဤအချက်ကိုထောက်ခံထားပြီး အထူးသဖြင့် “လွတ်မြောက်ရေးနေ့”တွင်ပြဋ္ဌာန်းခဲ့သည့် အမေရိကန်အကောက်ခွန်များသည် ၂၀၂၈ ခုနှစ်မတိုင်မီ တစ်နှစ်လျှင် အမေရိကန်၏ အမှန်ဝင်ငွေကို ဒေါ်လာ ၃၀၀ ဘီလီယံအထိ လျော့ကျစေမည်ဟု ခန့်မှန်းထားသည်။
မြင့်မားနေဆဲ အကောက်ခွန်နှုန်းထား
ယာယီလျှော့ချမှုအပြီးတွင်ပင် အမေရိကန်အကောက်ခွန်နှုန်းထားများသည် လူမှုဖူလုံရေး အမြင့်ဆုံးအဆင့်ထက် သိသိသာသာမြင့်မားနေဆဲဖြစ်ကြောင်း စီးပွားရေးပညာရှင်အများစုက သုံးသပ်ကြသည်။ အမျိုးသားစီးပွားရေးသုတေသနဌာန (NBER) မှ လတ်တလောထုတ်ဝေသည့် အစီရင်ခံစာတွင် အကောင်းဆုံးအကောက်ခွန်ပုံစံသည် ယခုထက် နည်းပါးသောနှုန်းထားနှင့် အလယ်အလတ်တန်းကုန်ပစ္စည်းများနှင့်ဝေးရာသို့ ပြန်လည်သတ်မှတ်ခြင်းတို့ ပါဝင်သင့်ကြောင်း တိုက်တွန်းထားသည်။ ထိုသို့သောပုံစံသည် ပြည်တွင်းထုတ်လုပ်သူများ၏ ကုန်ကျစရိတ်ကိုလျှော့ချ ပေးနိုင်ခြင်း၊ အမေရိကန်ထုတ်ကုန်များ၏ ကမ္ဘာ့စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ခြင်း၊ ပြည်တွင်း၌ ထုတ်လုပ်မှုစွမ်းရည်နှင့် ဝင်ငွေတိုးတက်စေခြင်း စသည့် အလားအလာကောင်းများစွာ ရရှိစေမည်။ လက်ရှိအကောက်ခွန်ပုံစံရှိ ဤထိရောက်မှုမရှိသော အချက်တစ်ခုတည်းကိုပင်ပြုပြင်ပါက ဝင်ငွေများ သိသာစွာတိုးမြင့်လာစေနိုင်ကြောင်း အထောက်အထားများက ဖော်ပြနေသည်။
လက်ရှိအခြေအနေအရ ထရမ့်လက်ထက် အကောက်ခွန်၏ ၆၀% နီးပါးသည် ဗျူဟာမြောက်ပြိုင်ဘက်များ၏ ကုန်ချောပစ္စည်းများထက် အမေရိကန်လုပ်ငန်းစုများတွင် အသုံးပြုသော ကုန်ကြမ်းများကိုဦးတည်နေသည်။ ဤအခြေအနေသည် ပြည်တွင်းထောက်ပံ့ရေးကွင်းဆက်များကို ထိခိုက်စေပြီး ဗျူဟာမြောက်အကျိုးကျေးဇူးမှာမူ အနည်းငယ်သာရှိသည်။ အကောက်ခွန်နှုန်းလျှော့ချပြီး နောက်ပိုင်းတွင်ပင် အများအပြား ဆက်လက်ထိခိုက်နေဆဲဖြစ်သည်။
စီးပွားရေးအပေါ် မရေရာမှုဒဏ် သက်ရောက်မှု
အရေးကြီးသည်မှာ ယခုအကောက်ခွန်နှုန်းလျှော့ချမှုသည် အမြဲတမ်းအတွက်မဟုတ်ပါ။ ကုန်သွယ်ရေးအဟန့်အတားများကို လျှော့ချရန်အတွက် “ဘုံအကျိုးစီးပွား”အကြောင်း ထုတ်ပြန်ချက်များရှိသော်လည်း နှစ်ဖက်စလုံးသည် ရက် ၉၀ တိုးမြှင့်ရန် သဘောတူညီမှုသာရရှိခဲ့သည်။ လုပ်ငန်းစုများသည် ကုန်ကြမ်းရေရှည်ရရှိရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအစီအမံများ ချမှတ်ရန် ကြိုးစားနေစဉ် မရေရာသည့်အခြေအနေတွင် ဆိုင်းငံ့နေရဆဲဖြစ်သည်။ ဤ “ရပ်လိုက်-ပြန်စလိုက်” ချဉ်းကပ်မှုသည် မတည်ငြိမ်မှုနှင့် မရေရာမှုများကို ဆက်လက်ဖြစ်ပေါ်စေကာ ရင်းနှီးမြှုပ်နှံမှုများအပေါ် ဝန်ထုပ်ဝန်ပိုးသဖွယ် သက်ရောက်နေသည်။ အကောက်ခွန်မူဝါဒ၏ မတည်ငြိမ်သော အပြောင်းအလဲများအပေါ် ရင်းနှီးမြှုပ်နှံမှု၏အခြေခံအကျိုးအမြတ်များ မူတည်နေပါက လုပ်ငန်းစု များသည် အမေရိကန် သို့မဟုတ် တရုတ်တွင် ငွေကြေးရင်းနှီးမြှုပ်နှံရန် ယခင်ကထက် စိတ်အား ထက်သန်မှု နည်းပါးလာမည်ဖြစ်သည်။
ဤအလွန်ရှင်းလင်းသောအချက်ကို Handley နှင့် Limão (၂၀၁၇) အပါအဝင် ပညာရပ် ဆိုင်ရာလေ့လာချက်များက အတည်ပြုထားသည်။ ၎င်းတို့၏သုတေသနအရ ကုန်သွယ်ရေးမူဝါဒ မတည်ငြိမ်မှုသည် အကောက်ခွန်နှုန်းထားများကဲ့သို့ပင် ရင်းနှီးမြှုပ်နှံမှုကိုဆိုးရွားစွာထိခိုက်စေ နိုင်သည်။ အထူးသဖြင့် မော်တော်ယာဉ်၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အဆင့်မြင့်ကုန်ထုတ်လုပ်ငန်းကဲ့သို့သော အရင်းအနှီးများပြားသည့် စက်မှုကဏ္ဍများတွင် မတည်ငြိမ်မှုသည် စီမံကိန်းရေးဆွဲခြင်း အတွက် အပိုအခွန်သဖွယ် သက်ရောက်မှုရှိသည်။
ယုံကြည်အားထားရမှု ယုတ်လျော့လာခြင်းသည် အန္တရာယ်ရှိသည်
အစိုးရအဖွဲ့က ကုန်သွယ်ရေးလက်တုံ့ပြန်မှုများနောက်တွင် အကျိုးဆက်များရှိလာမည်ဟု သတိပေးခဲ့သည်။ သို့သော် တရုတ်၏ တန်ပြန်မှုနောက်ပိုင်းတွင် ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းက မြင်တွေ့ခဲ့ရသည့် အကောက်ခွန်နှုန်းထက် ပိုမိုနိမ့်ကျသောနှုန်းဖြင့် ပေါ်ထွက်လာသည်။ ဤဖြစ်စဉ်သည် အစိုးရအဖွဲ့၏ သဘောထားဖြစ်သည့် “ကုန်သွယ်ရေးအငြင်းပွားမှုများတွင် အဆင့်မြှင့် တုံ့ပြန်မှုဖြင့် အမြဲနိုင်ရမည်” ဆိုသည့် ချဉ်းကပ်မှုကို အားနည်းစေခဲ့သည်။ ယခုအခါ ထိုအချက်သည် မှားယွင်းကြောင်း ထင်ရှားခဲ့ပြီး အမေရိကန်၏ ယုံကြည်အားထားရမှုသည်လည်း ပိုမိုအားနည်းလာ ခဲ့သည်။
အစိုးရအဖွဲ့၏ရည်မှန်းချက်များကို ထိခိုက်စေပြီး သာမန်အမေရိကန်ပြည်သူများအတွက် အန္တရာယ်ရှိစေသည့် စံမမှီ၊ လက်တွေ့အကောင်အထည်မဖော်နိုင်သော ခြိမ်းခြောက်မှုအခြေခံ ကုန်သွယ်ရေးမူဝါဒသည် အကျိုးမရှိရုံသာမက ပြောင်းပြန်အကျိုးဆက်ကိုပါ ဖြစ်ပေါ်စေခဲ့သည်။ အကယ်၍ အစိုးရအဖွဲ့သည် နောက်ဆက်တွဲအကျိုးဆက်များကို ပဓာနမထားဘဲ ခြိမ်းခြောက်မှု တစ်ရပ်ကိုလိုက်နာခြင်းဖြင့် မိမိတို့၏ယုံကြည်အားထားရမှုကို ပြန်လည်ရယူရန်လိုအပ်သည်ဟု ခံစားမိပါက မည်သို့ဖြစ်လာနိုင်သနည်း။
ပြိုင်ဘက်များကို အခွင့်အရေးပေး၍ မိတ်ဘက်များနှင့် ကင်းကွာလာ
ယုံကြည်အားထားရမှုနောက်တွင် အစိုးရအဖွဲ့သည် ကာလရှည်မိတ်ဘက်များ၏ ယုံကြည်မှုများကိုပါ ကုန်ခမ်းစေခဲ့သည်။ ဗြိတိန်နှင့်သဘောတူညီမှုအရ အမေရိကန်သုံးစွဲသူများအတွက် Land Rover နှင့် Jaguar ကားများ၏စျေးနှုန်းကို လျှော့ချပေးခဲ့သော်လည်း များပြားသောအလုပ်သမား လူတန်းစားအတွက် အထောက်အကူဖြစ်စရာသည် မရှိသလောက်ပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အခြားမိတ်ဘက်နိုင်ငံများက “ငါတို့နှင့်ဆက်ဆံ၊ မဟုတ်လျှင်ဒုက္ခခံ” ဆိုသည့် စီးပွားရေး ဖိအားပေးမှုနည်းလမ်းကို ပိုမိုမြင်တွေ့လာရသည်နှင့်အမျှ စိတ်ပျက်လာကြသည်။
ဤချဉ်းကပ်မှုသည် အမေရိကန်၏ဂုဏ်သတင်းကို ထိခိုက်စေပြီး ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို ယုတ်လျော့စေသည်။ Freund, Mattoo, Mulabdic နှင့် Ruta (၂၀၂၃) ၏ လေ့လာမှုအရ အမေရိကန်နှင့်တရုတ်တို့အနေဖြင့် ကုန်သွယ်ရေးကို လက်နက်အဖြစ်အသုံးပြုလာသည်နှင့်အမျှ တတိယနိုင်ငံများက ကိုယ်ပိုင်ကာကွယ်ရေးနည်းလမ်းများ စတင်ကျင့်သုံးလာကြသည်။ ၂၀၁၈ နောက်ပိုင်း ကုန်သွယ်ရေးစီးဆင်းမှုများကို ၎င်းတို့၏ဆန်းစစ်ချက်အရ “မူဝါဒဆိုင်ရာ ကွဲပြားမှုများ” တိုးပွားလာသည်ကိုတွေ့ရပြီး ထောက်ပံ့ရေးကွင်းဆက်များကို စွမ်းဆောင်ရည်ထက် ယုံကြည်စိတ်ချရမှုအပေါ်အခြေခံ၍ ပြောင်းလဲလာကြသည်။
၂၀၁၈ ခုနှစ်မှစ၍ ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂတို့သည် အမေရိကန်ပါဝင်မှု မရှိသည့် ဒေသတွင်းကုန်သွယ်ရေးသဘောတူညီချက်များကို တိုးချဲ့လာကြသည်။ အမေရိကန်သည် မိမိ၏မိတ်ဘက်များကို ပြိုင်ဘက်များထက် ပိုမိုကြမ်းတမ်းစွာ ဆက်လက်ဆက်ဆံနေပါက ဤအလားအလာသည် ပိုမိုမြန်ဆန်စွာ ဖြစ်ပေါ်လာမည်သာဖြစ်သည်။
အမှန်တရားနှစ်ခု တစ်ပြိုင်တည်း
အစိုးရအဖွဲ့၏ အခြားသောကပြောင်းကပြန်ဆောင်ရွက်မှုများကဲ့သို့ပင် ယခုအကောက်ခွန်နှုန်း လျှော့ချခြင်းသည် အမှန်တရားနှစ်ခုကို တစ်ပြိုင်တည်းလက်ခံရန် လိုအပ်ပါသည်။ ပထမအချက်မှာ ယင်းသည် ပျက်စီးစေသောမူဝါဒအတွက် လိုအပ်ပြီး နောက်ကျနေသည့် ပြုပြင်မှုတစ်ခုဖြစ်သည်။ ဒုတိယအချက်မှာ ဤကပြောင်းကပြန်ဆောင်ရွက်မှုများ၏ အကျိုးဆက်များအနေဖြင့် ပိုမိုမြင့်မား သောငွေကြေးဖောင်းပွမှု၊ အားနည်းသောရင်းနှီးမြှုပ်နှံမှုနှင့် တင်းမာလာသော မိတ်ဘက်ဆက်ဆံရေး တို့သည် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။
တဖြည်းဖြည်းပေါ်ထွက်လာသော အထောက်အထားများက ပုံစံတူဇာတ်လမ်းတစ်ပုဒ်ကို ဖော်ပြနေသည်။ နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ချမှတ်သော အကောက်ခွန်နှုန်းမြှင့်တင်မှုများသည် ရေတိုရည်မှန်းချက်များအတွက် အသုံးဝင်ကောင်းဝင်နိုင်သော်လည်း ၎င်းတို့သည် ရေရှည်စီးပွားရေး ခံနိုင်ရည်ကို အားနည်းစေပြီး အဖွဲ့အစည်းများကို ထိခိုက်စေကာ အမေရိကန်၏ကမ္ဘာ့ဦးဆောင်မှု အခန်းကဏ္ဍကို ယုတ်လျော့စေသည်။ မတည်ငြိမ်မှု၏တန်ဖိုးသည် မြင့်မားပြီး ဆက်လက်တိုးမြင့် နေဆဲဖြစ်သည်။
စားသုံးသူကို ထည့်သွင်းစဉ်းစားပါ
မျှော်လင့်ရသည်မှာ ဤအကောက်ခွန်လျှော့ချမှုသည် အစိုးရအဖွဲ့အနေဖြင့် အမေရိကန် စားသုံးသူများ၏အရေးပါမှုကို ပြန်လည်သတိရလာနိုင်ခြေရှိသည်ဆိုသည့် အရေးကြီးသောအချက်ကို ညွှန်ပြနေပါသည်။ ဧပြီ ၂ ရက်နေ့မှစ၍ အမေရိကန်ပြည်သူများကို ကုန်ထုတ်လုပ်သူများအဖြစ်သာ တစ်ဖက်သတ်ဖော်ပြသည့် စိုးရိမ်ဖွယ်ရာကြေညာချက်များ အဆက်မပြတ်ထွက်ပေါ်နေခဲ့သည်။ ထိုသို့ဆိုလျှင် ဤကုန်ပစ္စည်းများကို မည်သူစားသုံးနိုင်မည်ကို စိုးရိမ်စရာမလိုဟု ဆိုလိုနေပါသည်။
ဤသတင်းစကားသည် အစိုးရအဖွဲ့ဝင်များ ရွေးကောက်ပွဲမဲဆွယ်ကာလက ကတိပေးခဲ့သည့် အာမခံချက်များနှင့် ကိုက်ညီမှုမရှိပါ။ သို့သော် ဤမူဝါဒပြောင်းလဲမှုသည် အခြေခံသဘောတရား တစ်ရပ်ကို ပြန်လည်အတည်ပြုရန် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။ အစိုးရ၏တာဝန်မှာ ပြည်သူများ၏ လူမှုစီးပွားအခြေအနေကို မြှင့်တင်ပေးရန်ဖြစ်သည်။ ဆိုလိုသည်မှာ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်ဖြစ်ပြီး နိမ့်ကျစေရန် မဟုတ်ပါ။
ထို့ကြောင့် အနည်းငယ်မျှော်လင့်ချက်ရှိသည့်အချက်ဖြင့် အဆုံးသတ်ရပါလျှင် ကုန်သွယ်ရေး ပဋိပက္ခများ ယခုခေတ္တရပ်နားထားသည့်အချိန်တွင် အစိုးရအဖွဲ့သည် နဂိုမူလအလုပ်အကိုင်များ ပြန်လည်ရရှိရေးအတွက် အမေရိကန်စားသုံးသူများကို ဒုက္ခပေးသည့်နည်းလမ်းမှာ အကောင်းဆုံး ရွေးချယ်မှုမဟုတ်ကြောင်း ပိုမိုလက်ခံလာဟန်ရှိပါသည်။ ဤသည်မှာ ကောင်းမွန်သောအချက်တစ်ခုပင် ဖြစ်ပေသည်။
Center for Strategic and International Studies (CSIS) တွင် စာရေးသူ Philip Luck ရေးသား ထားသည့် “Understanding the Temporary De-Escalation of the US-China Trade War” ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ပြန်ဆိုထား ပါသည်။
၂၀၂၅ ခုနှစ်ဟာ အနောက်နိုင်ငံတွေအတွက် ရွေးကောက်ပွဲနှစ်လို့ ပြောလို့ရပါတယ်။ နှစ်တစ်ဝက်မကျိုးသေးဘူး။ ဥရောပတိုက်က ဂျာမနီ၊ မြောက်အမေရိကတိုက်က ကနေဒါနဲ့ သြစတြေးလျနိုင်ငံတို့ရဲ့ ဗဟိုအဆင့်၊ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံမှာလည်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် အစောပိုင်းမှာ အနိုင်ရသူ ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကြီးအပြီး ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာရွေးကောက်ပွဲတွေ အထူးသဖြင့် အနောက်နိုင်ငံ ရွေးကောက်ပွဲတွေမှာ ထရမ့်လိုလားတဲ့ နိုင်ငံရေးပါတီ ဒါမှမဟုတ် ထရမ့်ပုံစံနိုင်ငံရေးသမား၊ ထရမ့်ဆန့်ကျင်တဲ့ နိုင်ငံရေးပါတီ ဒါမှမဟုတ် ထရမ့်နဲ့ ခပ်လှမ်းလှမ်းနေတဲ့ နိုင်ငံရေးသမားဆိုပြီး ရွေးကောက်ပွဲလေ့လာသုံးသပ်သူတွေက စိစစ်သုံးသပ်မှုတွေ ပြုလာကြပါတယ်။
အချို့ရွေးကောက်ပွဲတွေဆို ထရမ့်ဗဟိုပြုရွေးကောက်ပွဲတွေလို့တောaင် ဖြစ်နေတယ်။ ရွေးကောက်ပွဲမှာ ထရမ့်ရဲ့ပုံရိပ်က အတော်လွှမ်းမိုးတယ်ပေါ့။ ယေဘုယျအနောက်နိုင်ငံတွေမှာ ထရမ့်ကို မနှစ်မြို့တာကြောင့် ထရမ့်အယူအဆအချို့နဲ့ ဆင်တူရင်ကိုပဲ အချို့နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေဟာ ထရမ့်နဲ့ပေးစားခြင်းခံကြရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ၊ လပိုင်းတွေက ကျင်းပပြုလုပ်ခဲ့တဲ့ ဂျာမနီ၊ ကနေဒါနဲ့ သြစတြေးလျ ရွေးကောက် ပွဲတွေမှာ ထရမ့်ကို မထောက်ခံတဲ့ နိုင်ငံရေးပါတီတွေ အောင်ပွဲခံခဲ့ကြပြီး ထရမ့်နဲ့ ပေးစားခံရတဲ့ နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေးသမားတွေ အရှုံးနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။
Reform UK ပါတီက အပြတ်အသတ်အနိုင်ရ
ဒါပေမဲ့ ၂၀၂၅ ခုနှစ် မေလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အင်္ဂလန်ရွေးကောက်ပွဲကတော့ နည်းနည်းထူးခြားပါတယ်။ ထူးခြားတယ်ဆိုတာ ရွေးကောက်ပွဲမှာ အင်္ဂလန် (ယူနိုက်တက်ကင်းဒမ်း) ရဲ့ ဒေါ်နယ်ထရမ့်လို့ လူသိများပြီး ထရမ့်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့ Nigel Farage ဦးဆောင်တဲ့ Reform UK ပါတီက အပြတ်အသတ်အနိုင်ရသွားခဲ့ပါတယ်။ အခုရွေးကောက်ပွဲက ဗဟိုအဆင့်ရွေးကောက်ပွဲတော့မဟုတ်ပါဘူး။ ဒေသန္တရနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေပဲ ဖြစ်ကြပါတယ်။
သူတို့ဆီက ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေဟာ ဗဟိုအဆင့်ရွေးကောက်ပွဲတွေလိုပဲ အရေးပါပါတယ်။ သူတို့ဆီမှာ ရွေးကောက်ပွဲတွေက ပုံစံအမျိုးမျိုးရှိပါတယ်။ (ဗဟိုအဆင့်) အထွေထွေရွေးကောက်ပွဲ (General election)၊ ကြားဖြတ်ရွေးကောက်ပွဲ (By-election)၊ ဒေသန္တရရွေးကောက်ပွဲ (Local government)၊ မြို့တော်ဝန်ရွေးကောက်ပွဲ (Local mayors, Mayor of London & London Assembly) စသဖြင့် ရှိပါတယ်။
ဒါ့အပြင် စကော့တလန်ပါလီမန်ရွေးကောက်ပွဲ (Scottish Parliament)၊ မြောက်အိုင်ယာလန် ရွေးကောက်ပွဲ (Northern Ireland Assembly)၊ ဝေလပြည်နယ်ရွေးကောက်ပွဲ (Welsh Parliament) စသဖြင့် ရှိပါတယ်။ သိကြတဲ့အတိုင်း ယူနိုက်တက်ကင်းဒမ်းနိုင်ငံဆိုတာ အင်္ဂလန်(England)၊ စကော့ တလန် (Scotland)၊ ဝေလ (Wales)နှင့် အိုင်ယာလန်မြောက်ပိုင်း (Northern Ireland) စတဲ့ သီးခြားနယ်ပယ်ဒေသကြီးလေးခုနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ နာမည်အပြည့်အစုံက United Kingdom of Great Britain and Northern Ireland ဖြစ်ပါတယ်။ ယူကေ (UK) လို့ အတိုကောက်ခေါ်ကြပါတယ်။ အခု ရွေးကောက်ပွဲတွေဟာ ယူကေနိုင်ငံရဲ့ အဓိကအစိတ်အပိုင်းကြီးတစ်ခုဖြစ်တဲ့ အင်္ဂလန်မှာ ပြုလုပ်တဲ့အတွက် နိုင်ငံတကာမီဒီယာတွေက အင်္ဂလန်ဒေသန္တရနဲ့ ကြားဖြတ်ရွေးကောက်ပွဲ (English local elections or England by-election) စသဖြင့် ဝိဂြိုဟ်ပြုကြပါတယ်။
အဓိကယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီများ
အခု ၂၀၂၅ အင်္ဂလန် ရွေးကောက်ပွဲမှာ အဓိကယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေကတော့ လက်ရှိအာဏာရလေဘာပါတီ (Labour Party)၊ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီ (Conservative Party)၊ ပါတီသစ်တစ်ခုဖြစ်တဲ့ လက်ယာအမျိုးသားရေးအယူကိုင်စွဲတဲ့ Reform UK ပါတီ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (Liberal Democrats) နဲ့ သဘာဝပတ်ဝန်းကျင်ပါတီ (Green Party) တို့ဖြစ်ပြီး အင်္ဂလန်တစ်ဝန်းဒေသဆိုင်ရာကောင်စီ (local councils) ၂၃ ခုမှာရှိတဲ့ နေရာ ၁၆၀၀ ကျော်နဲ့ မြို့တော်ဝန် (regional mayors) ခြောက်နေရာအပြင် အောက်လွှတ်တော် (House of Commons) လစ်လပ်မဲဆန္ဒနယ်တစ်နေရာတို့မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။
နောက်ဆုံးရလဒ်တွေအရ Reform UK ပါတီဟာ ဒေသဆိုင်ရာကောင်စီ ၆၇၇ နေရာ၊ လစ်ဘရယ်ဒီမိုကရက်တွေကနေရာ ၃၇၀၊ ကွန်ဆာဗေးတစ်က ၃၁၉ နေရာ၊ လေဘာက ၉၈ နေရာ၊ ဂရင်းက ၇၉ နေရာနဲ့ ကျန်တာတွေက တစ်သီးပုဂ္ဂလိကတွေ၊ အခြားအဖွဲ့အစည်းတွေက နိုင်ပါတယ်။ မြို့တော်ဝန်ရွေးကောက်ပွဲမှာလည်း Reform UK ပါတီက နှစ်နေရာနိုင်ပြီး လူစိတ်အဝင်စားဆုံးဖြစ်တဲ့ အောက်လွှတ်တော်အမတ်နေရာကိုလည်း Reform UK ပါတီကပဲ နိုင်ပါတယ်။ အဲဒီအောက်လွှတ်တော် နေရာမဲရလဒ်ဟာ သိပ်နီးကပ်လွန်းလို့ နောက်တစ်ကြိမ်မဲပြန်လည်ရေတွက်ခဲ့ရပြီး Reform UK ပါတီက လေဘာပါတီကို ခြောက်မဲအကွာနဲ့ ပွတ်ကာ သီကာအနိုင်ရခဲ့တာဖြစ်ပါတယ်။
အခုဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ထိပ်ဆုံးက အနိုင်ရသွားတဲ့ Reform UK ပါတီဟာ တစ်ချိန်က ယူကေနိုင်ငံဥရောပသမဂ္ဂအဖွဲ့ (EU) မှ နုတ်ထွက်စေရေးဦးဆောင်ဆော်သြခဲ့တဲ့ Brexit Party အဖြစ် လူသိများပြီး ၂၀၂၁ ခုနှစ်မှာ Brexit Party မှ Reform UK ပါတီအဖြစ် အမည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ Reform UK ပါတီဟာအာဏာရ ပါတီကြီးဖြစ်တဲ့ လေဘာပါတီနဲ့ အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ ကွန်ဆာဗေးတစ်တို့ကို ကျော်လွန်ပြီး နေရာအများစု အနိုင်ရသွားခဲ့လို့ ယူကေ (အင်္ဂလန်) နိုင်ငံရေးတစ်ခုလုံး တအံ့တသြဖြစ်သွားကြပါတယ်။ ယူကေနိုင်ငံမှာ (ဗဟိုအဆင့်) အထွေထွေရွေးကောက်ပွဲတွေကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ ၂၀၂၄ အထွေထွေရွေးကောက်ပွဲတုန်းက အောက်လွှတ်တော်မှာ လေဘာပါတီက အမတ် ၄၀၀ ကျော်ရခဲ့ပြီး ကွန်ဆာဗေးတစ်တွေက ၁၀၀ ကျော်ပဲရခဲ့ပါတယ်။ အဲဒီတုန်းက Reform UK ပါတီက အမတ်နေရာငါးနေရာပဲနိုင်ပါတယ်။ အခု ၂၀၂၅ ရွေးကောက်ပွဲတွေက ဗဟိုအဆင့်၊ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲတွေမဟုတ်ဘူး၊ ဒေသန္တရအဆင့်သာဖြစ်တယ်ဆိုတဲ့တိုင် Reform UK ဟာ အစဉ်အလာကြီးမားတဲ့ လေဘာကော၊ ကွန်ဆာဗေးတစ်ကောကျော်ပြီး ပထမနေရာရောက်သွားခဲ့တာဖြစ်ပါတယ်။
အင်္ဂလန် (ယူကေ) မှာ ဒေသဆိုင်ရာကောင်စီ နေရာတွေဟာ ပြည်သူနဲ့ တိုက်ရိုက်ဆက်ဆံရတဲ့ နေရာတွေဖြစ်လို့ ပြည်ထောင်စုလွှတ်တော်အမတ်တွေလိုပဲ အရေးပါပါတယ်။ အနိုင်ရခဲ့တဲ့ Reform UK ပါတီခေါင်းဆောင် Nigel Farage ကတော့ ယူကေနိုင်ငံရွေးကောက်ပွဲသမိုင်းမှာ လေဘာနဲ့ ကွန်ဆာဗေးတစ်ပါတီကြီးတွေကို အလဲထိုးပြီး ရှေ့ကိုရောက်လာတဲ့ Reform UK ပါတီလို ပါတီမျိုးမရှိသေးဘူးဆိုကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောပါတယ်။ အခု ရွေးကောက်ပွဲမှာ အခြားပါတီတွေဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရက်တို့၊ ဂရင်းတို့ကလည်း သိသာထင်ရှားတဲ့ အောင်မြင်မှုတွေရခဲ့တာကြောင့် ယူကေနိုင်ငံရေးလောကမှာ အရင်ကလိုပါတီကြီး နှစ်ပါတီလွှမ်းမိုးကြီးစိုးတဲ့ နှစ်ပါတီနိုင်ငံရေး (duopoly politics) အဆုံးသတ်သွားပြီ၊ ငါးပါတီခေတ်ဖြစ်လာပြီဆိုပြီး လေ့လာသူအချို့က သုံးသပ်နေကြပါတယ်။
ဥရောပအတွက်တော့ သတင်းကောင်းမဟုတ်
Reform UK ပါတီရဲ့ အောင်မြင်မှုဟာ ဥရောပအတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။ Reform UK ပါတီခေါင်းဆောင် Nigel Farage ဟာ ဥရောပသမဂ္ဂ (အီးယူ) နဲ့ အစေးမကပ်သူဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ဥရောပ ပါလီမန်မှာ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ အီးယူက တရားဝင် နုတ်ထွက်တဲ့ အခမ်းအနားကျင်းပပြု လုပ်ခဲ့ရာ ယူကေကိုယ်စားလှယ်အဖွဲ့အား ဦးဆောင် တက်ရောက်ခဲ့သူမှာ Nigel Farage ဖြစ်ပါတယ်။ အီးယူအဖွဲ့ဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှ လွှတ်တော် အမတ်များရှေ့ နှုတ်ဆက်မိန့်ခွန်းပြောရာမှာ Nigel Farage က အီးယူအဖွဲ့အစည်းကို အပြင်းအထန်ပြစ်တင်ဝေဖန်သွားခဲ့ပြီး ယူကေနိုင်ငံက အီးယူက အုပ်စုဖွဲ့အနိုင်ကျင့်ဖို့ သေးငယ်တဲ့နိုင်ငံမဟုတ်ကြောင်း၊ အီးယူဟာ သူလိုချင်တာကို မရရအောင် မလိမ့်တစ်ပတ်လုပ်တဲ့နေရာမှာ အင်မတန်တော်ကြောင်း၊ ယူကေနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အထိပါးခံမှာ မဟုတ်ကြောင်း၊ ကျွန်ုပ်တို့အနေနဲ့ ဥရောပတိုက်အား ချစ်မြတ်နိုးတယ်၊ ဒါပေမဲ့အီးယူအဖွဲ့အစည်းကို မချစ်မနှစ်သက်ပါဟု ပြောင်ပြောင်တင်းတင်း ပြောကြားခဲ့ပါတယ်။ သူ့မိန့်ခွန်းမပြီးဆုံးမီ အီးယူပါလီမန်သဘာပတိဖြစ်သူက စကားပြောခွက်ကို ပိတ်ပစ်ခဲ့ပြီး ယူကေအလံတွေကိုယူကာ ပါလီမန်မှ ထွက်ခွာဖို့ ပြောဆိုခဲ့ပါတယ်။
အခုအချိန်ဟာ ဥရောပတိုက်မှာ လက်ဝဲ၊ လက်ယာ နိုင်ငံရေးသဘောထားကွဲပြားမှုတွေ အမြင့်မားဆုံးကိုရောက်ရှိနေပြီး အာဏာရလစ်ဘရယ်အသိုင်းအဝိုင်းက ဥရောပတစ်လွှား လက်ယာစွန်းနိုင်ငံရေးပါတီတွေကို ပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ်နေချိန်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက ပြင်သစ်မှာ ဒုတိယအကြီးဆုံးပါတီဖြစ်တဲ့ လက်ယာစွန်း National Rally ပါတီ ခေါင်းဆောင် Marine Le Pen ကို ၂၀၂၇ ခုနှစ် ပြင်သစ်သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်လိုက်ပြီး ဂျာမနီမှာ ဒုတိယအကြီးဆုံးပါတီဖြစ်တဲ့ လက်ယာစွန်း AfD ပါတီကို အစွန်းရောက်ပါတီအဖြစ် တရားဝင်သတ်မှတ်လိုက်ပါတယ်။
ရိုမေးနီးယားနိုင်ငံမှာလည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ပထမအကျော့ သမ္မတရွေးကောက်ပွဲများကျင်းပခဲ့ပြီး လက်ယာစွန်းနိုင်ငံရေးသမား C lin Georgescu အနိုင်ရခဲ့ပေမယ့် ရိုမေးနီးယားဖွဲ့စည်းပုံအခြေခံခုံရုံးက ရွေးကောက်ပွဲအတွင်း ရုရှားနိုင်ငံရဲ့ လွှမ်းမိုးမှုတွေရှိခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်း၊ C lin Georgescu ကိုလည်း နောက်ထပ် သမ္မတရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခဲ့ပါတယ်။
အခုလို ဥရောပလစ်ဘရယ်အစိုးရတွေအနေနဲ့ လက်ယာစွန်းတွေကို တစ်ဖက်သတ်ဖိနှိပ်နေချိန်မှာ ယူကေနိုင်ငံဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ဥရောပသမဂ္ဂကို အဆိုးမြင်သူ၊ လက်ယာစွန်းအဖြစ် ရှုမြင်ခြင်းခံရသူ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အထူးရင်းနှီးသူ အင်္ဂလန်နိုင်ငံရေးသမား Nigel Farage ဦးဆောင်တဲ့ Reform UK ပါတီ အနိုင်ရမှုဟာ ဥရောပအတွက် အိပ်မက်ဆိုးတွေပဲ ဖြစ်စေပါလိမ့်မယ်။ ။
Source: MOI
ဒေါ်နယ်ထရမ့်၏ ဂုဏ်သတင်းသည် အမေရိကန်နိုင်ငံတွင်း၌ ကျဆင်းနေသော်လည်း အရှေ့ ဥရောပတွင်မူ ၎င်း၏အမှတ်အသားသည် ထူးခြားစွာ ခိုင်မာနေဆဲဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ထရမ့်ကို နှစ်သက်သူ လက်ယာစွန်းဝါဒီ ဂျော့ဂျ် ဆီမီယွန်သည် ရိုမေးနီးယား သမ္မတရွေးကောက်ပွဲ ပထမအဆင့်တွင် မဲအရေအတွက် ၄၀ ရာခိုင်နှုန်းကျော်ဖြင့် ထိပ်ဆုံးရောက် ခဲ့ပြီး သမ္မတရာထူးရရှိရန် အလားအလာကောင်းနေသည်။ ထရမ့်၏ “အမေရိကန်ကို နောက်တစ်ဖန် ကြီးကျယ်မြင့်မားလာအောင် လုပ်ဆောင်မည်” (Make America Great Again) ကတိစကားကို အတုယူကာ ဆီမီယွန်က “ရိုမေးနီးယားပြည်သူများထံမှ ယူငင်သွားသည်များကို ပြန်ပေးမည်” (Give back to the Romanian people what was taken from them) ဟု ကတိပြုထားသည်။ ထရမ့်ကို နှစ်သက်သူမှာ ၎င်းတစ်ဦးတည်းမဟုတ်ပေ။
အိမ်နီးချင်းဟန်ဂေရီနိုင်ငံတွင် ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်သည် ထရမ့်၏ ဥရောပဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ပွင့်ပွင့်လင်းလင်း ရပ်တည်နေသည်။ ဤဒေသတွင် ထရမ့်ကမ္ဘာ၏ ဩဇာ လွှမ်းမိုးမှုနယ်ပယ်သည် နိုင်ငံရေးထက်ပင် ကျော်လွန်နေသည်။ ထရမ့်၏ သားမက် ဂျရတ် ကူရှ်နာ သည် ဘဲလ်ဂရိတ် မြို့လယ်တွင် အခြေစိုက်၍ အိမ်ခြံမြေလုပ်ငန်းတစ်ခုကို ဦးဆောင်လျက်ရှိပြီးသားဖြစ်သူ ဒေါ်နယ်ထရမ့် ဂျူနီယာမှာလည်း လွန်ခဲ့သော လအနည်းငယ်အတွင်း ဆားဘီးယား၊ ရိုမေးနီးယားနှင့် ဘူလ်ဂေးရီးယား နိုင်ငံများသို့ ဒုတိယအကြိမ်ခရီးစဉ်သွားရောက်ခဲ့ကာ ထရမ့် မိသားစုနှင့် ဆက်ဆံရေး တည်ဆောက်လိုသော နိုင်ငံရေးသမားများ၊ စီးပွားရေး အထက်တန်းလွှာများနှင့် ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီး ဆက်ဆံခဲ့သည်။
အရှေ့ဥရောပ၏ “အမေရိကန်သာ ပထမ” ဟူသည့် သမ္မတထရမ့်အပေါ် နှစ်ခြိုက်မှုသည် အတွေးအခေါ်ဆိုင်ရာကိုက်ညီမှုနှင့် ပြတ်သား၍လက်တွေ့ဆန်သောဝါဒတို့ကြောင့် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ Make America Great Again (MAGA) ၏ သတင်းစကားသည် ကွန်မြူနစ်ခေတ်လွန် နိုင်ငံများတွင် ကျယ်ပြန့်စွာပဲ့တင်သံထပ်နေသည်။ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမတိုင်မီက Gallup ၏ စစ်တမ်းအရ ဘူလ်ဂေးရီးယားနှင့် ဟန်ဂေရီနိုင်ငံမှ ၄၉% နှင့် ဆားဘီးယားနိုင်ငံမှ ၅၉% သော စစ်တမ်းဖြေကြားသူများသည် ကင်မလာ ဟဲရစ်ထက် ထရမ့်ကို ပိုမိုနှစ်သက်ကြကြောင်း ဖော်ပြခဲ့သည်။ ထိုအချက်သည် တိုက်ဆိုင်မှုသက်သက် မဟုတ်ပေ။ အရှေ့ဂျာမနီမှ Alternative for Germany (AfD) ပါတီထောက်ခံသူများမှစ၍ တဘီလီစီမြို့တော်ရှိ Georgian Dream အစိုးရပါတီ အထိ အဆိုပါဒေသတွင်းရှိ လစ်ဘရယ်ဒီမိုကရေစီဆန့်ကျင်ရေးအစုအဖွဲ့များသည် လစ်ဘရယ်ဒီမိုကရေစီ သဘောတူညီချက်ကို ဆန့်ကျင်လျက်ရှိသည်။ LGBTQ အခွင့်အရေး၊ လူမျိုးရေး၊ ကျား/မတန်းတူမှု၊ ယဉ်ကျေးမှုပေါင်းစုံမှု၊ ကာကွယ်ဆေးနှင့် ယူကရိန်းအရေးကိစ္စများအပေါ် ၎င်းတို့၏ အမြင်များသည် ထရမ့်၏ အခြေခံသဘောတရားများနှင့် တူညီနေသည်။ ထရမ့်အနေဖြင့် ဗလာဒီမာ ပူတင်နှင့် ရင်းနှီးမှုသည် ဆားဘီးယားကဲ့သို့သော ရုရှားနှင့်မိတ်ဖက်နိုင်ငံများတွင် ပိုမိုဆွဲဆောင်နိုင်စေခဲ့သည်။
ထို့အပြင် နိုင်ငံတကာဆက်နွှယ်မှုရှုထောင့်လည်း ပါဝင်နေသည်။ အမေရိကန်နိုင်ငံရှိ အရှေ့ ဥရောပမှ ရွှေ့ပြောင်းနေထိုင်သူအများစုသည် လူမှုရေးရာရှေးရိုးစွဲဝါဒ သို့မဟုတ် အခြားလူမျိုးစုများနှင့် ယှဉ်ပြိုင် လိုမှုတို့ကြောင့် ထရမ့်ကို ပိုမိုထောက်ခံလေ့ရှိကြသည်။ အနောက်ဥရောပရှိ အလားတူ ပုဂ္ဂိုလ်များ သည်လည်း ၎င်းတို့မကြာခဏပြက်ရယ်ပြုလေ့ရှိသော နယ်စည်းမခြားမူဝါဒများမှ အကျိုးခံစားနေကြချိန်တွင် အလားတူသဘောထားမျိုးရှိကြသည်။ မကြာသေးမီက ရိုမေးနီးယား ရွေးကောက်ပွဲ တွင် ဥရောပသမဂ္ဂနှင့်ယူကေတို့တွင်နေထိုင်သော ရိုမေးနီးယားနိုင်ငံသား ၆၀% သည် ဆီမီယွန်ကို မဲပေးခဲ့ကြသည်။ ၎င်းတို့အနက်မှ များစွာသည် ယခင်က အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က မြူးနစ်လုံခြုံရေးညီလာခံတွင် လူသိရှင်ကြားကာကွယ်ပေးခဲ့သော လက်ယာစွန်းဝါဒီ ကာလင်း ဂျော့ဂျက် စကူကို ထောက်ခံခဲ့ကြသူများဖြစ်သည်။
ပြည်တွင်း၌ အထက်တန်းလွှာအများစုသည် ထရမ့်အား စွမ်းဆောင်နိုင်စွမ်းရှိသူအဖြစ် ရှုမြင်ကြသည်။ အကျင့်ပျက်ခြစားမှုများနှင့် ဒီမိုကရေစီဆုတ်ယုတ်မှုများကို လျစ်လျူရှုပေးမည့် ဝါရှင်တန်မှ အာဏာရှိသူတစ်ဦးသည် ပြည်တွင်း၌ရော နိုင်ငံတကာတွင်ပါ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေ နိုင်သည်။ အမေရိကန်နိုင်ငံခြားရေးမူဝါဒသည် ထရမ့်အဖွဲ့အစည်း၏ စီးပွားရေး အစီအစဉ်နှင့် ခွဲခြားမရဖြစ်လာနိုင်သည့် အလားအလာသည် အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် သတ္တုတူးဖော်ရေးကဲ့သို့သော မရေရာသည့်ကဏ္ဍများနှင့် ပြည့်နှက်နေသည့် အဆိုပါဒေသအတွက် ဆွဲဆောင်မှု ရှိနေသည်။ မကြာသေးမီက အရေးပါသည့် အမေရိကန်-ယူကရိန်း သတ္တုတူးဖော်ရေး သဘောတူညီချက်သည် လုပ်ငန်းအလိုက်ဆက်ဆံမှုကို ဦးစားပေးသည့် အိမ်ဖြူတော်နှင့် ရင်းနှီးမှု ရယူရန် နမူနာပုံစံတစ်ခုအဖြစ် ရှုမြင်ကြသည်။
ဤဆက်ဆံရေးသည် ယခု၌ပင် အကျိုးအမြတ်များ ရရှိနေပြီဖြစ်သည်။ ဧပြီလက ထရမ့် အစိုးရအဖွဲ့သည် အော်ဘန်နှင့်နီးစပ်သူ အန်တယ် ရိုဂန်အပေါ် ဘိုင်ဒင်အစိုးရလက်ထက်က Global Magnitsky အက်ဥပဒေအရ ချမှတ်ခဲ့သော ဒဏ်ခတ်မှုများကို ပယ်ဖျက်ခဲ့သည်။ အဆိုပါ လုပ်ရပ်သည် အခြားနေရာများတွင်လည်း မျှော်လင့်ချက်များ ဖြစ်ပေါ်လာစေခဲ့သည်။ ဥပမာအားဖြင့် ဘူလ်ဂေးရီးယားတွင် Magnitsky ဒဏ်ခတ်မှုခံထားရသော စီးပွားရေးသူဌေးကြီးနှင့် နိုင်ငံရေးဩဇာရှိသူ ဒယ်ယန် ပိဗ်စကီးသည်လည်း အလားတူ ကင်းလွတ်ခွင့်ရရှိရန် စောင့်ကြည့်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သို့ရာတွင် အရှေ့ဥရောပ၏ ထရမ့်အပေါ်နှစ်ခြိုက်မှုသည် ထိခိုက်လွယ်သည့် အခြေအနေမျိုးဖြစ်သည်။ ထင်ရှားသည်မှာ ထရမ့်၏ အမျိုးသားအကျိုးစီးပွားဝါဒသည် ၎င်းနှင့်အတွေးအခေါ်တူမိတ်ဖက်နိုင်ငံများ၏ စီးပွားရေးစနစ်များကိုပင် အားနည်းသွားစေနိုင်ခြေရှိသည်။ မော်တော်ကားတင်ပို့မှု အပေါ် အလွန်အမင်းမှီခိုနေရသော ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့သည် အမေရိကန်က ချမှတ်မည့် အကောက်ခွန်မူဝါဒကြောင့် ထိခိုက်နိုင်သည်။ ဆလိုဗက်ကီးယားနိုင်ငံ၏ မော်တော်ကား လုပ်ငန်းတစ်ခုတည်းကပင် နိုင်ငံ၏တင်ပို့မှု၏ ၃၀% နီးပါးရှိပြီး အလုပ်သမား ၁၀% ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားသည်။ ၁၀% သာရှိသော အကောက်ခွန်ကပင် ဗဟိုဥရောပဒေသ၏ စက်မှုဇုန်များရှိ အလုပ်အကိုင်များစွာကို ပြုန်းတီးသွားစေနိုင်သည်။
ထိုသို့သော စီးပွားရေးဆိုးကျိုးများသည် နိုင်ငံရေးအရ ပြင်းထန်သော သက်ရောက်မှုများဖြစ်ပေါ် စေနိုင်သည်။ ချက်သမ္မတနိုင်ငံတွင် ထရမ့်နှင့်အလားတူ စီးပွားရေးလုပ်ငန်းရှင် အန်ဒရေး ဘာဘစ် သည် အစိုးရကို အားကောင်းအောင် ဆောင်ရွက်နိုင်ခဲ့သည်။ သို့သော် ဟန်ဂေရီနိုင်ငံတွင်မူ အော်ဘန် သည် လာမည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ ပီတာမက်ဂျာထံမှ ကြီးမားသော စိန်ခေါ်မှု များကို ရင်ဆိုင်နေရသည်။ ဆလိုဗက်ကီးယားတွင် ရောဘတ်ဖီကိုအစိုးရသည် မဲအရေအတွက် အနည်းငယ်မျှအသာဖြင့် အုပ်ချုပ်နေရပြီး ကန့်ကွက်သူများ တိုးပွားလျက်ရှိရာ ကာလကြာရှည် အုပ်ချုပ်ရန် မရေရာလှပေ။
ထရမ့်ဝါဒသည် ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့ရှိ လက်ယာစွန်းအင်အားစုများအတွက် ဝန်ထုတ် ဝန်ပိုးဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ အရှေ့ဥရောပသည် ဤဝါဒကို ပိုမိုလက်ခံနေဆဲဖြစ်သော်လည်း ဥရောပသမဂ္ဂ၊ လစ်ဘရယ်တန်ဖိုးများနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ပေါင်းစည်းမှုတို့ကိုဆန့်ကျင်သည့်လှုပ်ရှားမှုနှင့် အလွန်အမင်းပါဝင်ပတ်သက်နေခြင်း၏ အန္တရာယ်မှ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။
MAGA တော်လှန်ရေးသည် ဘူခါရက်စ်နှင့် ဘဲလ်ဂရိတ်မြို့များရှိ အများစုကို ဆက်လက် လှုံ့ဆော်နိုင်ဦးမည်ဖြစ်သော်လည်း ယင်း၏ဝိရောဓိအခြေအနေများသည် ယင်းကိုလက်ခံသူများအား အလွယ်တကူပင် ဒုက္ခရောက်စေနိုင်မည်ဖြစ်ပေသည်။
Source - https://www.aljazeera.com/opinions/2025/5/7/eastern-europe-bets-on-trump-but-at-what-cost
Aljazeera တွင် စာရေးသူ Dimitar Bechev ရေးသားထားသည့် “Eastern Europe bets on Trump – but at what cost?” အတွေးအမြင်ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက- ၂ က ဆီလျော်အောင် ပြန်ဆိုထားပါသည်။
မိမိတို့ နိုင်ငံ၊ မိမိတို့ ပြည်သူလူထုသည် ယခုမြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ နှစ်အကူး ၂၀၂၅ ဧပြီလ မဟာသင်္ကြန်ကို ဝမ်းနည်းစွာဖြင့်ပင် ကျော်ဖြတ်ခဲ့ကြရပါပြီ။ အသက်ပေါင်းထောင်နှင့် ပင်ချီ၍၊ ပြည်သူလူထုနှင့် တိုင်းပြည်၏ ပစ္စည်းများ တန်ဖိုးကျပ်သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသောနှစ်ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ယနေ့ခေတ်ကဲ့သို့ Richter Scale, Mercalli Scale အစရှိသည်ဖြင့် စနစ်များ စတင်အသုံးပြုသော ၂၀ ရာစုနှစ်နောက်တွင် ယခုမိမိတို့ခံစားခဲ့ရသော မန္တလေးမြေငလျင်ကြီးကြောင့် လူအသေအပျောက်နှင့် အိုးအိမ်ပစ္စည်းဆုံးရှုံးမှုသည် အများဆုံးဖြစ်သည်။ အိုးအိမ်နှင့် ပစ္စည်းတန်ဖိုးများကို တွက်ချက်နှိုင်းယှဉ်ရန် ခက်ခဲသော်လည်း ယခုငလျင်တွင် လူ့အသက်ပေါင်း ၃၇၀၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၁၀ဝ ကျော်ရှိခဲ့သည်။
မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဆရာမကြီး ဒေါ်လှလှအောင်ရေးသားသော စာပေအရ ၁၉၃၀ ပြည့်နှစ် ပဲခူးငလျင်တွင် လူအသေအပျောက် ၅၅၀ ခန့် သေဆုံးခဲ့သည်နှင့် နှိုင်းယှဉ်နိုင်ပါသည်။ အဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဗိသုကာတစ်ဦးအနေဖြင့် သေချာစွာ ပြောနိုင်သည်မှာ ယခုမိမိတို့ပြန်လည်တည်ဆောက်ကြရမည့် လုပ်ငန်းရပ်သည်အလွန်ကြီးမားပြီး ငွေကြေးများစွာနှင့် နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ကိုင်ကြရပါမည်။ ယခုနှစ် မတ်လမြေငလျင်၏ Epicenter ဗဟိုသည် စစ်ကိုင်းမြို့အနီးဖြစ်သဖြင့် သေကျေပျက်စီးမှု အများဆုံးဖြစ်သည်ဆိုသည်ကို လက်ခံကြရမည်ဖြစ်သည်။ သို့သော် တစ်မြို့တည်း တစ်လမ်းတည်းတွင် အချို့အဆောက်အအုံများ ပြိုကျပျက်စီးကြပြီး အချို့မှာ မပျက်မစီးတည်မြဲခဲ့ ကြသည်မှာ အချို့သောဆောက်လုပ်သူများ၏ အားနည်းချက်ဖြစ်သည်မှာလည်း ထင်ရှားပါသည်။
ဤဆောင်းပါးသည် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ယခုရရှိခဲ့သော သင်ခန်းစာများကိုအခြေခံ၍ လက်ခံကျင့်သုံးသင့်သောစနစ်များကို တင်ပြရန် ဖြစ်ပါသည်။ ထို့အပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်မည့် Financial Resources ခေါ် ငွေကြေးအင်အားများ ဖော်ထုတ်ရရှိနိုင်မည့် နည်းလမ်းများကိုလည်း တင်ပြအပ်ပါသည်။ ထိုသည်များနှင့် တွဲဖက်၍ ပြန်လည်တည်ဆောက်ကြသည့်အခါ မိမိတို့၏ မြို့များနှင့် ပတ်ဝန်းကျင်သာယာရေး၊ မိမိတို့၏ မြို့များတွင် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးများအတွက် လိုအပ်ချက်များကိုလည်း ပူးတွဲတင်ပြအပ်သည်။
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ရရှိနိုင်မည့် Available Financial Resources ငွေကြေးအင်အားများကို သုံးသပ်ခြင်း
ယခု ငလျင်သည် မြန်မာ့သမိုင်းတွင် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်သည့်အတွက် မိမိတို့တွင်ရှိသော Resources အင်အားများမှ တတ်နိုင်သရွေ့အများဆုံးနှင့် ကူညီနိုင်သောသူအများဆုံးကို ကူညီကြရမည်ဟု ခံယူပါသည်။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ငွေကြေးဖြင့် ပါဝင်နိုင်မည့် အုပ်စုများကို သုံးသပ်ကြည့်မိပါသည်။ ထိုသည်တို့တွင် (၁) နိုင်ငံတော်အစိုးရ၊ (၂) ချမ်းသာကြွယ်ဝသော Condominium ပိုင်ရှင်သူဌေးကြီးများအုပ်စု၊ (၃) ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်မြေတွင်နေထိုင်ရင်း အိုးအိမ်ဆုံးရှုံးသွားသူများဟု သုံးအုပ်စုကိုသာ ဦးစွာမြင်ကြရပေမည်။ ထိုသုံးအုပ်စုတို့၏ လုပ်နိုင်သောပမာဏများကို ဆန်းစစ်ကြည့်ကြပါမည်။
နိုင်ငံတော်အစိုးရ ။ ။ နိုင်ငံတော်အစိုးရသည် ငွေအင်အားအကြီးမားဆုံးရှိသည့် အဖွဲ့အစည်းဖြစ်ပါသည်။ သို့သော် အစိုးရတွင် ဆုံးရှုံးပျက်စီးသွားသော အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ရာများ အစရှိသည်တို့ကို ပြန်လည်တည်ဆောက်ရန်ရှိသည်။ ထို့အပြင် အများပြည်သူနှင့်သက်ဆိုင်သော Infra-structure ခေါ် ကျောင်းများ၊ ဆေးရုံများ၊ လမ်းတံတားများ၊ လျှပ်စစ်စနစ်များ စသည်တို့ကိုလည်း ပြန်လည်တည်ဆောက်ရန်ရှိသဖြင့် လူပေါင်းများစွာတို့၏ ဆုံးရှုံးခဲ့သော အိမ်ရာများကို ပြန်လည်တည်ဆောက်ရေးတွင် အမြောက်အမြားပါဝင်ရန် ခက်ခဲပါမည်။
ငွေကြေးအဆင်ပြေသော Condominium ပိုင်ရှင်များ။ ။ မြေငလျင်အတွင်း ပြိုပျက်သွားသော Condominiums ခေါ် အဆင့်မြင့်တိုက်ခန်းများကို တည်ဆောက်သွားသောပိုင်ရှင်ကြီးများက Ethics ဟုခေါ်သော လူ့ကျင့်ဝတ်၊ လူ့ဝတ္တရားအရသော် အချိန်အတိုင်းအတာအတွင်း မြန်ဆန်စွာ ပြန်လည်တည်ဆောက်ပေးသင့်ကြပါသည်။ ဥပဒေကြောင်းအရ ရှင်းကြမည်ဆိုသော် ရှေ့နေခငွေကြေးများစွာကုန်မည်၊ အချိန်နှစ်ပေါင်းများစွာ ကြာမြင့်ကြမည်ဟု စာရေးသူအတွေ့အကြုံအရ ခန့်မှန်းပါသည်။ မူလစာချုပ်တွင် မည်သို့ပါရှိပုံ၊ အာမခံထားခြင်းရှိမရှိ၊ “မြန်မာပြည်စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာဥပဒေ Condominium Law” အရ တရားဝင်သတ်မှတ်ထားခြင်းရှိမရှိ စသည်ဖြင့် များစွာသော အဆင့်များရှိပါမည်။
ဖြစ်သင့်သည်မှာ တည်ဆောက်ခဲ့သူပိုင်ရှင်ကြီးများက လူ့ဂုဏ်သိက္ခာကို မနိမ့်ကျစေရန်နှင့် အသက်နှင့်ပစ္စည်းနစ်နာဆုံးရှုံးခဲ့ရသောသူများကို ငဲ့ညှာသင့်သည်။ သို့သော် ယခုငလျင်ကြောင့် အဆင့်မြင့်တိုက်ခန်းကြီးများတွင် နေထိုင်ရင်းအသက်နှင့် ပစ္စည်းများ ဆုံးရှုံးခဲ့သူဦးရေသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရာခိုင်နှုန်းနည်းပါးသည်ဟု ခန့်မှန်းရပါသည်။
ကိုယ်ပိုင်အိမ် ကိုယ်ပိုင်မြေတွင်နေထိုင်ရင်း အိုးအိမ်ဆုံးရှုံးသွားသူများ ။ ။ ထိုအုပ်စုတွင် ပါဝင်သည့် သူများတွင် (က) ပြန်လည်တည်ဆောက်ရန် အရင်းအနှီးရှိပြီး တတ်နိုင်သူများ၊ (ခ) တစ်စိတ်တစ်ပိုင်း အကူအညီရနိုင်လျှင် ပြန်လည်တည်ဆောက်နိုင်သူများနှင့် (ဂ) အိမ်ပျက်စီးသွားသဖြင့် မြေသာကျန်ခဲ့ပြီး ပြန်လည်တည်ဆောက်ရန် မဖြစ်နိုင်သူများဟု သုံးအုပ်စုရှိမည်ဟု ခန့်မှန်းရပါသည်။ ထိုအုပ်စုအတွင်း မည်သည့်အုပ်စုသည် မည်သည့်ရာခိုင်နှုန်းရှိသည်ကိုလည်း ခန့်မှန်းရန်ခက်ခဲပါသည်။ သို့သော် အောက်တွင် စာရေးသူစဉ်းစားမိသော ဘဏ်ချေးငွေစနစ်ကို အသုံးချနိုင်လျှင် အဘက်ဘက်က အထိုက်အလျောက်အဆင်ပြေကြမည်ဟု ယူဆပါသည်။
ဘဏ်ချေးငွေဖြင့် ပြန်လည်တည်ထောင်ရေးတွင်
အသုံးချရန်အဆိုပြုချက် ။ ။ စာရေးသူသည် အိမ်ဆုံးရှုံးခဲ့သော သူတစ်ဦးနှင့် မေးမြန်းခန်းကို ကြည့်ရပါသည်။ ထိုသူတွင် ယခင်က ကိုယ်ပိုင်အိမ်ရှိသည်၊ နေထိုင်စားသောက်ရန် ဝင်ငွေရှိသည်၊ ယခုအိမ်ပျက်စီးသွားသည့်အတွက် နေထိုင်ရန်အိမ်ကို ပြန်လည်တည်ဆောက်ရန် ငွေသိန်း ၅၀ဝ ခန့်ရရှိရန် မဖြစ်နိုင်ပါဟုဆိုသည်။ စာရေးသူက သင်ကြားခဲ့ဖူးသော Housing Economics အိမ်ရာစီးပွားရေးပညာရှုထောင့်မှ သုံးသပ်ကြည့်ပါသည်။ ထိုကဲ့သို့သောသူများမှ ဥပမာပြန်လည်တည်ဆောက်ရန် အိမ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းခန့်ရှိနိုင်မည်ဆိုလျှင် ဘဏ်မှ ကျန်လိုအပ်ငွေ ၇၀ ရာခိုင်နှုန်းကို ချေးငွေအဖြစ်ရရှိပြီး ထိုသူက လစဉ်၊ နှစ်စဉ်ပြန်လည်ပေးဆပ်လျှင် နှစ်ဦးနှစ်ဖက် အထိုက်အလျောက်အဆင်ပြေသွားနိုင်ပါမည်။
ထိုကဲ့သို့သော အခြေအနေနမူနာ Hypothetical Model တစ်ရပ်ကို အစမ်းတွက်ကြည့်ကြပါမည်။ Basic assumptions အခြေခံအချက်များသည်- မိသားစုတစ်စုတွင် (၁) မြေရှိသည်။ (၂) စုဆောင်းပြီး ငွေသိန်း ၁၅၀ ခန့်ရှိသည်။ (၃) အလုပ်အကိုင်ကောင်းရှိကြသဖြင့် လစဉ်မိသားစုဝင်ငွေကျပ် ၆ သိန်းခန့်ရှိသည်။ (၄) ပြန်လည်ဆောက်လုပ်မည့် အိမ်တန်ဖိုးသည် ကျပ်သိန်း ၅၀ဝ ဖြစ်သောကြောင့် ကျပ်သိန်း သိန်း ၃၅၀ ချေးငွေလိုအပ်သည်။ ဤကိစ္စကို ဘဏ်နှင့် သက်ဆိုင်ရာတို့က လေ့လာစစ်ဆေးပြီး နှစ်စဉ်အတိုးနှုန်း ၁၅ ရာခိုင်နှုန်းနှင့် ပြန်လည်ပေးဆပ်ချိန် ၁၀ နှစ်နှင့် သဘောတူသည်။ ချေးမည့်သူများပိုင်သော မြေကို အာမခံပစ္စည်း Collateral ဟု သတ်မှတ်သဘောတူကြသည်။ ဘဏ်မှတာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းအရ တွက်ချက်ရာ ချေးငွေသိန်း ၃၅၀ အတွက် ထိုမိသားစုသည် လစဉ်ငွေကျပ် ၃ ဒသမ ၆၄ သိန်းခန့်နှင့် ၁၀ နှစ်တိုင်တိုင်အကြိမ်ပေါင်း ၁၂၀ ခန့် ပေးဆပ်ရမည်။
အထက်ပါနမူနာ Hypothetical Model တွင် လစဉ်ပြန်လည်ပေးဆပ်ရန် တွက်ချက်ခြင်းသည် ဘဏ်ပညာရှင်များ သုံးလေ့ရှိသောနည်း P = Ai / (1 – (1 + i)^-N) where: P = regular periodic payment. A = amount borrowed. i = periodic interest rate ပင်ဖြစ်ပါသည်။ နှစ်စဉ်အတိုးနှုန်း ၁၅ ရာခိုင်နှုန်းနှင့် ပြန်လည်ပေးဆပ်ရန်အတွက် အချိန် ၁၀ နှစ်သည် စာရေးသူစိတ်ကူးအရ ထည့်တွက်ထားခြင်းဖြစ်သည်။ ပြန်လည်ပေးဆပ်ရန် အချိန်နှင့် ပတ်သက်၍ စာရေးသူသိသော အခြားတိုင်းပြည်များတွင် နှစ်ပေါင်း ၂၀-၃၀ အထိပင် ပေးလေ့ရှိပါသည်။
မြန်မာနိုင်ငံမှ ဘဏ်များက ထိုမျှကာလရှည်ပေးလေ့မရှိသော်လည်း ယခုကဲ့သို့ ငလျင်ဘေးသင့်သူများကို ကယ်ဆယ်ကူညီသည့်အနေဖြင့် ပြန်လည်သုံးသပ်သင့်ပါသည်။ ယခုနမူနာတွင်ပင် ပြန်လည်ပေးဆပ်ရသောအချိန်ကို ၁၅ နှစ်၊ နှစ်စဉ်အတိုးနှုန်း ၁၂ ရာခိုင်နှုန်းနှင့် တွက်ပါမူ ချေးသူမိသားစုသည် လစဉ်ငွေကျပ် ၂ ဒသမ ၉ (၃ သိန်း ခန့်) နှင့် ၁၅ နှစ်တိုင် အကြိမ်ပေါင်း ၁၈၀ ပေးဆပ်ရပါမည်။ Hypothetical Model ကိုပင် အခြေခံ၍ အိုးအိမ်ဆုံးရှုံးသွားပြီး မြေပိုင်ဆိုင်သူများအတွက် အရင်းငွေပင်မလိုဘဲ နေစရာများရရှိနိုင်ပြီး အမြတ်အစွန်းပင်ရရှိနိုင်သောနည်းများကို အထက်ပါနမူနာကို အခြေခံထားပြီး တီထွင်နိုင်ပါသည်။ ဥပမာ မြေပေ ၄၀ x ၆၀ ခန့်ရှိသူ ၆ ဦးခန့်စုလျှင် စတုရန်းပေ ၁၄၄၀ဝ ရှိသော မြေကွက်ကိုရနိုင်ပြီး ထိုမြေပေါ်တွင် နှစ်ထပ်ဖြင့် စတုရန်းပေ ၇၀ဝ ခန့်ရှိသော အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းပေါင်း ၁၂ ခန်းခန့် ပေါ်ပေါက်နိုင်ပါမည်။
အထက်တွင်တင်ပြသည့် Hypothetical Model ကို အတိုချုပ်တင်ပြရသော် “ဘဏ်ချေးငွေဖြင့် ပြန်လည်တည်ထောင်ရေး” ပင်ဖြစ်ပါသည်။ ဤနည်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်မြို့တွင် “ရွှေလင်ပန်းအိမ်ရာစီမံကိန်း”၊ “ကျန်စစ်မင်းအိမ်ရာ စီမံကိန်း”၊ “အောင်မြင့်မိုရ်အိမ်ရာစီမံကိန်း” စသည်တို့နှင့် မန္တလေး၊ ချမ်းမြသာစည်မြို့နယ်တွင် “မြရည်နန္ဒာအိမ်ရာစီမံကိန်း” စသည့်အိမ်ရာစီမံကိန်း ၇ ခုခန့်နှင့် မိသားစု ၁၀၀၀၀ ခန့်အတွက် အိမ်ရာများ အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သည်ဟု သိရပါသည်။ အထက်တွင် နမူနာအနေဖြင့် တင်ပြခဲ့သော ငွေကြေးရယူနိုင်သောစနစ်နှင့် အိုးအိမ်ဦးစီးဌာန၏ စီမံကိန်းတို့ အဓိကကွာခြားချက်မှာ အိုးအိမ်ဦးစီးဌာန၏ စီမံကိန်းများက တည်ဆောက်ရန်မြေကို အစိုးရက လျှော့ဈေးဖြင့် တွက်ခဲ့သည်။ ယခု ငလျင်ဘေးသင့်သူများ ပြန်လည်တည်ထောင်ရေးတွင် မြေရှိသူများသာပါဝင်ရန်ဖြစ်သဖြင့် ဘဏ်များအတွက် မြေကိုအာမခံပစ္စည်း Collateral ရှိပြီး ဖြစ်သဖြင့် ပိုမို၍ပင် အဆင်ပြေပေမည်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာစီမံကိန်းပုဂ္ဂလိကဆောက်လုပ်ရေးကမ္ပဏီများနှင့်ပင် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်းဌာနမှ ကျွမ်းကျင်သူများက ကြီးကြပ်ခဲ့သဖြင့် ယခုငလျင်တွင် တည်မြဲခဲ့သည်။
နောက်နောင် ငလျင်နှင့်အခြားသော ဘေးအန္တရာယ်များအတွက် ကျင့်သုံးရန်စနစ်များ
စာရေးသူ သင်္ကြန်မတိုင်မီကရေးခဲ့သော ဆောင်းပါးတွင် ယခုမန္တလေး၊ စစ်ကိုင်းနှင့် မြန်မာပြည်အလယ်ပိုင်းငလျင်တွင် အဆောက်အအုံပေါင်းများစွာ ပြိုပျက်ခဲ့ခြင်း၏ အဓိအကြောင်းမှာ အထူးကျွမ်းကျင်ပညာရှင်များ Specialists များနှင့် ပူးပေါင်းမဆောင်ရွက်ခဲ့သောကြောင့်ဖြစ်သည်ကို ဖော်ပြခဲ့ပါသည်။ ထိုသည်နှင့်ဆက်စပ်၍ အဆောက်အအုံတစ်ခုပေါ်ပေါက်ရေးတွင် လုပ်ငန်းအဆင့်ဆင့်ကို ရန်ကုန်မြို့တွင် ကျင့်သုံးပုံလုပ်ထုံးလုပ်နည်းများကို လေ့လာကြည့်ပါသည်။ ထိုသည်တို့တွင် (၁) Design state ပုံစံထုတ်တွက်ချက်သောအဆင့် (၂) ဆောက်လုပ်ခွင့်ရရှိရန် လျှောက်ထားသောအဆင့် Building permit submission (၃) ဆောက်လုပ်ခြင်းနှင့် ကြီးကြပ်ခြင်း Construction and super-vision state (၄) ဆောက်လုပ်ပြီး လူနေခွင့်နှင့် အသုံးပြုခွင့်လက်မှတ် Building Completion Certificate တို့ရရှိရန်ဟု အဆင့် ၄ ဆင့်ရှိသည်ကို တွေ့ရပါသည်။
Building Permit (BP) ဆောက်လုပ်ခွင့် ပါမစ်တင်သည့်အခါ Floor Plans ကြမ်းခင်းပုံစံများ၊ Sections ဖြတ်ပိုင်းပုံစံများ၊ အသေးစိတ် Steel list သံစာရင်းများ အစရှိသည်တို့ကို ပူးတွဲတင်ပြကြရသည်။ လူအများနှင့် သက်ဆိုင်သော အဆောက်အအုံများနှင့် ၄ ထပ်အထက် အဆောက်အအုံများအတွက် လိုင်စင်ရ Structural Engineer ခိုင်ခံ့မှုကိုတွက်ချက်သော ပညာရှင်၏ လက်မှတ်နှင့် Structural calcu- lations တွက်ချက်ခြင်းများလည်း ပါဝင်ရသည်။
ထိုတွက်ချက်မှုများတွင် Stability Checking ဟူသော ခေါင်းစဉ်အောက်တွင် Overturning Checking ယိုင်လဲနိုင်မှုနှင့် Settlement Checking မြေအောက်ကျွံဝင်နိုင်မှု အစရှိသောပျက်စီးနိုင်မှုများကို စစ်ဆေးသောအချက်တို့ကို ထိုကျွမ်းကျင်ပညာရှင်က တွက်ချက်ချက်တင်ပြရပါသည်။ ထို့အပြင် ၁၂ ထပ်ထက်ပိုသော အဆောက်အအုံများကို အထပ်မြင့်ဟုသတ်မှတ်၍ Committee for Quality Control of High-Rise Building ဟုခေါ်သော “အထပ်မြင့်ကော်မတီ” သို့လည်း ထပ်ဆင့်တင်ရသေးသည်။ ထို CQHB တွင် မိမိတို့နိုင်ငံအဆင့် ပညာရှင်ကြီးများ ပါဝင်ကြသည်။ ထိုကဲ့သို့ အဆောက်အအုံတစ်ခုပေါ်ပေါက်ရေး လုပ်ငန်းအဆင့်ဆင့်ကို ရန်ကုန်မြို့တွင် ကျင့်သုံးသည့်နည်းတူ မန္တလေးမြို့တော် စည်ပင်သာယာကလည်း ကျင့်သုံးပေလိမ့်မည်။
အထက်တွင်ဖော်ပြသော အဆောက်အအုံတစ်ခုပေါ်ပေါက်ရေး လုပ်ငန်းအဆင့်ဆင့်များသည် ပညာပိုင်းဆိုင်ရာရှုထောင့်မှကြည့်သော် ရန်ကုန်နှင့် မန္တလေးမြို့တွင် ဆောက်လုပ်ခွင့်ပါမစ်ရရှိရေးနှင့် လူနေခွင့်နှင့် အသုံးပြုခွင့်လက်မှတ်ရရှိရေးလုပ်ငန်းများသည် ပြည့်စုံသည်ဟု သုံးသပ်နိုင်ပါသည်။ ထိုမြို့ကြီးများ၏ လုပ်ထုံးလုပ်နည်းများကို အခြားမြို့များကလည်း လုပ်ဆောင်ရန် ဖွဲ့စည်းပုံများ တိုးချဲ့ခြင်းနှင့် တတ်ကျွမ်းသော ပညာရှင်များကို အသုံးချရန်သာ လိုအပ်ပေမည်။ ဤတွင် ရန်ကုန်မြို့တွင် ငလျင်မလှုပ်ပါဘဲနှင့်ပင် ပြိုကျပျက်စီးသော အဆောက်အအုံများ ရှိခဲ့ပါသည်။ မမှန်မကန် တည်ဆောက်မှုဖြင့် ပြတင်းပေါက်မရှိ၊ အမှိုက်ပစ်ရန် နေရာမရှိသော၊ ကျန်းမာရေးနှင့် မကိုက်ညီသော အဆောက်အအုံများ မည်သို့ကြောင့် ပေါ်ပေါက်ခဲ့ပါသနည်း။ မန္တလေးမြို့တွင်လည်း ယခုငလျင်တွင် တစ်မြို့တည်းတစ်လမ်းတည်းတွင်ပင် အချို့အဆောက်အအုံများ ပြိုကျပျက်စီးကြပြီး အချို့မှာ မပျက်မစီးတည်မြဲခဲ့ကြပါသနည်းဆိုသော မေးခွန်းပေါ်ပေါက်လာပါသည်။
ဤမေးခွန်းအတွက် အဖြေသည်တစ်ခုတည်း မဟုတ်နိုင်ဘဲ အချက်များရှိပါမည်။ ဖြစ်ခဲ့သည်များမှ တစ်ချက်မှာ ဆောက်လုပ်သူကန်ထရိုက်များက BP ဆောက်လုပ်ခွင့်ပါမစ်တင်သည့်ပုံများက တစ်မျိုး၊ လက်တွေ့ဆောက်သည့်အခါ ဆောက်လုပ်ရေးပစ္စည်းများ လျှော့ခြင်းလည်းဖြစ်နိုင်သည်။ ယခု ငလျင်တွင် ပြိုပျက်ခဲ့သော အဆောက်အအုံတို့တွင် တွန်းအား၊ ထမ်းအားများကို သယ်ပိုးရသော အစိတ်အပိုင်းများ Structural members များ လွန်စွာသေးနေခြင်းကို တွေ့ရသောကြောင့် ထိုအဆောက်အအုံသည် တတ်ကျွမ်းသော လိုင်စင်ရ Structural engineer က တွက်ချက်ခဲ့ခြင်း မဖြစ်နိုင်ပါ။ အခြားအကြောင်းတစ်ချက်သည် BP ရရှိရန် တင်စဉ်က တွက်ချက်လက်မှတ်ထိုးခဲ့သော Specialists ပညာရှင်ကြီးများကို ဆောက်လုပ်သည့်အခါ လုပ်ငန်းအပ်သူ သူဌေးကြီးများက ဆက်လက်အသုံးမပြုတော့ဘဲ ကိုယ်တိုင်ဝင်ကြီးကြပ်ကြသည်လည်း ကိုယ်တိုင်တွေ့ကြုံဖူးပါသည်။ ဤဆောင်းပါးဘောင်အတွင်း ပြီးခဲ့သော ဖြစ်ရပ်များကို ရှာဖွေရန် မရည်ရွယ်ဘဲ မိမိတို့ နောက်နောင် ဆောက်လုပ်ကြသည့်အခါ ယခုရရှိခဲ့သော သင်ခန်းစာများကို အခြေခံ၍ နောင်ထိုကဲ့သို့ မြေငလျင်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာလျှင် လူ့အသက်များနှင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးမှုမရှိစေရန် သို့မဟုတ် များစွာလျော့နည်းစေသော စနစ်များကို လက်ခံကျင့်သုံးသင့်ကြသည်များကို ဆွေးနွေးရန်ဖြစ်ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းတွင် ရင်းနှီးကြခြင်းသည် တိုင်းပြည်အတွက် အကျိုးရှိသည်မှာ ထင်ရှားပါသည်။ ဟိုတယ်ကြီးများမှ မိမိတို့တိုင်းပြည်အတွက် နိုင်ငံခြားငွေရရှိကြသည်။ တိုက်ခန်းများမှ အချို့သူများ နေထိုင်စရာရရှိကြသည်။ ဆောက်လုပ်ရေးကဏ္ဍတွင် ပါဝင်သော အဖွဲ့အစည်းများကို အုပ်စုလိုက် ခွဲခြားကြည့်လျှင် (၁) ဟိုတယ်ကြီးများ၊ ကွန်ဒိုတိုက်ကြီးများ ပေါ်ပေါက်လို၍ အရင်းအနှီးစိုက်ထုတ်သူများ၊ (၂) ထိုရင်းနှီးမြှုပ်နှံသူ သူဌေးကြီးများ ကောင်းမွန်ခိုင်ခံ့သော အဆောက်အအုံကြီးများရရှိရေးတွင် ပါဝင်ကူညီပေးမည့် ဗိသုကာများနှင့် အထူးကျွမ်းကျင် အင်ဂျင်နီယာပညာရှင်များ၊ (၃) ကောင်းမွန်ခိုင်ခံ့သော အဆောက်အအုံကြီးများကို အာမခံတည်ဆောက်ပေးသည့် Construction Companies ဆောက်လုပ်ရေးကုမ္ပဏီများဟု အုပ်စု ၃ စုရှိကြသည်။
ထို Interest groups ရည်ရွယ်ချက်နှင့် လုပ်ငန်း ရပ် ၃ အုပ်စုတို့အပြင် ပြည်သူလူထုဘေးအန္တရာယ်ကင်းရေး၊ လူများကျန်းမာရေးအတွက် သင့်လျော်သော၊ သာယာသော လူ့ပတ်ဝန်းကျင်ပေါ်ပေါက်ရေးကို ဦးတည်ရသော နိုင်ငံတော်အစိုးရကို ကိုယ်စားပြုသော စည်ပင်သာယာရေးကော်မတီများရှိသည်။ အထက်တွင် ဖော်ပြခဲ့သော Interest groups ရည်ရွယ်ချက်နှင့် လုပ်ငန်းရပ် ၃ အုပ်စုတို့တွင် ဒုတိယအုပ်စုဝင် ဗိသုကာနှင့် အင်ဂျင်နီယာပညာရှင်များသည် ရင်းနှီးမြှုပ်နှံသူများကို အထောက်အကူပြု ကူညီသူများသာဖြစ်သည်။
အထက်ပါ အုပ်စု ၃ စုတို့ ပူးပေါင်းဆောင်ရွက်ပုံကို စာရေးသူက သင်္ကြန်မတိုင်မီရေးသော ဆောင်းပါးတွင် Tripartite သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ပုံကို ဖော်ပြခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံသူ သူဌေးကြီးများက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပင်ပန်းစွာဝင်၍ သံမည်မျှထည့်၊ ကွန်ကရစ်အချိုးမည်သို့စပ်၊ တိုင်၏အလျား၊ အနံသည်မည်မျှဖြင့်ဆောက် အစရှိသည်များကို ညွှန်ကြားကြပါလျှင် ထိုသူတို့သည် ထိုပညာတွင် ကျွမ်းကျင်သူများမဟုတ်သဖြင့် ယခုလက်တွေ့ကြုံခဲ့သကဲ့သို့ လူ့အသက်ပေါင်းများစွာနှင့် ပစ္စည်းပေါင်းများစွာ ဆုံးရှုံးနိုင်ပါသည်။
အကောင်းဆုံး၊ အသင့်လျော်ဆုံးသောနည်း မှာ Tripartite သုံးပွင့်ဆိုင်စနစ် ပေါ်ပေါက်ပြီး ရင်းနှီးမြှုပ်နှံသူများကို “ကန်ထရိုက်” သို့မဟုတ် “ဆောက်လုပ်ရေးလုပ်ငန်းရှင်” ဟူသော အခေါ်များ အစား “ရင်းနှီးမြှုပ်နှံသူ” Investor သို့မဟုတ် Real Estate Developer ဟု ခေါ်ဆိုသင့်ပြီး လက်တွေ့ဆောက်လုပ်ရသူများကိုသာ ဆောက်လုပ်ရေးကုမ္ပဏီ Construction Companies ဟု ခေါ်ဆိုသင့်ပါသည်။ အရေးကြီးသောအချက်သည် ရင်းနှီးမြှုပ်နှံသူ Real Estate Developer များ၏ လုပ်ငန်းနှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့ ခွဲခြားကြရပါမည်။ မြန်မာပြည်တွင် သီးသန့်ဆောက်လုပ်ရေးကုမ္ပဏီ Construction Companies များရှိပါသည်။ ထိုကဲ့သို့ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ကြပါက အဆောက်အအုံများပျက်စီးလျှင် ဆောက်လုပ်ရေးကုမ္ပဏီများ၏ တာဝန်သာဖြစ်ရမည်။ ဆောက်လုပ်ရေးကုမ္ပဏီများက ကျွမ်းကျင်အင်ဂျင်နီယာများထားရှိခြင်း၊ နှစ်ပေါင်း ၂၀ - ၃၀ အာမခံထားရှိခြင်း စသောစနစ်များနှင့် လုပ်ကိုင်သင့်ကြပါသည်။
Planning Permit and Zoning Regulations ကြိုတင်ဆောက်လုပ်ခွင့်နှင့် မြို့တွင်းဇုန်များအတွက် စည်းမျဉ်းများလိုအပ်ချက်
အထက်တွင် ဆောက်လုပ်ခွင့်ရရှိရေးလိုအပ်ချက်များကို တင်ပြခဲ့ပါသည်။ ယခုအပိုဒ်တွင် မိမိတို့နိုင်ငံရှိ မြို့များတွင် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးနှင့် အခြားသော မြို့ပြဖွံ့ဖြိုးရေးတွင် လိုအပ်ချက်များကို တင်ပြအပ်ပါသည်။ ရန်ကုန်၊ မန္တလေးနှင့် အခြားမိမိတို့မြန်မာ့မြို့များမှာ မိမိတို့၏ ယဉ်ကျေးမှုအဆင့်၊ မိမိတို့လူ့ဘောင်၏ ကြန်အင်လက္ခဏာများကို ဖော်ပြလျက်ရှိသည်။ ယခုကဲ့သို့ ပြန်လည်တည်ဆောက်ကြသည့် အခါတွင်လည်းကောင်း၊ အဆောက်အအုံသစ်များ ဆောက်လုပ်သည့် အခါတွင်လည်းကောင်း အထပ်မြင့်အဆောက်အအုံများသည် မိမိတို့၏ အထွတ်အထိပ်ဖြစ်သည့် ဘုရားစေတီပုထိုးများကို လွှမ်းခြင်းမရှိသင့်ပါ။ သမ္မတကြီး ဦးသိန်းစိန်အစိုးရ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်လက်ထက်တွင် မြန်မာတို့၏ အထွတ်အထိပ်ဖြစ်သော ရွှေတိဂုံစေတီတော်ဝန်းကျင်အဆောက်အအုံများကို စေတီတော်ရင်ပြင်ထက်ပို၍ မမြင့်ရန်စည်းကမ်းကို လက်ခံကျင့်သုံးခဲ့ကြသည်။ မန္တလေးမြို့တွင်လည်း သမ္မတကြီး ဦးသိန်းစိန်အစိုးရ၊ ဝန်ကြီးချုပ် ဦးရဲမြင့်လက်ထက်တွင် နန်းမြို့ရိုးပတ်လည်နှင့် မန္တလေးတောင်မြင်ကွင်းကို ကွယ်စေသည့် ၆၆ လမ်းတစ်လျှောက်တွင် အဆောက်အအုံ အမြင့်သတ်မှတ်ချက်စည်းကမ်းများထားရှိခဲ့သည်။
မြန်မာမြို့များ ကြန်အင်လက္ခဏာထိန်းသိမ်းရေးအပြင် လမ်းဆုံလမ်းခွများတွင်ကပ်၍ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်လျှင် ယာဉ်ကြောပိတ်ဆို့ခြင်း၊ ထိုနေရာများတွင် ယာဉ်ရပ်နားရန် နေရာမရှိခြင်း စသည်တို့ကြောင့် မြို့များတွင် Zoning plans များ ထားရှိကြပါသည်။ Zoning plans များတွင် မြို့တွင်းဇုန်တို့အလိုက် Building heights ဆောက်ခွင့်ရှိသောအမြင့်၊ Floor area densities ကြမ်းခင်းဧရိယာသိပ်သည်းမှု၊ Set-back distance လမ်းမှ နောက်ဆုတ်ရန်အကွာအဝေးအစရှိသည်တို့ကို သတ်မှတ်ပါသည်။ ထိုအချက်နှင့် တွဲဖက်၍ အထက်တွင် ဆွေးနွေးခဲ့သော B.P. ဆောက်လုပ်ခွင့်ပါမစ်မတင်မီ Planning Permit ဟုခေါ်သော “အကြိုဆောက်လုပ်ခွင့်” ကိုတင်သော စည်းကမ်းထားကြသည်။ ထို P.P. “အကြိုဆောက်လုပ်ခွင့်” တွင် အထက်၌ ဆွေးနွေးခဲ့သော အသေးစိတ်ပုံများ၊ Structural calculations စသည်တို့မပါသေးဘဲ ဗိသုကာပုံစံများသာ လိုအပ်သည်။ ထိုသို့ Planning Permit ခေါ် “အကြို ဆောက်လုပ်ခွင့်” ထားရှိခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူတို့သည် ဗိသုကာများ၏အကူအညီနှင့် ဆောက်လုပ်မည့်အဆောက်အအုံ၏ အတိုင်းအတာ၊ အမြင့်၊ ရရှိနိုင်မည့် အခန်းပေါင်းစသည်တို့ကို ကြိုတင်တွက်ချက်နိုင်ပါသည်။
အကျဉ်းချုံးအဆိုပြုချက်များ
ဤဆောင်းပါးမှ အချက်အားလုံးတို့ကိုခြုံ၍ တင်ပြရပါလျှင် (၁) ယခု မတ်လတွင် ကြုံခဲ့ရသော အသက်နှင့်အိမ်ရာများ ဆုံးရှုံးသူများ ပြန်လည်တည်ဆောက်ရေးတွင် ဘဏ်ချေးငွေစနစ်ဖြင့်လည်း ပါဝင်ကူညီသင့်ပါကြောင်း တင်ပြအပ်ပါသည်။ (၂) Real Estate Developer ဟု ခေါ်ဆိုသင့်သော ရင်းနှီးမြှုပ်နှံသူများ၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျွမ်းကျင်သည့် ဗိသုကာနှင့် အင်ဂျင်နီယာပညာရှင်ကြီးများနှင့် ဆောက်လုပ်ရေးကမ္ပဏီ Con-struction Companies တို့သည် Tripartite သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ကြလျှင် နောက်နောင်ဘေးအန္တရာယ်များ ပေါ်ပေါက်လာလျှင် လူ့အသက်များနှင့် ပစ္စည်းများ ဆုံးရှုံးခြင်းများ များစွာလျော့နည်းပေမည်။ (၃) မိမိတို့ ပတ်ဝန်းကျင်၊ မိမိတို့မြို့ရွာများသည် မိမိတို့၏ ဘဝ၊ မိမိတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ထုတ်သည်။ မိမိတို့၏ ယဉ်ကျေးမှုအရ မိမိတို့၏ ဘုရားစေတီပုထိုးများအပေါ် အထပ်မြင့်အဆောက်အအုံများဖြင့် လွှမ်းမိုးခြင်း၊ စေတီပုထိုးများ၏ အမြင်လမ်းကြောင်း ပိတ်ဆို့ခြင်းများ မဖြစ်အပ်ပေ။ မိမိတို့၏ ယဉ်ကျေးမှုကို ထိန်းသိမ်းရန်နှင့် မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုအစရှိသောအထွေထွေ ပြဿနာများ လျော့နည်းစေရန် Zoning plans များ ထားရှိကြရန် လိုအပ်ပါသည်။
Source: MOI
ကဆုန်လသည် အပူဓာတ်လွန်ကဲသောလဖြစ်သည်။ မြစ်ချောင်းအင်းအိုင်များ ရေခန်းခြောက်ချိန်ဖြစ်သည်။ သို့ရာတွင် မုတ်သုံမိုးတစ်ပြိုက်၊ နှစ်ပြိုက် ရွာသွန်းတတ်သဖြင့် မိုးရေစွတ်စိုသောမြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့သင်းပျံ့ပျံ့ကိုရှူရှိုက်ရသောလလည်းဖြစ်သည်။ ရှေးမြန်မာများက ကဆုန်အတွင်း မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့ဟု ဆိုရိုးပြုခဲ့ကြသည်။ ကဆုန်လတွင် နေအပူရှိန်အပြင်းထန်ဆုံး အချိန်ဖြစ်သောကြောင့် တချို့သောဒေသများတွင် ရေရှားပါးပြတ်လတ် ခန်းခြောက်မှုများ ကြုံတွေ့ကြရသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တို့သည် မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှန်းကာ ဗောဓိပင်အပွားတော်များကို သဒ္ဓါ တရားထက်သန်စွာဖြင့် ရေစင်သွန်းလောင်းလေ့ ရှိကြသည်။ ထို့အပြင် ကုဆုန်လပြည့်နေ့ကို ကဆုန် ညောင်ရေသွန်းပွဲတော်အခါသမယနေ့ ဟုလည်း ခေါ်လေ့ရှိကြသည်။
ကဆုန်လသည် မြန်မာတစ်ဆယ့်နှစ်လတွင် ဒုတိယလဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ ကဆုန်လကို မြန်မာမူအရ ပြိဿရာသီခေါ်၍ ထိုလတွင် စန်းပြည်နက္ခတ်မှာ ဝိသာခါနက္ခတ်ဖြစ်သည်။ ယှဉ်သောတာရာမှာ တံငါတာရာဖြစ်သည်။ ရာသီရုပ်မှာ နွားထီးရုပ်ဖြစ်သည်။ ရာသီပန်းကား စံကားပန်းဖြစ်၍ ရာသီပွဲတော်ကား ညောင်ရေသွန်းပွဲတော် ဖြစ်သည်။ ကဆုန်ကို ပုဂံခေတ်ကျောက်စာများတွင် ကုဆုန်ဟုရေးထိုးထားသည်။ ထိုမှတစ်ဆင့် ကဆုန်ဟူ၍ ရေးသားလာခြင်းဖြစ်သည်။ ကု၊ က၏ အနက်အဓိပ္ပာယ်သည် ရေဖြစ်သည်။ ဆုန်၏အနက်အဓိပ္ပာယ်သည် သွန်းလောင်းခြင်းဖြစ်သည်။ ထို့ကြောင့် ကဆုန်လကို ရေသွန်းလောင်းလ၊ ရေလောင်းလဟု အဓိပ္ပာယ်ကောက်ယူနိုင်ပေသည်။
“ကဆုန်နယုန်ဆွေ့ဆွေ့ခုန်” ဆိုသည့်အတိုင်း ကဆုန်လ၏ အပူချိန်သည် လွန်စွာပင်ပူပြင်းလှပါသည်။ မေလအတွင်း တချို့သောဒေသများ၌ အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ်အထိပင် ရှိနေပြီဖြစ်သည်။ ထိုသို့အပူချိန်မြင့်မားလာမှုကြောင့် တချို့သောဒေသများတွင် သောက်သုံးရေရှားပါးသော်လည်းအလှူဒါနရက်ရောကြသည့် မြန်မာလူမျိုးတို့သည် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင်ရေကို ရနိုင်သည့်နေရာမှ ပင်ပန်းကြီးစွာ သွားရောက်ခပ်ယူကာ မဟာဗောဓိညောင်ပင်အားကုသိုလ်ဖြစ် ရေလောင်းလှူကြပါသည်။ ရှေးယခင်ကတည်းက ကျေးရွာ၊ ရပ်ကွက်အလိုက် ဘုရား၊ ကျောင်းကန်များရှိ မဟာဗောဓိညောင်ပင်များကို စုပေါင်းရေလောင်းလှူကြသည့်ဓလေ့သည် မြန်မာလူမျိုးတို့၏ ကောင်းမွန်သော အလေ့အထတစ်ခုပင် ဖြစ်သည်။
မြတ်စွာဘုရားအလောင်းတော်သည် ယခုလို ပူပြင်းလှသည့်နွေရာသီတွင် ဒီပင်္ကရာဘုရားရှင်ထံ ဗျာဒိတ်တော်ခံယူပြီးနောက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီတော်ဖြည့်ကျင့်ခဲ့ရသည်။ ထိုကာလများတွင် မြတ်စွာဘုရားအလောင်း တော်သည် ဘဝပေါင်းများစွာကို ဖြတ်သန်းခဲ့ရပြီး အသက်၊ သွေး၊ ချွေးများစွာကို စွန့်လွှတ်ခဲ့ရသည်။ အထူးသဖြင့် သာမန်ပုထုဇဉ်လူသားတို့ ပြုနိုင်ခဲသော ခန္တီပါရမီကို ဖြည့်ကျင့်နိုင်မှုပင်ဖြစ်သည်။ အလှူ အတန်းနှင့်ပတ်သက်၍ ဇနီး၊ သား၊ သမီးများ အပါ အဝင် မိမိအသက်ကိုပင် ဘဝပေါင်းများစွာ၌ စွန့်လွှတ် လှူဒါန်းနိုင်ခဲ့ပေသည်။
“ဖွားမြင်၊ ပွင့်စံ၊ ဗျာဒိတ်ခံ၊ နိဗ္ဗာန်ကြွတော်မူ” ဆိုသည့်အတိုင်း ကဆုန်လပြည့်ဗုဒ္ဓနေ့သည် ဗုဒ္ဓ ဘာသာဝင်များ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ပင်ဖြစ်သည်။ ထိုနေ့တွင် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်မည်ဟု ဗျာဒိတ်ခံယူရရှိခြင်း၊ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့ (သောကြာနေ့)တွင် ဘုရားအလောင်းတော်အား ဖွားမြင်တော်မူခြင်း၊ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓဟူးနေ့)တွင် သစ္စာလေးပါးကို သိမြင်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့ (အင်္ဂါနေ့)တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းနှင့် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်း စသည့်အကြောင်း တရားလေးပါးနှင့် ပြည့်စုံတော်မူသော နေ့ထူး နေ့မြတ်ပင်ဖြစ်သည်။
ကဆုန်လသည် သက္ကတ၊ ပါဠိ၊ ဟိန္ဒီဘာသာတို့ တွင် ‘ဝိသာခါ’ Vesaka ဖြစ်၍ ဝိသာခါနက္ခတ်နှင့် ယှဉ်သောလဖြစ်သည်။ သီဟိုဠ်ဘာသာဖြင့် အသံထွက်တွင် Vesak ဟူ၍ဖြစ်ရာ ယင်းအသံထွက်ကိုလိုက်၍ ကဆုန်လပြည့်နေ့ကို Vesak Day ဟု အနောက် နိုင်ငံသားတို့က ခေါ်ဆိုကြသည်။ ၁၉၉၉ ခုနှစ် (၅၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့သည်။
မြတ်စွာဘုရား၏ မိခင် သီရိမဟာမာယာဒေဝီ မိဖုရားကြီးသည် ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေချိန် တွင် မွေးရပ်မြေဒေဝဒဟပြည်ရှိ ဆွေမျိုးများထံသို့ ပြန်ပြီး ဘုရားလောင်းအား မီးဖွားသန့်စင်လိုသဖြင့် ကပိလဝတ်တိုင်းပြည်မှ ထွက်ခွာခဲ့ပါသည်။ ဘုရား လောင်း၏ဖခင် သုဒ္ဓေါဓနမင်းကြီးသည် မယ်တော်မာယာအား ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေသဖြင့် ထိုသို့ခရီးရှည်မသွားရောက်ရန် အကြိမ်ကြိမ်တားဆီးခဲ့ပါသည်။ သို့ရာတွင် မိဖုရားကြီး၏ ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် နောက်ဆုံးတွင် ဆွေးမျိုးများထံသို့ သွားရောက်ရန်ခွင့်ပြုပေးခဲ့ရသည်။ မင်းကြီး ထင်ထားသည့်အတိုင်းပင် ဘုရားအလောင်းတော်ကို လမ်းခုလပ်တွင် လုမ္ဗိနီအမည်ရှိ အင်ကြင်းဥယျာဉ်၌ ဖွားမြင်တော်မူခဲ့သည်။ ထို့ကြောင့် ဘုရားအလောင်းတော်ကို ယခုလို ပူပြင်းသည့်နွေရာသီ ကဆုန်လ၌ပင် ဖွားမြင်တော်မူခဲ့ခြင်းဖြစ်သည်။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ၁၆ နှစ်အရွယ်တွင် ယသောဓရာမင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို နွေ၊ မိုး၊ ဆောင်း နန်းဆောင်သုံးခု၌ ၁၃ နှစ်ကြာ စံမြန်းတော်မူ ခဲ့သည်။ ထို့နောက် ဥယျာဉ်တော်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီးလေးပါးတို့ကို မြင်တွေ့ပြီးနောက် မအို၊ မနာ၊ မသေသော လမ်းစဉ်ကို ရှာဖွေရန် အတွက် တောထွက်တော်မူခဲ့သည်။ တောရပ်မြိုင် တွင် ခြောက်နှစ်ကြာ ဒုက္ကရစရိယာကျင့်ပြီး သက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်းဖြစ်သည်။ မလျှော့သောဇွဲလုံ့လဖြင့် စဉ်ဆက်မပြတ် အားထုတ်ကျင့်ကြံခဲ့ခြင်းကြောင့်သာ ချစ်ချစ် တောက်ပူပြင်းလှသည့် ကဆုန်နေရောင်အောက်တွင် သစ္စာလေးပါးကို သိမြင်တော်မူသော သုံးလောကထွတ်ထား မြတ်ဘုရားအဖြစ်သို့ ရောက်ရှိ တော်မူခဲ့ခြင်းဖြစ်သည်။
မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသည့်နေ့မှစပြီး သတ္တဝါများကို ကယ်တင်နိုင်ရန်အတွက် ညဉ့်အချိန်တွင် နှစ်နာရီခန့်သာ သတိတရားဖြင့် တရားမှတ်အနားယူခဲ့သည်မှလွဲ၍ လူ၊ နတ်၊ ဗြဟ္မာတို့အား ၄၅ ဝါတိုင်တိုင် အချိန်ပြည့် တရားတော်များ ဟောကြားသွန်သင်ဆုံးမခဲ့ သည်။ ထိုသို့ ကရုဏာကြီးမားစွာဖြင့် သွန်သင်ဆုံးမ ဟောကြားနေရာမှ သက်တော် ၈၀ ပြည့်သည့်အချိန် သက္ကရာဇ် ၁၄၈ ခုနှစ်က ဆုန်လပြည့်နေ့ (အင်္ဂါနေ့) တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ မြတ်စွာဘုရား နှင့် ဆက်စပ်သော ထူးခြားသည့်ဖြစ်စဉ်များသည် ကဆုန်လပြည့်နေ့တွင် အများဆုံးဖြစ်ခဲ့သည်။ ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာများအတွက် အထွတ်အမြတ်ထားရာ နေ့ထူး နေ့မြတ်ပင်ဖြစ်သည်။
ဆိုရလျှင် နှစ်စဉ်ကဆုန်လပြည့်နေ့သည် ဗုဒ္ဓနေ့ပင်ဖြစ်သည်။ ထိုနေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာနလူမျိုးများအတွက် ထူးခြားလေးနက်သော နေ့တစ်နေ့ဖြစ်သည်။ အကြောင်းမူကား ဘုရားအလောင်းတော်သည် လွန်ခဲ့သောသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး မြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ မြတ်စွာဘုရားအလောင်းတော်သည် ယခုလို ပူပြင်းခြောက်သွေ့သော နွေရာသီအပူချိန်အောက်တွင် သစ္စာလေးပါး တရားထူးတရားမြတ်ကို ထိုးထွင်း သိမြင်နိုင်အောင် ကျင့်ကြံအားထုတ်ခဲ့ရသည်။ ဘဝပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ရသော ပါရမီအဟုန်တို့ကြောင့် မာရ်နတ်နှောင့်ယှက်နေသည့်ကြားမှပင် ဗောဓိပင်နှင့် ရွှေပလ္လင်ထက်ဝယ် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်းသိမြင်နိုင်ခဲ့သည်။ ထိုအကြောင်းတရားများကြောင့် မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့ကို အမြတ်ဆုံးနေ့အဖြစ် သတ်မှတ်ထားကြခြင်းဖြစ်သည်။
အမှန်တော့ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား၏ဖွားဖက်တော် ခုနစ်ပါးတွင် မဟာဗောဓိညောင်ပင်လည်း ပါရှိသည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီး နောက်ပိုင်း မဟာဗောဓိညောင်ပင်ကို မြတ်စွာဘုရားအား ရည်မှန်းကာ နှစ်စဉ်ကဆုန်လပြည့်နေ့တွင် အမွှေးနံ့သာများဖြင့် ညောင်ရေသွန်း ကုသိုလ်ပြုကြခြင်း ဖြစ်သည်။ ညောင်ရေသွန်းပွဲတော်ကို ပုဂံခေတ်ကတည်းက ကျင်းပခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်များအား တောရောမြို့ပါ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ နိုင်ငံတစ်ဝန်းတွင် ကျင်းပသည့် ကဆုန်ညောင်ရေ သွန်းပွဲတော်သည် တစ်နှစ်ထက်တစ်နှစ် ပိုမို စည်ကားလျက်ရှိသည်။ ထိုမြင်ကွင်းများကို တွေ့ရ မြင်ရသည်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦးအတွက် များစွာ ပီတိဖြစ်ရပါသည်။
ထိုသို့ ထူးမြတ်သည့်ဗုဒ္ဓနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုး၊ ရိပ်သာများတွင် ဥပုသ်သီတင်းသီလဆောက်တည်သူများ၊ ဒါန၊ သီလ၊ ဘာဝနာပွားများသူများဖြင့် အထူးစည်ကားလျက်ရှိ သည်။ နှစ်စဉ်ကဆုန်လပြည့်နေ့တွင် အစိုးရရုံး၊ ဌာနများအား ပိတ်ပေးထားသဖြင့် နိုင်ငံ့ဝန်ထမ်းများသည် လည်း အခြားပြည်သူများနည်းတူ ဘုရား၊ ကျောင်းကန်များသို့ သွားရောက်ကာ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းတို့ကို လွတ်လပ်စွာ ပြုလုပ်ပွားများ လှူဒါန်းနိုင်ကြပါသည်။
မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင် ယဉ်ကျေးသိမ်မွေ့သော ဝတ်စားဆင်ယင် ထုံးဖွဲ့မှုမျိုးဖြင့်သာ ညောင်ရေသွန်းပွဲတော်သို့ သွားရောက် လေ့ရှိကြသည်။ ထိုနေ့တွင် ဘုရား၊ စေတီပုထိုးများ၌ ညောင်ရေသွန်းပွဲတော်သို့ လာရောက်ကုသိုလ်ပြု ကြသည့် အလှူရှင်များနှင့် ပြည့်နှက်နေလျက်ရှိသည်။ ထိုသို့လာရောက်ကုသိုလ်ပြုကြသည့် အသက်အရွယ်ပေါင်းစုံသည် ယောဂီအရောင် ထဘီ၊ ပုဆိုးနှင့် အဖြူရောင်အင်္ကျီသန့်သန့်ကလေးများကိုသာ ဝတ်ဆင်ထားကြသည့်အပြင် ယောဂီရောင်တဘက် ကလေးများကိုပါ ခြုံထားသည့် မြင်ကွင်းကလည်း ကြည့်ရ၊ မြင်ရသူများ၏ရင်ကို အေးမြစေပါသည်။
ဆိုရလျှင် ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များနှင့် ဆက်စပ်မှုများရှိနေသောကြောင့် ဗုဒ္ဓနေ့ဟုပင် တင်စားခေါ်ဝေါ်လျက်ရှိသည်။ မြန်မာ လူမျိုးတို့သည် နှစ်စဉ်ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာကို ရည်မှန်းလျက် ဖွားဖက်တော် မဟာဗောဓိညောင်ပင်ကို အမွှေးနံ့သာရည်များဖြင့် ညောင်ရေသွန်းလောင်းလေ့ရှိသည်။ ထိုဗုဒ္ဓနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများရှိ ဗောဓိ ညောင်ပင်များတွင် ညောင်ရေသွန်းလောင်းသူများဖြင့် အထူးစည်ကားလျက်ရှိသည်။ ထို့ပြင် ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများတွင်လည်း ဥပုသ် သီတင်းသီလဆောက်တည်သူများ၊ တရားအားထုတ် သူများနှင့် ပြည့်နှက်လျက်ရှိသည်။
ထို့ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများအနေဖြင့် ဗုဒ္ဓ၏ဖြစ်တော်စဉ်များ ပြည့်နှက်လွှမ်းခြုံလျက်ရှိသည့် ထူးခြားလေးနက် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် မြတ်ဗုဒ္ဓ၏ ဖွားဖက်တော် မဟာဗောဓိညောင်ပင်အား ရေသွန်းလောင်းရင်း ဒါန၊ သီလ၊ ဘာဝနာများပွားများကာ ကောင်းမှုကုသိုလ်အစုစုကို ဆတက်ထမ်းပိုးပြုလုပ်သွားကြပါ စို့ဟု ဆန္ဒပြုရေးသားလိုက်ရပါသည်။ ။
Source: MOI
ယနေ့ကမ္ဘာ့အခြေအနေကို ပြန်တွေးဆကြည့်မယ်ဆိုရင် တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာ ချစ်ကြည်ရင်းနှီးမှုတွေကို ပိုမိုတိုးမြှင့်တည်ဆောက် လာခဲ့ကြတာတွေ့ရမှာပါ။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံအားလုံးက ချစ်ကြည်ရင်းနှီးမှုတွေတည်ဆောက်နေကြတာတော့ မဟုတ်ပါဘူး။ တစ်ဖက်က ဧကဝင်ရိုးကိုလိုလားတဲ့ နိုင်ငံတွေနဲ့ အခြားတစ်ဖက်မှာကျတော့ ဗဟုဝင်ရိုးကိုလိုလားတဲ့ နိုင်ငံတွေဆိုပြီး ဖြစ်တည်လာကြတာပါ။
ဒီနေရာမှာ ဧကဝင်ရိုးနဲ့ ဗဟုဝင်ရိုးဆိုတာကို အနည်းငယ်ရှင်းပြချင် ပါသေးတယ်။ ဧကဝင်ရိုးကမ္ဘာကြီးဆိုတာက တစ်ကမ္ဘာလုံးရဲ့အခင်း အကျင်းအဖြစ်အပျက်အားလုံးက အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် အင်အားကြီးအုပ်စုတစ်ခုရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိ သွားတာမျိုး ဖြစ်ပါတယ်။ ဗဟုဝင်ရိုးကမ္ဘာဆိုတာ ကမ္ဘာ့နိုင်ငံအားလုံးက ဧကဝင်ရိုးလိုမျိုး ဗဟိုထိန်းချုပ်မှုကနေလွတ်ကင်းပြီး အမှန်တကယ် လွတ်လပ်တဲ့နိုင်ငံများအဖြစ်သို့ ဦးတည်လျှောက်လှမ်းနေတဲ့ အခြေအနေဖြစ်ပါတယ်။
ဗဟုဝင်ရိုးကမ္ဘာကြီးကို တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်လာ
ဒီတော့ ဧကဝင်ရိုးနဲ့ဗဟုဝင်ရိုးမှာဆိုရင် သွားတဲ့ပုံစံချင်းလည်းမတူသလိုရရှိလာတဲ့ အကျိုးကျေးဇူးချင်းလည်းမတူပါဘူး။ ဧကဝင်ရိုးကနေရရှိလာတဲ့အကျိုးကျေးဇူးက တစ်ဦးကောင်း၊ တစ်အုပ်စုကောင်းအတွက်သာဖြစ်ပေမယ့် ဗဟုဝင်ရိုးကနေရရှိလာတဲ့ အကျိုးကျေးဇူးကျတော့ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ကိုယ့်အတွက်ကျန်မှာ ဖြစ်သလို အဲဒီအကျိုးရလဒ်ကိုလည်း ဘယ်သူ့ကိုမှပြန်ခွဲပေးစရာမလိုပါဘူး။ ဒါကြောင့် ကမ္ဘာ့နိုင်ငံများက ဗဟုဝင်ရိုးကမ္ဘာကြီးကိုတည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်လာနေကြတာဖြစ်ပါတယ်။
ဒီလိုမျိုး ဗဟုဝင်ရိုးကမ္ဘာကြီးကိုတည်ဆောက်နိုင်ဖို့အတွက် ရုရှား၊ တရုတ်၊ ဘရာဇီးတို့လိုမျိုး အင်အားကြီးနိုင်ငံများက ဦးဆောင်လျက်ရှိပါတယ်။ ဥပမာ BRICS ဆိုတဲ့အဖွဲ့အစည်းကို ကြည့်လိုက်ရင်တွေ့ရမှာပါ။ အဲဒီအဖွဲ့အစည်းကြီးက သူတို့ကိုယ်တိုင်လည်း ရှေ့ဆောင်လမ်းပြအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေသလို သူတို့နဲ့လက်တွဲပါဝင်လိုတဲ့ အင်အားနည်းနိုင်ငံများကိုလည်း အတူတကွဆွဲခေါ်နေတာတွေ့ရပါတယ်။
ရုရှားနိုင်ငံနဲ့ချစ်ကြည်ရေးကို ပိုမိုခိုင်မာအောင်တည်ဆောက်နိုင်ခဲ့
နိုင်ငံရေးဆိုတာ အင်မတန်မှပါးနပ်ဖို့လိုပါတယ်။ ဒီအရေးက ကမ္ဘာ့နိုင်ငံများနဲ့ယှဉ်လာပြီဆိုရင်တော့ အလွန်ကိုကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်မှသာ ကိုယ့်အတွက်အကျိုးကျေးဇူးများစွာ ရရှိစေမှာပါ။ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ နိုင်ငံ့တာဝန်များကို ခေတ္တတာဝန်ယူဆောင်ရွက် နေရတယ်ဆိုပေမယ့်လည်း ကမ္ဘာ့နိုင်ငံများနဲ့ယှဉ်ပြီး လုပ်ဆောင်ရမယ့် အရေးကိစ္စတွေမှာဆိုရင် လိမ္မာပါးနပ်လွန်းစွာ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အိမ်နီးချင်းအင်အားကြီးနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင်တည်ဆောက်ခဲ့ရုံသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံနဲ့ချစ်ကြည်ရေးကို ပိုမိုခိုင်မာအောင်တည်ဆောက်နိုင်ခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက နိုင်ငံတော်တာဝန်များကို ယူထားရတဲ့ကာလတစ်လျှောက်လုံးမှာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ရုရှားနိုင်ငံကို လေးကြိမ်မြောက် ချစ်ကြည်ရေးခရီးသွားရောက်ကာ ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်နဲ့ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးတွေ့ဆုံမှုတွေမှာ နှစ်နိုင်ငံကြားအကျိုးရှိစေမယ့် စီမံကိန်းများကို ပူးပေါင်းအကောင်အထည်ဖော်ရေးအတွက်သာမက မြန်မာနိုင်ငံအတွက် အကျိုးများမယ့်ကူညီမှုများပေးအပ်ရေးအတွက်လည်း သဘောတူညီခဲ့ကြပါတယ်။ အခုဆိုရင် နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကို ငါးကြိမ်မြောက် ချစ်ကြည်ရေးခရီးသွားရောက်ရာကနေ ပြန်လည်ရောက်ရှိလာပါပြီ။
တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်
ယခုတစ်ခေါက် ချစ်ကြည်ရေးခရီးစဉ်က ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနဲ့အတူ ဆက်စပ်အခမ်း အနားတွေကို တက်ရောက်ဖို့အတွက်သွားခြင်းဖြစ်ပါတယ်။ ဒီခရီးစဉ်ကို လာဖို့ကိုလည်း ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်ကိုယ်တိုင်က ပြီးခဲ့တဲ့တစ်ခေါက်တွေ့ဆုံမှုမှာ ဖိတ်ကြားလိုက်တာပါ။ ထူးခြားတာက ဒီတစ်ခေါက်ခရီးစဉ်မှာ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးကိုယ်တိုင်ကလည်း နိုင်ငံတကာနဲ့မြန်မာနိုင်ငံတို့ကြား ဆက်ဆံရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးရေးရာကိစ္စတွေမှာပါ။
အခွင့်အလမ်းတွေ ပေါ်ထွန်းလာ
နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက မေလ ၈ ရက်နံနက်ပိုင်းမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ ဗယ်လက် တီနာမတ်ဗီယန်ကိုနဲ့ တွေ့ဆုံပြီး ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြား ပညာရေး၊ စီးပွားရေးကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာဥက္ကဋ္ဌ အန်နာနက်စတီရိုဗာနဲ့တွေ့ဆုံပြီး အမျိုးသမီးရေးရာအခန်းကဏ္ဍအားပေးမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ တာတွေ့ရပါတယ်။ ဒီလိုမျိုးတွေဆွေးနွေးနိုင်ခြင်းဟာ သိပ်ကို ကောင်းမွန်တဲ့လက္ခဏာတစ်ခုလို့ ပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံဟာ ကျား၊ မ ခွဲခြားခြင်းမရှိတဲ့ အားလုံးကိုတစ်ပြေးညီဆက်ဆံနေတဲ့နိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံအတွင်းမှာသာမကကမ္ဘာမှာပါ အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်မှုကို အားပေးမြှင့်တင်နိုင်မယ့် အခွင့်အလမ်းတွေပေါ်ထွန်းလာလို့ ဖြစ်ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အခုသွားခဲ့တဲ့ရုရှားခရီးစဉ်မှာ နောက်ထပ်ထူးခြားမှုတစ်ခု ရှိပါသေးတယ်။ အထက်မှာဆိုခဲ့တဲ့အတိုင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရုရှားနိုင်ငံကကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနဲ့ ဆက်စပ်အခမ်းအနားတွေကို တက်ရောက်ခြင်းဖြစ်ပါတယ်။ ထူးခြားမှုကတော့ အဲဒီစစ်ရေးပြအခမ်းအနားမှာ မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲက ရင်ပြင်နီမှာပါဝင် တက်ရောက်စစ်ရေးပြခွင့်ရရှိခဲ့တာပါ။ ဒီလိုမျိုးပါဝင်ခွင့်ရခြင်းဟာ သမိုင်းတစ်လျှောက်မှာ ပထမဆုံးဖြစ်ပါတယ်။ မြန်မာ့တပ်မတော် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲက တရုတ်၊ ဗီယက်နမ်၊ လာအို အစရှိတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံနဲ့အတူ စစ်ရေးပြခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ပါဝင်စစ်ရေးပြခွင့်ရရှိခြင်းက မြန်မာ့တပ်မတော်ကို ကမ္ဘာ့အသိုင်း အဝိုင်းမှာ ပိုမိုထင်ရှားလာစေပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နိုင်ငံအကျိုးအတွက် ဖော်ဆောင်ရတဲ့ ပြည်ပခရီးစဉ်တွေမှာ အမြဲတမ်းတက်တက်ကြွကြွရှိလှတဲ့ ပုံစံအတိုင်းပဲ အခုတစ်ခေါက်မှာလည်း နိုင်ငံအတွက်အကျိုးရှိမယ့်တွေ့ဆုံမှုတွေကို တက်ကြွစွာဆောင်ရွက်ခဲ့ တာတွေ့ရပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကိုရောက်ရှိပြီး နောက်တစ်ရက်နံနက်ပိုင်းမှာပဲ ရုရှားနိုင်ငံရဲ့ နာမည်ကျော်သတင်း ဌာနတွေဖြစ်တဲ့ RT TV Channel နဲ့ Krasnaya Zvezda သတင်းစာတို့ရဲ့ တွေ့ဆုံမေးမြန်းမှုတွေကို စိတ်ရှည်လက်ရှည်နဲ့ပြည့်ပြည့်စုံစုံ ဖြေကြားပေးပါတယ်။ ဒီသတင်းဌာနတွေရဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ပြန်လည်ဖြေကြားမှုတွေက မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား ချစ်ကြည်ရေးကို ခိုင်မာစေရုံသာမက မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်များကိုလည်း ကမ္ဘာကသိရှိခွင့်ရမှာဖြစ်ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်ဟာ မေလ ၈ ရက် ညနေပိုင်းမှာတော့ ကာဇက်စတန်နိုင်ငံသမ္မတနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်နိုင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်က တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲအခမ်းအနားသို့ အခြားသောနိုင်ငံ့ခေါင်းဆောင်များနဲ့အတူ တက်ရောက်ပြီး ရုရှားသမ္မတနဲ့တွေ့ဆုံကာ ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့တာလည်းတွေ့ရပါတယ်။ မေလ ၉ ရက် နံနက်ပိုင်းမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရင်ပြင်နီမှာကျင်းပတဲ့ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲနှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်း အနားသို့တက်ရောက်ပါတယ်။ ပြီးတဲ့အခါ အခြားနိုင်ငံ့ခေါင်းဆောင်များနဲ့အတူ အညတရစစ်သည်ဗိမာန်သို့သွားရောက်၍ ပန်းခွေချ အလေးပြုပါတယ်။ ပြီးနောက် ရုရှားသမ္မတမစ္စတာဗလာဒီမာပူတင် ရဲ့ရုံးခန်းမှာ နေ့လယ်စာသုံးဆောင်ပါတယ်။
တကယ်တော့ မေလ ၉ ရက်ဆိုတာ နိုင်ငံတော်ဝန်ကြီးချုပ်အတွက် အလုပ်အများဆုံးသောနေ့တစ်နေ့ဖြစ်သလို အကျိုးအများဆုံးသောနေ့တစ်နေ့ဆိုရင်လည်း မမှားပါဘူး။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ဒီအခမ်းအနားကိုတက်ရောက်ခဲ့တဲ့အတွက် နိုင်ငံတကာမှခေါင်းဆောင်များနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံကြားဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့အတွက်ကို ဆွေးနွေးနိုင်ခဲ့ပါတယ်။
ပူးပေါင်းဆောင်ရွက်ရေးအမြင်ချင်းဖလှယ်ဆွေးနွေး
နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့ မေလ ၉ ရက်ညနေပိုင်းမှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံစဉ်မှာ နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင် ရွက်မှုများမြှင့်တင်နိုင်ရေး၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ပတ်သက်ပြီး ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား နှစ်နိုင်ငံဆက်ဆံရေးက ဒီနှစ် မှာ စိန်ရတုတိုင်ပြီဖြစ်ပါတယ်။ ဒီကာလအတွင်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် ကူညီမှုတွေပေးခဲ့သလို မြန်မာနိုင်ငံကလည်း တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းနိုင်ငံအဖြစ် ရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံတကာခေါင်းဆောင်များနဲ့တွေ့ဆုံစဉ်မှာ အမြဲမပြတ်ပြောနေကျ စကားတစ်ခု ရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့အကြောင်းနဲ့ အဲဒီရွေးကောက်ပွဲကိုလည်း နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကို ဖိတ်ကြားသွားမယ်ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်က အခုလို တရုတ်နိုင်ငံသမ္မတနဲ့တွေ့ဆုံစဉ်မှာ ဒီအကြောင်းကိုလည်း ထပ်လောင်းပြောခဲ့တာ တွေ့ရပါတယ်။ ဒါဟာ နိုင်ငံတော်အကြီးအကဲတစ်ဦးအနေနဲ့ ကမ္ဘာသိအသိပေးခြင်း ဖြစ်တာကြောင့် နိုင်ငံတကာစာမျက်နှာမှာလည်း မြန်မာနိုင်ငံရဲ့ပုံရိပ်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ဖော်ဆောင်နေတဲ့ခါးပတ်တစ်ကွင်း၊ လမ်းတစ်ကြောင်းဆိုတဲ့စီမံကိန်းကြီးအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး တက်ကြွစွာပါဝင်ဆောင်ရွက်မယ် ဆိုတဲ့အကြောင်း၊ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မြှင့်တင်ရေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို နိုင်ငံတော်ဝန်ကြီးချုပ်က ပြောဆိုဆွေးနွေးခဲ့တာတွေ့ရပါတယ်။ ဒီလိုဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ဖွံ့ဖြိုးတိုးတက် မှုတွေကိုဖြစ်ပေါ်လာစေမှာပါ။
မြန်မာနိုင်ငံရဲ့ဆောင်ရွက်ချက်များကို ထောက်ခံ
နောက်တစ်ခုက တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ထောက်ခံကြောင်း၊ နိုင်ငံတည်ငြိမ်ရေးနဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မြန်မာနိုင်ငံရဲ့ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံမှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အစိုးရရဲ့ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံတဲ့အကြောင်းတွေ ပြောခဲ့တာတွေ့ရပါတယ်။ ဒီလိုမျိုးပြောဆိုမှုတွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကတိပြုမှုတွေလို့ပြောရင် လည်းမမှားပါဘူး။
မေလ ၁၀ ရက်မှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တဲ့ အဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကိုအောင်မြင်ချောမွေ့စွာ ပြန်လည်ရောက်ရှိလာပါပြီ။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အခုတစ်ခေါက်ခရီးစဉ်မှာ မြန်မာနိုင်ငံအတွက်များလှစွာသော အကျိုးကျေးဇူးများကို ပြန်လည်သယ်ဆောင်လာခဲ့တယ်လို့ဆိုရပါမယ်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့အခင်းအကျင်းသစ်မှာ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်မယ့်အခြေအနေသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်နိုင်တဲ့ အခွင့်အရေးရရှိခဲ့ပါတယ်။ နောက်ထပ် မြန်မာနိုင်ငံအတွက် ရရှိတဲ့အကျိုးကျေးဇူးတွေကတော့ အမျိုးသမီး ရေးရာအခန်းကဏ္ဍကို နိုင်ငံတကာအထိ ထိုးဖောက်နိုင်မယ့်အခွင့်အရေး၊ မြန်မာ့တပ်မတော်ကို ကမ္ဘာ့နိုင်ငံများရဲ့ တပ်မတော်များနဲ့ ရင်ပေါင်တန်းနိုင်မယ့်အခွင့်အရေး၊ မြန်မာနိုင်ငံရဲ့အနာဂတ် ပိုမိုတောက်ပလာမယ့် အခွင့်အရေးတွေကို ဆောင်ကြဉ်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ယနေ့ကမ္ဘာ့နိုင်ငံတချို့ဟာ ဧကဝင်ရိုးနဲ့အသားကျနေကြတာများ ပါတယ်။ အဓိကကတော့ ဧကဝင်ရိုးကနေ အကျိုးအမြတ်ကြီးစွာရရှိနေတဲ့ လက်တစ်ဆုပ်မျှသောနိုင်ငံများက ဒီအခြေအနေကနေ တခြား အခြေအနေတစ်ခုကို ပြောင်းလဲသွားမှာမလိုလားကြပါဘူး။ ဒါကြောင့်လည်း ဧကဝင်ရိုးကမ္ဘာကြီးကို ဆက်လက်လည်ပတ်နိုင်ဖို့ ကြိုးပမ်းအားထုတ်လာကြချိန်မှာ ကျန်ရှိတဲ့နိုင်ငံတွေကတော့ နိုင်ငံများအတွက် ကိုယ်စီအကျိုးကျေးဇူးရရှိစေမယ့် ဗဟုဝင်ရိုးကမ္ဘာကြီးကို အကောင် အထည်ဖော်လာနေပြီဖြစ်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဗဟုဝင်ရိုးကမ္ဘာကြီးကို အကောင်အထည်ဖော်နေကြသူများမှာ တူညီသော အကျိုးစီးပွားပန်းတိုင်ရှိပါတယ်။ အဲဒီပန်းတိုင်ကတော့ မျှဝေသောအနာဂတ်နဲ့ အေးအတူပူအမျှရှိတဲ့ အသိုက်အဝန်းကိုတည်ထောင်သွားဖို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ရုရှားနိုင်ငံချစ်ကြည်ရေးခရီးစဉ်ဟာ အကျိုးစီးပွားချင်းထပ်လို့ ကောင်းမြတ်တဲ့ ခရီးစဉ်တစ်ခုဖြစ်လာပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
Source: MOI
လူသားတို့ ဘေးအန္တရာယ်များကျရောက်သောအခါ အသက်အန္တရာယ်မထိခိုက်စေရန် တတ်စွမ်းသမျှ ပြုစုမှု အသိပညာ၊ အတတ်ပညာတို့ဖြင့် အရေးပေါ်ကူညီဆောင်ရွက်ပေးနေသော ပရဟိတအဖွဲ့ကို ပြပါဆိုလျှင် ကြက်ခြေနီအဖွဲ့ကိုပြရပါလိမ့်မည်။ အရေးပေါ်လူနာတစ်ဦးကို ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း (သတ်မှတ်ချိန်အတွင်း) မပို့ဆောင်နိုင်သေးသောအခြေအနေတွင် လူနာ၏အသက်အန္တရာယ်ကို ကြက်ခြေနီဝန်ထမ်းများက အတတ်နိုင်ဆုံးနည်းလမ်းများဖြင့် ပြုစုစောင့်ရှောက်ကယ်တင်ပေးကြသည်။ ကြက်ခြေနီဝန်ထမ်း၏အလုပ်ကား အလွန်သန့်စင်မွန်မြတ်သည့် စေတနာ့ဝန်ထမ်းအလုပ်ဖြစ်သည်။
ကြက်ခြေနီအသင်းကြီးသည်လွန်ခဲ့သောနှစ်ပေါင်း ၁၆၀ ကျော်က သန္ဓေတည်စတင်ခဲ့လေသည်။ ၁၈၅၉ ခုနှစ်က အီတလီနိုင်ငံတွင်ဖြစ်ပွားသော ဆိုဖာရီနိုစစ်မြေပြင်၌ ထိခိုက်ဒဏ်ရာရသော စစ်သားများအား ကူညီပြုစုပေးမည့်သူမရှိဘဲ အတိဒုက္ခရောက်ခဲ့သည်။ ဤစစ်မြေပြင်သို့ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့် ရောက်ရှိသွားသောအခါ ကူညီသူမဲ့၍ ညည်းညူနေသော ဒဏ်ရာရစစ်သားများကို အနီးဝန်းကျင်ရွာ၌စုဝေး၍ ကူညီပြုစုပေးခဲ့သည်။ ဟင်နရီဒူးနန့် မိမိနေရပ်ပြန်ရောက်သောအခါ ဆိုဖာရီနိုစစ်မြေပြင်တွင် ကြုံတွေ့ခဲ့ရသောအကြောင်းအရာများကို စာအုပ်ရေးသားပြုစုခဲ့သည်။
ထိုစာအုပ်ကို မမေ့နိုင်သောဆိုဖာရီနို ( A Memory of Soferino )ဟု အမည်ပေးထုတ်ဝေခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်များထံဖြန့်ဝေခဲ့သည်။ ထိုစာအုပ်ကြောင့် ကမ္ဘာ့ခေါင်းဆောင်များသည် လုပ်သင့်လုပ်ထိုက်သော အသိအမြင်နှင့် သတိယှဉ်နိုင်ခဲ့ကာ စစ်မြေပြင်မှဒုက္ခသည်များအားကူညီရန် လူမှုရေးအသင်းကြီးတစ်သင်းဖွဲ့စည်းရန် နည်းလမ်းရှာကြသည်။ သို့နှင့် ၁၈၆၃ ခုနှစ် မေလ ၈ ရက်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross - ICRC ) ကို စတင်တည်ထောင်နိုင်ခဲ့ကြသည်။ ဟင်နရီဒူးနန့်၏ စတင်ကြိုးပမ်းစွမ်းဆောင်မှုဖြင့် အသင်းကြီးပေါ်ပေါက်လာခဲ့သောကြောင့် ၁၉၀၁ ခုနှစ်တွင် ဟင်နရီဒူးနန့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ပေးခဲ့ပြီး သူ့ကိုမွေးဖွားခဲ့သည်မှာ ၁၈၂၈ ခုနှစ် မေလ ၈ ရက်ဖြစ်၍ ယင်းကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် သဘောတူသတ်မှတ်ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ အမှတ်တံဆိပ်နှင့် ကြက်ခြေနီအမှတ်အသားကို သတ်မှတ်ရာ၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ အမှတ်အသားမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ( ICRC )၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)၊ အမျိုးသားကြက်ခြေနီအသင်းများနှင့် လူမှုကရုဏာလုပ်ငန်းများတွင်အသုံးပြုသော အမှတ်အသားကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။၁၈၆၄ ခုနှစ် ဂျီနီဗာမြို့၌ကျင်းပသော ပထမအကြိမ် သံတမန်များညီလာခံက ယင်းကြက်ခြေနီအမှတ်အသားကို အသုံးပြုရန်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ ကြက်ခြေနီအမှတ်အသားအဖြစ် ဆွစ်ဇာလန်နိုင်ငံအလံကို အရောင်ပြောင်းပြန်လုပ်ပြီး နောက်ခံအဖြူရောင်ပေါ်တွင် အနီရောင်ကြက်ခြေနီအမှတ်အသားကို သတ်မှတ်ခဲ့သည်။ အမျိုးသားကယ်ဆယ်ရေးအသင်းများထူထောင်ရေးနှင့် ပထမအကြိမ် ဂျီနီဗာညီလာခံကျင်းပရာ၌လည်း အဓိကပါဝင်ကူညီခဲ့သော ဆွစ်ဇာလန်နိုင်ငံနှင့် ကြက်ခြေနီအသင်းဖခင်ကြီး ဟင်နရီဒူးနန့်တို့ကို ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။နောက်ပိုင်းတွင် ဤကြက်ခြေနီအမှတ်အသားကို ဆက်လက်အသုံးပြုရန် ၁၉၄၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာဥပဒေ၏အခြေခံဖြစ်သော ဂျီနီဗာသဘောတူညီချက်ဖြင့်ဆုံးဖြတ်ခဲ့ကြသည်။ ထို့ပြင် နောက်ထပ်အမှတ်အသားများဖြစ်သော အဖြူရောင်နောက်ခံပါ လခြမ်းနီ၊ ခြင်္သေ့နီနှင့် နေဝန်းနီအမှတ်အသားတို့ကိုလည်း အသိအမှတ်ပြုပေးခဲ့သည်။
မြန်မာနိုင်ငံတွင်ကြက်ခြေနီအသင်းသည် ဘေးအန္တရာယ်များကျရောက်တိုင်းပြည်သူများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်မှကူညီရေးတို့ကို သက်တမ်းရှည်ကြာစွာဆောင်ရွက်ခဲ့သည့် လူမှုကူညီရေးအသင်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်မှစတင်၍ အိန္ဒိယနိုင်ငံကြက်ခြေနီအသင်း၏ အသင်းခွဲအဖြစ် ခံယူကာ ကြက်ခြေနီလုပ်ငန်းများကို စတင်လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့် ၁၉၃၇ ခုနှစ်တွင် ဗမာကြက်ခြေနီအသင်းအဖြစ် သီးခြားရပ်တည်လာနိုင်အောင်ကြိုးစားနိုင်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက မြန်မာနိုင်ငံကြက်ခြေနီအသင်းကို အသိအမှတ်ပြုလက်ခံခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းတွင်မြန်မာကြက်ခြေနီအသင်းက အသင်းဝင်အဖြစ်ပါဝင်လာနိုင်ခဲ့သည်။
ကြက်ခြေနီအသင်း၏ မူလရည်မှန်းချက်မှာ စစ်မြေပြင်တွင်ဒဏ်ရာရသော လူနာများကို ကူညီကယ်ဆယ်ပြုစုရန်ဖြစ်သော်လည်း နောက်ပိုင်း ပိုမိုကျယ်ပြန့်လာကာ သာမန်အချိန်များတွင် ရုတ်တရက်ဖြစ်ပေါ်လာသော မီးဘေး၊ ရေဘေး၊ လေဘေးနှင့် ငလျင်ဘေးများကြုံသောအခါတွင်လည်း ကြက်ခြေနီအသင်းက ပါဝင်ကူညီခဲ့ကြသည်။ မီးတောက်မီးလျှံတို့ကို ကျောချင်းကပ်ရင်ချင်းအပ်ကာ ငြှိမ်းသတ်ခဲ့ကြသည်။ ရေလှိုင်းတံပိုးတို့ကို လက်ချင်းတွဲယှက်ရင်ကော့လျက်ဖြင့် တာတမံလုပ်ပေးခဲ့သည်။ နေပူကျဲကျဲ မိုးသည်းသည်းတွင်ခရီးပြင်းနှင်ကာ ဒုက္ခရောက်သူများအရေးအတွက် လက်မနှေးတမ်းပါဝင်ကူညီခဲ့ကြသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကယ်ဆယ်ရေးတို့သာမက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင်ပါ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မေတ္တာကို အခြေခံ၊ စေတနာ၊ အနစ်နာနှင့် ကျားကန်၍ အကြင်နာတရားကိုမဏ္ဍိုင်ပြုဆောင်ရွက်သော ပရဟိတအကျိုးဆောင်အဖွဲ့စစ်စစ်ဖြစ်သည်။
မြန်မာကြက်ခြေနီအသင်း၏ဆောင်ရွက်ချက်သည် အပြောသက်သက်မဟုတ် အလုပ်နှင့် သက်သေပြကာ ဆောင်ရွက်ခဲ့မှုကြောင့် ကမ္ဘာကပင် အသိအမှတ်ပြုခံခဲ့ရဖူးသည်။ ကြက်ခြေနီလူငယ် စိုင်းအောင်လှိုင်မြင့်သည် ရေထဲသို့ထိုးကျသွားသောကားထဲတွင် သေအံ့ဆဲဆဲလူနာကို အသက်စွန့်၍ ကယ်တင်ပေးခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ စွမ်းဆောင်မှုအမြင့်မားဆုံးဆုဖြစ်သော ဟင်နရီဒူးနန့်ဆုကို စိုင်းအောင်လှိုင်မြင့်အား ၁၉၇၇ ခုနှစ်တွင် ချီးမြှင့်ပေးခဲ့သည်။အလားတူပင် သူနာပြုအုပ်ဆရာမကြီး ဒေါ်ခင်အုန်းမြ၊ သူနာပြုဦးစီးအရာရှိ ဒေါ်အမ်ယောနမ်၊ သားဖွားဆရာမ ဒေါ်သိန်းရီတို့ကိုလည်း အမြင့်မားဆုံးကြက်ခြေနီဆုတံဆိပ်ဖြစ်သော ဖလောရင့်နိုက်တင်ဂေးဆုများချီးမြှင့်ခဲ့သည်။
နိုင်ငံတော်အစိုးရသည် ၁၉၅၉ ခုနှစ်တွင် ကြက်ခြေနီအသင်းအက်ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ၁၉၆၄ ခုနှစ်၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ထပ်မံပြင်ဆင်ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ခုနှစ် နိုင်ငံတော်အက်ဥပဒေပြဋ္ဌာန်းချက်အရ ဗမာနိုင်ငံကြက်ခြေနီအသင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ကြက်ခြေနီအသင်း၏အခြေခံမူများအဖြစ်အောက်ပါအတိုင်းသတ်မှတ်ခဲ့သည်။ ယင်းအခြေခံမူများမှာ-
(၁) လူသားချင်းစာနာထောက်ထားခြင်း (Humanity)
(၂)ခွဲခြားမှုမရှိခြင်း (Impartiality)
(၃)ကြားနေခြင်း (Neutrality)
(၄)လွတ်လပ်ခြင်း (Independence)
(၅) စေတနာ့ဝန်ထမ်း အကျိုးဆောင်ခြင်း (Voluntary Service)
(၆)စည်းလုံးညီညွတ်ခြင်း (Unity)
(၇) ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်းတို့ဖြစ်သည်။ထိုအခြေခံမူများတွင် လူသားချင်းစာနာထောက်ထားခြင်းသည် ကြက်ခြေနီအသင်း၏အဓိကရည်ရွယ်ချက်ပန်းတိုင်ပင်ဖြစ်သည်။
ယနေ့ကမ္ဘာပေါ်တွင်ကိုဗစ် - ၁၉ ရောဂါကဲ့သို့သော ကူးစက်ရောဂါများ၊ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြရသည့်အခါ ကြက်ခြေနီအသင်းသားများသည် အရေးပေါ်အခြေအနေများတွင် အင်တိုက်အားတိုက်ကူညီနိုင်စေရန် ကြက်ခြေနီအခြေခံသင်တန်းများ၊ အရေးပေါ်အသက်ကယ်နည်းများကို စနစ်တကျ သင်ကြားလေ့ကျင့်ထားရပေသည်။ အရေးပေါ်အခြေအနေများကြုံရသည့်အခါတွင်လည်း ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဆင်းရဲချမ်းသာ ကျား မ မရွေး အကြင်နာ၊ မေတ္တာဖြင့် ကူညီစောင့်ရှောက်မှုများ လုပ်ကိုင်ဆောင်ရွက်ပေးကြသည်။ ကြက်ခြေနီဟူသည်မှာ စေတနာ့၀န်ထမ်းအကျိုးဆောင်သူများဖြစ်ရာ လူသားအားလုံးအပေါ် မေတ္တာတရားကိုအခြေခံ၍ လူသားချင်းစာနာထောက်ထားမှုဖြင့် ကူညီဖေးမသောအဖွဲ့အစည်းအဖြစ် အမြဲရပ်တည်နေမည်ဖြစ်သည်။ ယခု မကြာမီကကြုံတွေ့ခဲ့ရသော မန္တလေးငလျင်ကြီးတွင် ကြက်ခြေနီမောင်မယ်များက အစုစုသော ပရဟိတအကျိုးဆောင်အဖွဲ့များနှင့်ပူးပေါင်းလျက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ခဲ့သည်။နောက်နောင်တွင် မည်သို့သော သဘာဝဘေးအန္တရာယ်များကြုံလာပါစေ ကြက်ခြေနီများက ရင်မှဖြစ်တည်သော အဖြူရောင်စိတ်ထား၊ စေတနာ၊ ကိုယ်ချင်းစာတရားတို့ဖြင့် ပြည်သူမှန်သမျှကို ရန်သူ၊ မိတ်ဆွေ၊ အသင်းအဖွဲ့၊ ဂိုဏ်းဂဏမခွဲခြားဘဲ ကူညီဖေးမကြမည်ဖြစ်သည်။ ထိုသို့သော စိတ်ထားစေတနာမြတ်နှင့် ကူညီဖေးမဆောင်ရွက်ပေးသော စေတနာ့ဝန်ထမ်း ကြက်ခြေနီမောင်မယ်များကို စာနာနားလည်မှု၊ လက်ကမ်းကြိုဆိုမှုနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါးသည်လောကကြီးကို တည်တံ့အောင် ၊ ငြိမ်းချမ်းသာယာအောင်စောင့်ရှောက်ပေးသောတရားများဖြစ်၍ လောကပါလတရားဟုခေါ်ဆိုသည်။ ကြက်ခြေနီစေတနာ့ဝန်ထမ်းများသည် ထိုဗြဟ္မစိုရ်တရားလောကပါလတရားများကိုလက်ကိုင်ပြု၍ လူသားအားလုံးအပေါ်တွင် ကိုယ်ချင်းစာတရားနှင့် အမြဲကူညီစောင့်ရှောက်ပေးနေသော အဖိုးတန်လူသားများဖြစ်သည်။ သူတို့၏ မေတ္တာ၊ စေတနာအရင်းခံသော ကူညီဖေးမမှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် ဒုက္ခသောကဝေဒနာရှင်များအငိုတိတ်၍ စိတ္တသုခ၊ ကာယသုခများ ပွားများခံစားနေကြရပေရာ လူသားအကျိုးပြု ကြက်ခြေနီအသင်းကြီး ကမ္ဘာတည်သရွေ့ ထာဝရတည်တံ့ပါစေကြောင်း ဆန္ဒပြုရင်း ၂၀၂၅ ခုနှစ် မေလ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပေသည်။ ။
Source: https://myawady.net.mm/stories
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတွင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးမွေးမြူရေးအခြေခံသည့် သက်မွေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ ရေမြေနှင့်ရာသီဥတုအနေအထားအရလည်း စိုက်ပျိုးမွေးမြူရေးကို နိုင်ငံ့စီးပွားရေးတစ်ရပ်အနေဖြင့် ဆောင်ရွက်နေကြပြီဖြစ်သည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေး၏ လုပ်ငန်းသဘောသဘာဝအရ တိရစ္ဆာန်အစာအဖြစ် လယ်ယာထွက်ကုန်ကြမ်းများကို အသုံးပြုရသကဲ့သို့ မွေးမြူရေးလုပ်ငန်းမှထွက်ရှိသော ဇီဝမြေသြဇာများကိုလည်း စိုက်ပျိုးရေးကဏ္ဍတွင် ပြန်လည်အသုံးပြုရခြင်းဖြင့် အပြန်အလှန်အကျိုးသက်ရောက်မှုရှိနေသည်။ ထို့ပြင် ထွန်ယက်စိုက်ပျိုးရိတ်သိမ်းခြင်းတို့တွင်လည်း စက်ကိရိယာအသုံးမပြုနိုင်သေးသော လယ်ယာမြေများအတွက် ကျွဲ/နွားများကို အသုံးပြုခြင်းအားဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့သည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောသဘာဝရှိပေသည်။
နိုင်ငံတွင်းရှိတိုးတက်များပြားလာသော လူဦးရေအချိုးအစားနှင့်အညီ တိုင်းပြည်သာယာဝပြောရေးနှင့် ဆန်၊ ဆီ၊ အသားငါး၊ နို့နှင့်ဥ စသည့် စားရေရိက္ခာဖူလုံရေးတို့အတွက် နိုင်ငံတော်အစိုးရမှလည်း မူဝါဒများချမှတ်လျက် ကာလတို၊ ကာလရှည်စီမံကိန်းများဖြင့်ဆောင်ရွက်ပေးလျက်ရှိသည်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် စားသုံးသူအတွက် ဘေးအန္တရာယ်ကင်းသည့် အသား၊ နို့ ၊ ဥ ထုတ်လုပ်မှုကို ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပသွင်းကုန် လျှော့ချနိုင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်၏ တိုးတက်ကောင်းမွန် လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ အသား၊ နို့၊ ဥ စားသုံးမှုဖူလုံပြီးနောက် ပိုလျှံသော တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း မွေးမြူထုတ်လုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များဖြင့် အစဉ်တစိုက်ဆောင်ရွက်နေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်ပါ စီးပွားရေးဦးတည်ချက်သုံးရပ်၏ ပထမဦးတည်ချက်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” ဆိုသည့် စီးပွားရေးဦးတည်ချက်နှင့်အညီ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်ချက်အဖြစ်ခံယူ၍ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေကိုထုတ်ပြန်လျက် မွေးမြူထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများကို စီမံဆောင်ရွက်နေသည်။ ထိုကဲ့သို့ဆောင်ရွက်လျက်ရှိရာတွင် ဌာနအနေဖြင့် အစားအစာဖူလုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော အစားအစာထုတ်လုပ်နိုင်ရေးအတွက် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒများနှင့်အညီ ဒေသမျိုးရင်းတိရစ္ဆာန်များကို မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့်ခြင်း၊ နိုင်ငံခြားမျိုးကောင်းမျိုးသန့်များကို စိစစ် တင်သွင်းခြင်းနှင့် နိုင်ငံခြားမျိုးစစ်မျိုးသန့်များဖြင့် ဒေသမျိုးကောင်းများကို ထုတ်လုပ်မှုကောင်းသော တိရစ္ဆာန်မျိုးများအဖြစ် ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အဓိကဖြစ်သော မျိုး၊ မြေ၊ ရေနှင့် နည်းပညာဆိုသည့် ဒေါက်တိုင် (၄)ရပ်ကိုအခြေပြုလျက် နိုင်ငံတော်၏ အသားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခေတ်စနစ်နှင့်အညီ စီမံဆောင်ရွက်လျက်ရှိသော မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏မျှော်မှန်းချက်မှာ ဖော်ပြပါအတိုင်းဖြစ်သည်-
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မျှော်မှန်းချက်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်နှင့်အညီ သားငါးကဏ္ဍနှင့် ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးလာစေရန်နှင့် မြို့ပြကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များကျဉ်းမြောင်းလာစေရန် မျှော်မှန်းသည်။
ပြည်တွင်းစားသုံးမှုဖူလုံစေပြီး ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော ဌာန၏လုပ်ငန်းတာဝန်များမှာ ဖော်ပြပါအတိုင်းဖြစ်သည်-
(က) တစ်နိုင်ငံလုံး အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊
(ခ) တိရစ္ဆာန် မွေးမြူထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းများကောက်ယူပြုစုခြင်း၊
(ဂ) တိရစ္ဆာန်ရောဂါ ကာကွယ်ကုသဆေးများထုတ်လုပ်ခြင်းနှင့်ရောဂါကာကွယ်ကုသရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊
(ဃ) စားကျက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊
(င) မျိုးကောင်းမျိုးသန့် တိရစ္ဆာန်တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(စ) မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပညာပေးခြင်း၊ သုတေသနလုပ်ငန်းများနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများဆောင်ရွက်ခြင်း၊
(ဆ) ပုဂ္ဂလိက မွေးမြူရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးအတွက် မွေးမြူရေးဇုန်များဖော်ထုတ်ဆောင်ရွက်ခြင်း၊
(ဇ) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများတွင် မွေးမြူရေးနှင့် သားငါးကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊
(ဈ) တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ကုန်ပစ္စည်း ပို့ကုန်/သွင်းကုန် စစ်ဆေးထောက်ခံခြင်း၊ တိရစ္ဆာန်ကျန်းမာရေးထိန်းသိမ်းစစ်ဆေးရေးစခန်းလုပ်ငန်းဆောင်ရွက်ခြင်းနှင့် နယ်စပ်ဖြတ်သန်းသွားလာစစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ခြင်း၊
(ည) တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ မွေးမြူရေးဘဏ်စနစ်အရ မွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ခြင်း၊
(ဋ) စံပြမွေးမြူရေးခြံများထူထောင်၍ သိပ္ပံနည်းကျ မွေးမြူထုတ်လုပ်မှုဆောင်ရွက်ခြင်း။
MSME နှင့် မွေးမြူရေးထုတ်ကုန်ကဏ္ဍမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် MSME ဆိုင်ရာ မွေးမြူရေးတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်သုံးရပ်အနက် ဒုတိယဦးတည်ချက်ဖြစ်သည့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သိပ္ပံနည်းကျမွေးမြူရေးစနစ်များကို မွေးမြူထုတ်လုပ်သူများ စနစ်တကျလိုက်နာကျင့်သုံးနိုင်ရေးအတွက် “ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များ (GAHPs)” ကို ဖော်ပြပါရည်ရွယ်ချက်များဖြင့် ရေးဆွဲထုတ်ပြန်လျက်ရှိသည်-
(က) အရည်အသွေးကောင်း တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်ယူရရှိရေး
(ခ)စားသုံးသူ ဘေးကင်းလုံခြုံရေး
(ဂ) တိရစ္ဆာန်များ သက်သာချောင်ချိရေး
(ဃ)မွေးမြူရေးခြံလုပ်သားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး
(င) ရေရှည်တည်တံ့သည့်ပတ်ဝန်းကျင်အကျိုးပြု မွေးမြူထုတ်လုပ်မှုဖြစ်စေရေး
(စ) ပြည်တွင်းစားသုံးမှု ပိုလျှံသည်များကိုပြည်ပသို့တင်ပို့နိုင်ရေးထုတ်ပြန်ထားရှိသည့် “ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များ (GAHPs)” ကိုစနစ်တကျ လိုက်နာကျင့်သုံးသည့် မွေးမြူထုတ်လုပ်သူများအနေဖြင့် ဖော်ပြပါအကျိုးကျေးဇူးများကို ရရှိခံစားကြရမည်ဖြစ်သည်-
(က) အရည်အသွေးကောင်းမွန်သော တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်ယူရရှိနိုင်ခြင်း၊
(ခ)စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းလာခြင်း၊
(ဂ) ဇီဝလုံခြုံမှုကောင်းမွန်လာပြီး သဘာဝပတ်ဝန်းကျင်အကျိုးပြု မွေးမြူရေးများဖြစ်ထွန်းလာခြင်း၊
(ဃ) မွေးမြူရေးခြံအလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းလာခြင်း၊
(င) တိရစ္ဆာန် သက်သာချောင်ချိရေးလုပ်ငန်း ဆောင်ရွက်နိုင်ခြင်း၊
(စ) GAHP ထုတ်ကုန်ဈေးကွက်ဖြစ်ပေါ်၍ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်၍ ပြည်ပ ဈေးကွက်သို့တင်ပို့နိုင်ခြင်း။
ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ(GAHPs)ထုတ်ပြန်ပြီးဖြစ်သည့် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ(GAHPs)ကိုးမျိုးမှာ ဖော်ပြပါအတိုင်းဖြစ်သည်။
(က) နို့စားနွားမွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
(ခ) အသားတိုးနွားမွေးမြူရေးခြံများအတွက်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
(ဂ) ဆိတ်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
(ဃ) မိရိုးဖလာ ဝက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
(င) ဝက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်(စ)တိုင်းရင်းကြက်မွေးမြူရေးခြံများအတွက်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
(ဆ) ဥစားကြက်မွေးမြူရေးခြံများအတွက်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
(ဇ) အသားတိုးကြက် မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
(ဈ) ကောင်းမွန်သော ပျားမွေးမြူရေးကျင့်စဉ်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
ဆိုသည်နှင့်အညီ တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်မွေးမြူရေးသို့ တက်လှမ်းရာတွင် မွေးမြူမည့်တိရစ္ဆာန်မျိုး၊ မွေးမြူမည့်မြေ၊ မွေးမြူမည့် တိရစ္ဆာန်အမျိုးအစားနှင့် ကောင်ရေအလိုက် လိုအပ်မည့်သုံးရေနှင့် အာဟာရပြည့်အစာ၊ မွေးမြူရေးဆိုင်ရာနည်းစနစ်စသည်တို့ကို ဇီဝလုံခြုံမှုစနစ်နှင့်အညီ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး(ထိခိုက်မှုမရှိစေရန်ရည်ရွယ်၍)ဖြင့် မွေးမြူသူနှင့် စားသုံးသူနှစ်ဦးနှစ်ဖက်ဘေးအန္တရာယ်ကင်းရှင်းစွာ မွေးမြူထုတ်လုပ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရန်လုပ်ငန်းစဉ်များ သတ်မှတ် ထုတ်ပြန်ပေးထားခြင်းပင်ဖြစ်သည်။ ဦးစီးဌာနကလည်း စီးပွားဖြစ်မွေးမြူသူများထံသို့ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူထုတ်လုပ်ရေး စည်းရုံးခြင်း၊ ပညာပေးပြုပြင်ပြင်ဆင်ပေးခြင်း၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းနှင့် အဆိုပါ အသိအမှတ်ပြုလက်မှတ်ရခြံမှ ထုတ်ကုန်များကို ပြည်တွင်းသာမက ပြည်ပပို့ကုန်အဆင့်အထိ ထုတ်လုပ်တင်ပို့နိုင်ရေးကို စီမံဆောင်ရွက်ပေးလျက်ရှိသည်။
ယေဘုယျအားဖြင့်ဆိုပါလျှင် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်ကို ဖော်ပြပါအတိုင်း အပိုင်း(၇)ပိုင်းဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ထုတ်ပြန်၍ အဆိုပါအပိုင်းအလိုက် အမှန်တကယ်လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိကို ဌာနမှသတ်မှတ်ထားသော စိစစ်ရေးအချက်အလက်များဖြင့် စိစစ်ပြီး လိုက်နာဆောင်ရွက်ပါက အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဖြစ်သည်-
(က) မွေးမြူရေးခြံ
မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေ၊ မွေးမြူမည့်နည်းစနစ်အလိုက် လိုအပ်မည့် မြေနေရာအကျယ်အဝန်းနှင့် မြေအနေအထား၊ တရားဝင်မြေယာ အသုံးချမှု ရှိ၊ မရှိကို စိစစ်ပါသည်။
(ခ) မွေးမြူရေးခြံအဆောက်အအုံနှင့်ခြံအထောက်အပံ့ပစ္စည်းများ၊ စားကျက်ဧရိယာ
မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေ၊ မွေးမြူမည့်နည်းစနစ်အလိုက် လိုအပ်မည့် ခြံအကျယ်အဝန်းနှင့် ခြံအဆောက်အအုံဒီဇိုင်း၊ လိုအပ်သည့် ခြံသုံးပစ္စည်း၊အစာသိုလှောင်ရုံ၊ အာဟာရပြည့် တိရစ္ဆာန်စားကျက်စိုက်ခင်း မြေအနေအထားတို့ကို သတ်မှတ်ချက်အတိုင်းဆောင်ရွက်မှု ရှိ၊ မရှိကို စိစစ်ပါသည်။
(ဂ) မွေးမြူရေးခြံစီမံခန့်ခွဲမှု
(မျိုး၊ မြေ၊ ရေ၊ နည်းပညာ၊ လုပ်သား)မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေ၊ မွေးမြူမည့်နည်းစနစ်အလိုက် မွေးမြူသည့်ခြံ၊ တိရစ္ဆာန်၊ တိရစ္ဆာန်အတွက် ရေ၊ အစာနှင့် ဆေးဝါး၊ နည်းပညာ၊ ခြံအလုပ်သမားများအတွက်ဘေးအန္တရာယ်ကင်းရှင်းသည့်လုပ်ငန်းခွင်ဖန်တီးထားမှုစသည်တို့ကို သတ်မှတ်ချက်အတိုင်း ဇီဝလုံခြုံမှုစနစ်နှင့်အညီ ဆောင်ရွက်မှု ရှိ၊ မရှိနှင့် လိုအပ်သည့်စာရင်းမှတ်တမ်းပြုစုခြင်း ရှိ၊ မရှိကို စိစစ်ပါသည်။
(ဃ) တိရစ္ဆာန်များအား ကိုင်တွယ်ထိန်းချုပ်ခြင်း၊ သယ်ဆောင်ခြင်း
မွေးမြူသည့် တိရစ္ဆာန်အမျိုးအစားအလိုက် သတ်မှတ်ထားသော တိရစ္ဆာန် သက်သာချောင်ချိရေးလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ထားမှု ရှိ၊ မရှိကို စိစစ်ပါသည်။
(င) ဇီဝလုံခြုံမှု
မွေးမြူသည့် တိရစ္ဆာန်အမျိုးအစား၊ ခြံမြေအနေအထားအလိုက် သတ်မှတ်ထားသော ဇီဝလုံခြုံမှုလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ထားမှု ရှိ၊ မရှိကို စိစစ်ပါသည်။
(စ) ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှု
မွေးမြူသည့် တိရစ္ဆာန်အမျိုးအစား၊ ခြံမြေအနေအထားအလိုက် သတ်မှတ်ထားသော ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ထားမှု ရှိ၊ မရှိကို စိစစ်ပါသည်။
(ဆ) မှတ်တမ်းများထိန်းသိမ်းခြင်း
မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေ၊ မွေးမြူမည့်နည်းစနစ်အလိုက် မွေးမြူသည့်ခြံ၊ တိရစ္ဆာန်၊ တိရစ္ဆာန်အတွက် ရေ၊ အစာနှင့် ဆေးဝါး၊ နည်းပညာ၊ခြံအလုပ်သမားများအတွက် ဘဏ္ဍာငွေအရ အသုံး စသည်တို့ကို သတ်မှတ်နည်းစနစ်အတိုင်း သတ်မှတ်ကာလအလိုက် မှတ်တမ်း၊ စာရင်းများနှင့်အညီဆောင်ရွက်မှု ရှိ၊ မရှိကို စိစစ်ပါသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်မွေးမြူထုတ်လုပ်သူများထံသို့ အဆိုပါထုတ်ပြန်ပြီး ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ(GAHPs) နှင့်အညီ လိုက်နာကျင့်သုံးစေရေး စည်းရုံးခြင်း၊ ပညာပေးခြင်း၊ အကြံပြုနည်းပညာပေးခြင်း၊ စိစစ်အကဲဖြတ်ခြင်း၊ အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းတို့ကို လုပ်ငန်းစဉ်(SOPs)အဆင့်အတိုင်း စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။
အသားကဏ္ဍအတွက် ထုတ်လုပ်သည့် တိရစ္ဆာန်ထုတ်ကုန်အလိုက် MSME ဆိုင်ရာ သိကောင်းစရာများကို ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ(GAHPs)နှင့်အညီ ဆက်လက်ဖော်ပြသွားပါမည်။ ။
Source: https://myawady.net.mm/stories
“ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်” ဟု ကမ္ဘာက သတ်မှတ်ထားသည့် အမေရိကန်ကို အဓိက ခြိမ်းခြောက်နေသူမှာ မည်သူနည်း။ မိမိကိုယ်ကို စစ်ရေးမဟာအင်အားကြီးနိုင်ငံ၊ စီးပွားရေး မဟာအင်အားကြီးနိုင်ငံ ဟု သတ်မှတ်ကြွေးကြော်ထားသူ ဝါရှင်တန်အတွက် အဓိက ပြိုင်ဘက်က ရုရှားလား ဒါမှမဟုတ် တရုတ်လား။ လေ့လာကြည့်ကြပါစို့။
မကြာသေးမီက အမေရိကန်သမ္မတ၏ ကာကွယ်ရေးဝန်ကြီး Pete Hegseth က “ပေကျင်း သည် မိမိတို့အတွက် တစ်ခုတည်းသော ခြိမ်းခြောက်မှု ဖြစ်ပါတယ်” ဟု ပြောကြားထား ခြင်းရှိပါသည်။ ဇန်နဝါရီက တက်လာသည့် ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့ကလည်း မိမိတို့ သည် အမျိုးသားလုံခြုံရေးအတွက် ပထမဦးစားပေး စဉ်းစားရသည်မှာ ပေကျင်းဖြစ်ကြောင်း မကြာခဏဆိုသလို ပြောဆိုကြပါသည်။ အမေရိကန်ကာကွယ်ရေးဌာန၏ အရင်းအမြစ်များ အဓိက အာရုံစိုက်ခံရမှုမှာ တရုတ်ဟု အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့ဝင်အချို့က ဂုဏ်ယူစွာ ပြောဆိုသံများ ထွက်ပေါ်လာဖူးပါသည်။ တရုတ်ကို ပြိုင်ဆိုင်ရမှုမှာ ၎င်းတို့ အတွက် ဂုဏ်သတင်းတည်ဆောက်သလို တစ်ဖက်တွင်လည်း ယခုကဲ့သို့ အင်အားကြီး နိုင်ငံများ ပြိုင်ဆိုင်နေသည့်ခေတ်တွင် ဥရောပသည် မိမိကိုယ်ကို ကာကွယ်ရမည်ဟု မြူးနစ် ညီလာခံတွင် ငြင်းခုန်ရန်စောင်ဖူးကြပါသည်။
အမေရိကန်နိုင်ငံခြားရေးမူဝါဒတွင် "တရုတ်ကို ဦးစားပေးခြင်း" မှာ ယခုမှ မဟုတ်ပါ။ အနီးစပ်ဆုံးဆိုရလျှင် အိုဘားမားအစိုးရလက်ထက်ကတည်းကပင် တရုတ်သည် အမေရိကန်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဟု ငြင်းခုံသူများမှာ ဝါရှင်တန် တွင် ဩဇာကြီးထွားခဲ့ကြပါသည်။ ယင်းအချက်မှာ သူတို့မှားနေပါသည်။ အကြောင်းရင်းမှာ ဤသို့ဖြစ်ပါသည်။
မည်သည့်ခြိမ်းခြောက်မှုကိုမဆို အကဲဖြတ်ရာတွင် အမေရိကန်သည် မိမိ၏ အဓိက အကျိုး စီးပွားများအား စိန်ခေါ်မှုများကို အကဲဖြတ်ခြင်းဖြင့် စတင်ရပါမည်။ တစ်နည်းအားဖြင့် ဆိုရသော် အမေရိကန်မူဝါဒချမှတ်သူများသည် နိုင်ငံ၏ တည်နေရာ၊ လူဦးရေ၊ နယ်မြေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံရေးအဖွဲ့အစည်းများကို တိုက်ရိုက်ခြိမ်းခြောက်နေသော ခြိမ်းခြောက်မှုများကို ဦးစွာ ကြည့်သင့်ပါသည်။ ဤသို့ တွက်ချက်ပါက ရုရှားသည် ပထမ နေရာတွင် ရှိနေပါသည်။
နျူကလီးယားထိပ်ဖူး ၅,၅၈၀ ခု ပိုင်ဆိုင်ထားသော ရုရှားက တရုတ်ပိုင်ဆိုင်ထားသည့် ၆၀၀ ခန့်ထက် များစွာ သာလွန်နေပါသည်။ စွမ်းအင်နှင့် စိုက်ပျိုးရေးတွင် ကိုယ်ပိုင်လုံလောက်မှုရှိနေသည့် ရုရှားသည် ပြည်ပဈေးကွက်သစ်များကို ဖွင့်လှစ်ခဲ့ပြီး လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ ပြင်းထန်သော နိုင်ငံတကာအရေးယူပိတ်ဆို့မှု ဒဏ်ကို ခံရသော် လည်း စီးပွားရေးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ရုရှားသည် အမေရိကန်သမ္မတနှင့် ကွန်ဂရက်လွှတ်တော်ရွေးကောက်ပွဲများကို လွှမ်းမိုးရန် သတင်းမှားများ ဖြန့်ချိခဲ့ပြီး အမေရိကန်အဖွဲ့အစည်းများအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှု ဖန်တီးပေးခဲ့ပါသည်။ ၁၉၇၉ခုနှစ်တွင် ဗီယက်နမ်နှင့် နယ်စပ်ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း စစ်မက်ဖြစ်ပွားခြင်း မရှိတော့သည့် တရုတ်နှင့်မတူဘဲ ရုရှားစစ်တပ်သည် ဂျော်ဂျီယာ၊ ဆီးရီးယားနှင့် ယူကရိန်းတို့တွင် တိုက်ပွဲအတွေ့အကြုံများ ရှိလာခဲ့ပါသည်။ တရုတ်က ဓားသွေးနေစဉ်တွင် ရုရှားသည် ၁၉၄၅ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးသော စစ်မြေပြင် ကို ဥရောပမြေမှာ ပြန်လည်ဖော်ဆောင်ခဲ့ပြီး လူပေါင်းများစွာ သေဆုံးဒဏ်ရာရကာ မြို့တစ်မြို့လုံး ပျက်စီးစေခဲ့ပါသည်။
ဥရောပသည် အမေရိကန်အတွက် အရေးပါသော နေရာဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဥရောပသမဂ္ဂ(EU)နှင့် EU အဖွဲ့ဝင်မဟုတ်သော NATO မဟာမိတ်များဖြစ်သည့် နော်ဝေနှင့် ယူနိုက်တက်ကင်းဒမ်းတို့၏ စုစုပေါင်းဂျီဒီပီသည် ၂၂.၅ ထရီလီယံဒေါ်လာရှိပါသည်။ ထိုပမာဏမှာ တရုတ်၏ ၁၈.၅ ထရီလီယံထက် သာလွန်နေပါသည်။ အမေရိကန်-ဥရောပ စီးပွားရေး မိတ်ဖက်ပြုမှုမှာ ကမ္ဘာ့ဂျီဒီပီ၏ ၄၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုသည့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်မှုဆက်ဆံရေးလည်း ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန်-ဥရောပကုန်သွယ်မှုပမာဏသည် ခန့်မှန်းခြေ ၁.၂ ထရီလီယံဒေါ်လာရှိပြီး အမေရိကန်၏ တရုတ်နှင့်ကုန်သွယ်မှုထက် ၂၅ ရာခိုင်နှုန်း ပိုမိုများပြားပါသည်။ အမေရိကန်၏ ဥရောပရှိ တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အာရှ-ပစိဖိတ်နိုင်ငံများထက် လေးဆနီးပါး ပိုမိုများပြားပါသည်။ အမေရိကန်ကုန်သွယ်မှုလုပ်ငန်းများအသင်းကြီးက "ကမ္ဘာပေါ်ရှိ မည်သည့်ဒေသ ၂ ခုမဆို အမေရိကန်နှင့် ဥရောပလောက် နက်ရှိုင်းစွာ ပေါင်းစည်းမှုမရှိပါ" ဟုဆိုထားပါသည်။ သို့ဖြစ်ရာ ယခုလို ကုန်သွယ်မှုဆက်ဆံရေးမျိုး ပျက်ပြားသွားပါက အမေရိကန်နှင့် ကမ္ဘာ့ စီးပွားရေးအပေါ် ချက်ချင်းလက်ငင်း ဧရာမ အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာမည်မှာ မလွဲ ဧကန်ပင် ဖြစ်ပါသည်။
ဥရောပသည် အမေရိကန်၏ စာချုပ်စာတမ်းများအရ မဟာမိတ် ၃၀ ခု ခန့်ကို ပူးပေါင်း ဆောင်ရွက်နေသလို ကုလသမဂ္ဂကဲ့သို့သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စစ်မြေပြင်တွင် ဝါရှင်တန်ကို ထောက်ခံပေးနေပါသည်။ အီရတ်နှင့် အာဖဂန်နစ္စတန်တို့တွင် ဥရောပစစ်သားထောင်ပေါင်းများစွာ သေဆုံးဒဏ်ရာရသွားခြင်းက သက်သေပြနေပါသည်။ အမေရိကန်သည် ဤမဟာမိတ်များနှင့်အတူ စစ်ရေး၊ စီးပွားရေးနှင့် သံတမန်ရေးအရ ပိုမိုအားကောင်းလာရန် လုပ်ဆောင်သင့်ပါသည်။ ဥရောပရှိ သမိုင်းဝင် မဟာမိတ်များကို စွန့်လွှတ်မည်ဆိုပါက အမေရိကန်စာချုပ်အရ ပစိဖိတ်ရှိ မဟာမိတ်များလည်း မလွယ်ကူ နိုင်ပါ။
အမေရိကန်ရှေးရိုးစွဲများ၏ ဝေဖန်မှုများကြားထဲကပင် အမေရိကန်နှင့် နေတိုးမဟာမိတ် များသည် ၂၀၂၄ ခုနှစ်တွင် ကာကွယ်ရေးအတွက် ဒေါ်လာ ၄၈၅ ဘီလီယံ သုံးစွဲခဲ့ကြပါသည်။ ထိုပမာဏမှာ ရုရှား၏ သုံးစွဲမှုထက် လေးဆကျော်ပိုမိုကာ ၎င်းတို့၏ ဂျီဒီပီ၏ ၂ ရာခိုင်နှုန်း ထက် ကျော်လွန်ခဲ့ပါသည်။ ထိုစစ်သုံးစရိတ်များမှာ နောက်ပိုင်းတွင် ဆက်လက် တိုးတက်လာရန်သာ ရှိပါသည်။ သတိပြုရမည့်အချက်မှာ ထိုကိစ္စကို ဖြေရှင်းရန် လိုအပ်သော အဆင်သင့်ဖြစ်မှုနှင့် စွမ်းဆောင်ရည်ကွာဟမှုများ ရှိနေသေးပါသည်။ မဟာမိတ်နိုင်ငံများစွာ၏ ကာကွယ်ရေးမူဝါဒများနှင့် စံနှုန်းများကို စေ့စပ်ညှိနှိုင်းခြင်းမှာ အမေရိကန် အတွက် ပစိဖိတ်ဒေသတွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါသည်။ သို့သော် ဥရောပသည် F-35 တိုက်လေယာဉ်၊ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်၊ M1-series တိုက်ပွဲဝင်တင့်ကားများနှင့် အခြားကာကွယ်ရေးပစ္စည်းများ ရောင်းအားမြင့်တက်လာမှုကြောင့် အမေရိကန်ကာကွယ်ရေးလုပ်ငန်းများတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားကြပါသည်။
တဖန် အမေရိကန်၏ ဆက်လက်ထောက်ခံခြင်းနှင့် ဦးဆောင်မှုဖြင့် ဥရောပသည် ရုရှား၏ ခြိမ်းခြောက်မှုကိုရင်ဆိုင်နိုင်ပြီး ဥရောပတွင် စစ်ပွဲကျယ်ပြန့်မှုကိုတားဆီးကာကွယ်ရန် လိုအပ်သော လူအင်အား၊ ငွေကြေးနှင့် စစ်ရေးယန္တရားများ၏ အဓိကအရင်းအမြစ်ကို ပံ့ပိုးပေးနိုင်ပါသည်။ သို့သော် ထိုအင်အားသည်ခိုင်မာသော အတ္တလန္တိတ် ချိတ်ဆက်မှု အထူးသဖြင့် အမေရိကန်၏ နျူကလီးယား ခြိမ်းခြောက်မှုအပေါ် မှီခိုနေပါသည်။ အမေရိကန် ပါဝင်ပတ်သက်မှုလျော့နည်းသွားပါက ဥရောပတွင် စစ်ပွဲကျယ်ပြန့်လာနိုင်ခြေမှာ ဖြစ်နိုင်သည်သာမက ဖြစ်လာနိုင်ခြေလည်း များပါသည်။ ထိုအချက်က အမေရိကန်၏ အမျိုးသားလုံခြုံရေးကို တိုက်ရိုက်လာခြိမ်းခြောက်ကာ ကမ္ဘာ့စီးပွားရေးနှင့် အပြည်ပြည်ဆိုင်ရာစနစ်၏ တည်ငြိမ်မှုကိုထိခိုက်စေနိုင်ပါသည်။
ရုရှားစစ်တပ်သည် ပြင်းထန်သော ဆုံးရှုံးမှုများရှိခဲ့သော်လည်း အလျင်အမြန် ပြန်လည် တည်ဆောက်နိုင်ပြီး တိုင်းတာချက်များအရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းကို စစ်ပွဲမဆင်နွှဲမီကာလထက် ၎င်းစစ်အင်အားမှာ ပိုမိုကြီးမားလာခဲ့ပါသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဤပဋိပက္ခကို ယူကရိန်းတစ်ခုတည်းနှင့်သာမက နေတိုးအဖွဲ့၊ အနောက်နိုင်ငံများနှင့်ဖြစ်ပွားနေသည့်စစ်ပွဲဟု အပြည့်အဝ ရှုမြင်ထားပါသည်။ ၂၀၂၂ ခုနှစ် ကတည်းက ဥရောပတွင် ရုရှား၏ ဖျက်ဆီးမှုနှင့် ဆိုက်ဘာတိုက်ခိုက်မှုများလည်း သိသိ သာသာမြင့်တက်လာခဲ့သည်မှာ ထိုအချက်ကို သက်သေပြနေပါသည်။
၂၀၀၈ ခုနှစ်တွင် မော်စကိုက ဂျော်ဂျီယာကို ကျူးကျော်ပြီး ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကို သိမ်းပိုက်ကာ ဒွန်ဘတ်စ်တွင် စစ်ပွဲစတင်ခဲ့သည့်တိုင်အောင်ဥရောပတွင် ရုရှား၏ အကြီးစားစစ်ပွဲတစ်ခု ဖန်တီးလာနိုင်မှု ဖြစ်နိုင်ခြေကို နိုင်ငံတကာလုံခြုံရေးကျွမ်းကျင်သူ များက နှစ်ကာလများစွာ လျှော့တွက်ခဲ့ကြပါသည်။ ယူကရိန်းကိစ္စပေါ်လာမှ ထိုအချိန်က ၎င်းတို့၏ အမြင်မှားယွင်းကြောင်း နောက်ပိုင်းတွင် အပြင်းအထန် ဝေဖန်ခံခဲ့ရပါသည်။ ပူတင်အနေဖြင့် အားနည်းချက်တွေ့ရှိပါက ပြတ်ပြတ်သားသား လုပ်ဆောင်သွားမည် ဆိုသည်ကို ထပ်ခါထပ်ခါ ပြသသွားခဲ့ခြင်း ဖြစ်ပါသည်။
အမေရိကန်၏ အမျိုးသားလုံခြုံရေးလိုအပ်ချက်များကို ဦးစားပေးလုပ်ဆောင်ရာတွင် တရုတ် ခြိမ်းခြောက်မှုအား ပိုမိုကြီးကျယ်အောင် မပြောဆိုမိရန် အရေးကြီးလှပါသည်။ တရုတ်၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်တွင် စစ်သင်္ဘောအရေအတွက် ပိုမိုများပြားကြောင်း အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးများ မကြာခဏပြောဆိုနေကြသော်လည်း အမေရိကန် ရေတပ်မှာ သာလွန်အားကောင်းနေဆဲဖြစ်ပါသည်။ အမေရိကန်ရေတပ်တွင်တရုတ်ရေတပ် ထက် ခေတ်မီဆန်းပြားသော မစ်ဆိုင်းများ၊ ပိုမိုအရွယ်အစားကြီးသော ဖျက်သင်္ဘော၊ ကရူဆာ သင်္ဘောနှင့် ဖရီဂိတ်သင်္ဘော အများအပြား ပိုမိုပိုင်ဆိုင်ထားပါသည် (တရုတ်ရေတပ်၏ အများစုဖြစ်သော ကမ်းရိုးတန်းစောင့်ကြပ်ရေး သင်္ဘောငယ်များနှင့် ဆန့်ကျင်ဘက်)။ ထို့ပြင် အမေရိကန်၏ နျူကလီးယားတပ်ဆင်ထားသော လေယာဉ်တင်သင်္ဘောများနှင့် နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများသည် တရုတ်ပိုင် အရေအတွက်ထက် များစွာသာလွန်ပြီး အမေရိကန်၏ ရေတပ်နည်းပညာများသည်လည်း ပိုမိုအဆင့်မြင့်မားပါသည်။
ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယားနှင့် ဖိလစ်ပိုင်တို့၏ မဟာမိတ်ရေတပ်များကို ထည့်သွင်းစဉ်းစားပါက အမေရိကန်ရေတပ် အားသာချက်သည်တရုတ်ထက် ပိုမိုကြီးမားလာပါသည်။ အမေရိကန်၏ လေတပ်အင်အားသည်လည်း အလားတူသာလွန်မှုရှိပြီး စတုတ္ထ မျိုးဆက်နှင့် ပဉ္စမမျိုးဆက်တိုက်လေယာဉ် အများအပြားရှိသည့်အပြင် C4ISR (စစ်တပ်၏ "အာရုံကြောစနစ်" ဟုခေါ်ဆိုလေ့ရှိသော ကွပ်ကဲမှု၊ ထိန်းချုပ်မှု၊ ဆက်သွယ်ရေး၊ ကွန်ပျူတာ၊ ထောက်လှမ်းရေးနှင့် စောင့်ကြည့်ရေး) တွင်လည်း အလွန်အမင်း သာလွန်နေ ပါသည်။ အမေရိကန်အတွက် မိမိသာလွန်မှုကို မဟာမိတ်များက ထပ်မံအားဖြည့်ပေးထား ပါသည်။ ကမ်းခြေဒုံးပစ်စနစ်များ၏ အကွာအဝေးအတွင်းတွင် တရုတ်သည် အန္တရာယ်ရှိသော ပြိုင်ဘက်ဖြစ်သော်လည်း ပင်လယ်ပြင်တွင် အမေရိကန်နှင့်၎င်း၏မဟာမိတ်များသည် ပိုမိုစွမ်းဆောင်နိုင်စွမ်းရှိပါသည်။
ထို့အပြင် တရုတ်သည် မိမိအိမ်နီးချင်းမှာတွင် ခိုင်မာသော မဟာမိတ်များ ကင်းမဲ့ခြင်း၊ မိမိ၏ စီးပွားရေးရှင်သန်ရေးအတွက် ရေကြောင်းကုန်သွယ်ရေးအပေါ် မှီခိုနေရခြင်းကြောင့် အားနည်းချက်ရှိနေပါသည်။ ထိုကုန်သွယ်ရေးလိုင်းများသည် စစ်ဖြစ်ပါက အလျင်အမြန် ပိတ်ဆို့ခံရနိုင်ပါသည်။ အမှန်စင်စစ်တရုတ်၏ ရေနံသွင်းကုန် ၈၀ ရာခိုင်နှုန်းသည် မလက္ကာ ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းနေပြီး ထိုနေရာသည် တရုတ်ရေတပ်၏ လက်လှမ်း မမှီသောအကွာအဝေးတွင် တည်ရှိပါသည်။ ထို့ထက်ပို၍ အမေရိကန်၏ လေတပ်နှင့် ရေတပ်အင်အားဖြင့် အားဖြည့်ထားသော အင်အားကြီးစစ်တပ်များရှိသည့်နိုင်ငံများက တရုတ်ကို ဝန်းရံထားပါသည်။ စီးပွားရေးတိုးတက်မှုနှေးကွေးပြီး ပြင်းထန်သော ပြည်တွင်း ပြဿနာများရှိနေသည့် တရုတ်သည် အကြီးစားဒေသတွင်းပဋိပက္ခ ဖြစ်ပွားပါက ထိထိ ရောက်ရောက် တွန်းလှန်နိုင်မည် မဟုတ်ပါ။
သေချာသည်မှာ တရုတ်သည် ယနေ့အမေရိကန်နှင့် ၎င်း၏မဟာမိတ်များနှင့် မိတ်ဖက်များအတွက် အရေးကြီးသော စိန်ခေါ်မှုများကို ဖန်တီးနေပါသည်။ဤပြဿနာများကို လျစ်လျူရှုထားရန် မသင့်ပါ။ ထို့အပြင် တိုးတက်လာသော အဓိကအင်အားကြီးနိုင်ငံ ဖြစ်သည့် တရုတ်၏ ခြိမ်းခြောက်နိုင်စွမ်းနှင့် လိုအင်ဆန္ဒမှာ အနာဂတ်တွင် ပိုမိုမြင့်တက်လာဖွယ်ရှိ ပါသည်။ ပေကျင်းသည် ၎င်း၏အနီးတစ်ဝိုက်ရှိ နိုင်ငံများအပေါ် နိုင်ရင်နိုင်သလို နိုင်ငံရေး၊ စီးပွားရေးနှင့်စစ်ရေးခြိမ်းခြောက်မှုများဖြင့် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းပါလိမ့်မည်။ သို့သော် အကြီးစားစစ်ပွဲတစ်ခုက တရုတ်ကွန်မြူနစ်ပါတီ၏ အသက်ရှင်ရပ်တည်ရေးကို ပြင်းထန်သော ခြိမ်းခြောက်မှုကို ဖြစ်စေနိုင်ပါသည်။
အမေရိကန်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် တစ်ခုတည်းသော စီးပွားရေးနှင့်စစ်ရေးမဟာအင်အားကြီးနိုင်ငံဖြစ်ပါသည်။ သို့ရာတွင် မဟာဗျူဟာမြောက် အားလုံးကို တစ်နေရာတည်းတွင် စုစည်းထားပါက မလိုလားအပ်သည့် မဆင်ခြင်မှုမျိုး ဖြစ်လာစေနိုင်ပါသည်။ အာရှ-ပစိဖိတ်ဒေသကို အလွန်အမင်းအလေးပေးပြီး ဥရောပကို သီးသန့်ထားခြင်းမှာ ကျရှုံးမည့် အန္တရာယ်ရှိပြီး လက်မခံနိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်လာစေနိုင်ပါသည်။ ဥရောပနှင့် အာရှ-ပစိဖိတ်နှစ်ခုလုံးမှာ ဝါရှင်တန်အတွက် အထူး အရေးကြီးလှပါသည်။ ထိုနှစ်ခုစလုံးမှာ ဝါရှင်တန်၏ စစ်မှန်သော အလေးထားမှုနှင့် ကတိ ကဝတ်တို့နှင့် ထိုက်တန်နေပါသည်။ ။
သစ်ပင်တစ်ပင် ရှင်သန်ဖြစ်ထွန်းအောင်မြင်စေရန် သစ်မျိုး၊ မြေ၊ ရေ၊ ရာသီဥတုတို့အပေါ် များစွာမူတည်ပေသည်။ သစ်မျိုးအလိုက် ရှင်သန်အောင်မြင်ဖြစ်ထွန်းသည့် ရပ်ဝန်းရှိကြပါသည်။ မြန်မာတို့၏ ရှေးကဘိုးဘွားတို့ အစဉ်အဆက်စိုက်ပျိုးခဲ့သော သစ်ပင်များမှာ လက်ရှိ လူသားမျိုးဆက်တို့ကို အကျိုးပြုလျက်ရှိနေသကဲ့သို့ လက်ရှိမျိုးဆက်တို့ကလည်း နောင်လာမည့် မျိုးဆက်များအတွက် သစ်ပင်စိုက်ပျိုးခြင်းကို ပြုကြရမည်ဖြစ်သည်။
သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေခြင်း၊ ရာသီဥတုညီညွတ်မျှတစေခြင်းအပြင် မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ခြင်း၊ အရိပ်အာဝါသနှင့် သန့်စင်သောလေရရှိခြင်း၊ သစ်ပင်ရှင်သန်နေစဉ် အသီးအပွင့်အရွက်စသည်တို့ ခံစားရရှိခြင်း၊ နေစရာအတွက် သစ်၊ တိုင်၊ မျော အလွယ်တကူရရှိပြီး ပိုလျှံက ရောင်းချခြင်းဖြင့် ဝင်ငွေရရှိခြင်း၊ သားငှက်တိရစ္ဆာန်များအတွက် အစာရေစာနှင့် နားနေရာရရှိခြင်းစသည့် လက်ငင်းအကျိုးကျေးဇူးများရရှိပါမည်။
မြန်မာလူမျိုးတို့သည် ကိုးကွယ်သည့်ဘာသာတရား၏ အဆုံးအမအရသော်လည်းကောင်း၊ မိရိုးဖလာအစဉ်အလာအရသော်လည်းကောင်း ဟိုးပဝေသဏီကပင် မိုးကြို၊ မိုးဦးကာလမှသည် မိုးကာလ မြေဆီစိုခိုက်အချိန်တွင် သစ်ပင်စိုက်ခြင်းကိုဆောင်ရွက်ကြပါသည်။
ဧရိယာပမာဏငယ်ငယ်မှ ကျယ်ကျယ်အထိ စိုက်ကြ
သစ်ပင်စိုက်ခြင်းကို ပသာဒဖြစ်စေရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကောင်းမွန်လာစေရန်၊ သဘာဝတောများမှ ထုတ်ယူသုံးစွဲမှုလျှော့ချရန်၊ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ သစ်တောများရေရှည်တည်တံ့စေပြီး စဉ်ဆက်မပြတ် အကျိုးရရှိစေရေးအတွက် ပြုစုထိန်းသိမ်းရေးနှင့် စနစ်တကျထုတ်ယူသုံးစွဲရေးဆိုင်ရာ အသိအမြင်များတိုးပွားပြီး သိရှိလိုက်နာစေရန်၊ ဒေသခံများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် စသည့် ရည်ရွယ်ချက်အမျိုးမျိုးနှင့် သစ်ပင်များကို တစ်နိုင်တစ်ပိုင်၊ တစ်အုပ်တစ်မ၊ အစုအဝေးလိုက် ဧရိယာပမာဏငယ်ငယ်မှ ကျယ်ကျယ်အထိ စိုက်ကြပါသည်။ နိုင်ငံတစ်ဝန်းတွင် နေရာဒေသအလိုက် ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက်နှင့် အထိမ်းအမှတ်နေ့များ စသည်ဖြင့် လူစုလူဝေး အင်အားသုံး မိုးရာသီသစ်ပင်စိုက်ပွဲများလည်း နှစ်စဉ်ပြုလုပ်ကြပါသည်။ အားရစရာကြီးပင်။ သစ်ပင်စိုက်ခြင်းကို ခေတ်အဆက်ဆက် နိုင်ငံတော်အကြီးအကဲများကလည်း အားပေးအားမြှောက်ပြုခဲ့ကြပါသည်။
သစ်ပင်စိုက်တိုင်း မိမိတို့၏ရည်ရွယ်ရင်းအတိုင်း အကျိုးများသည့် သစ်ပင်များအဖြစ် ရှင်သန်ဖြစ်ထွန်းအောင်မြင်ပါရဲ့လား။ အသွင်သဏ္ဌာန်နှင့် အနှစ်သာရ အပြည့်အဝဖြစ်ပါရဲ့လား။ သစ်ပင်စိုက်လျှင် ရှင်သန်ချင်လိုက်နာကြဖို့ အသိယှဉ်စေချင်ပါသည်။
ဥပမာ ကျွန်းဆိုပါစို့၊ မိုးရေချိန်လက်မ ၆၀ မှ ၈၀ ကြား၊ ရေစီးရေလာကောင်းပြီး မြေသြဇာထက်သန်သည့် မြေအမျိုးအစားတွင် ရှင်သန်ဖြစ်ထွန်းအောင်မြင်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်ဒေသတွင် ကျွန်းပင်စိုက်သော် ရှင်နိုင်သော်လည်း မဖြစ်ထွန်း မအောင်မြင်နိုင်ပါ။ ထိုအပင်မျိုးက အောင်လုံကောင်းမွန်သော ကျွန်းမျိုးဆက်များကို ပေးနိုင်စွမ်းမည်လည်းမဟုတ်ပါ။ ကျွန်း၏မျိုးရိုးဗီဇအရည်အသွေးကိုပင် ယုတ်လျော့ကျဆင်းစေနိုင်ပါသည်။ အလားတူ ဒီရေတောသစ်မျိုးများကို တောင်ပေါ်ဒေသ၊ အအေးပိုင်းဒေသ သစ်မျိုးများကို အပူပိုင်းဒေသတို့တွင်စိုက်က ရှင်သန်အောင်လုံမှု မရှိနိုင်ပါ။ သစ်မျိုးရွေးချယ်ရာတွင် ဒေသ၏ရေမြေရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သည့် ဒေသသစ်မျိုးများကို ဦးစားပေး ရွေးချယ်ရမည်ဖြစ်ပြီး စိုက်သည့်ရည်ရွယ်ချက်မှာ လောင်စာအတွက် ဖြစ်ပါက အကြီးမြန်သစ်မျိုးများ ရွေးချယ်၍သော်လည်းကောင်း၊ စီးပွားဖြစ် သစ်တိုင်မျောအတွက်ဆိုပါက စျေးကွက်မှတောင်းဆိုသည့် အဖိုးတန် သစ်မျိုးများ ရွေးချယ်၍သော်လည်းကောင်း စိုက်ရမည်ဖြစ်သည်၊၊
မြေရှိလျှင် သစ်ပင်စိုက်၍ ရပါသည်။ စိုက်သည့်မြေတွင် သစ်မျိုးအလိုက် အပင်ဖြစ်ထွန်းချင်မှဖြစ်မည်။ မြေဆီမြေနှစ် မြေသြဇာကင်းမဲ့ သောမြေ၊ အပင်အတွက်လိုအပ်သော အစိုဓာတ်မထိန်းသောမြေမှာ သစ်ပင်စိုက်က ရှင်သန်ရန်ခဲယဉ်းပါသည်။ အပင်ရှင်သန်ရန် ရေလို သလို လိုသည်ထက်ပိုသောရေဝပ်နေရာများ၊ ရေစီးရေလာမကောင်း သောနေရာများတွင် အပင်စိုက်ပါကလည်း မဖြစ်ထွန်းနိုင်ပါ။ အလားတူ ရာသီဥတုကိုလည်း သတိပြုရပါမည်။ ပူပြင်းသော၊ အေးသော၊ မိုးနည်းသော၊ မိုးများသောဒေသအလိုက် ရှင်သန်ဖြစ်ထွန်းမည့် သစ်မျိုး ကိုသာ စိုက်ရမည်ဖြစ်သည်။ စိုက်ပင်တိုင်း ရှင်သန်အောင်မြင်ဖြစ်ထွန်းရေး သစ်မျိုးကို ဦးစားပေးလိုက သစ်မျိုးနှင့် သဟဇာတဖြစ်မည့် မြေနေရာရွေးရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် မြေနေရာ ဦးစားပေးလိုက မြေနေရာနှင့် လိုက်လျောညီထွေဖြစ်မည့် သစ်မျိုးကို ရွေးစိုက်ရမည်ဖြစ်ပါသည်။
ရှောင်ရှားရမည့်နေရာ
သစ်ပင်စိုက်မည့်မြေနေရာသည် လျှပ်စစ်ဓာတ်အားလိုင်းများ၊ သွယ်တန်းထားသည့် ဓာတ်ကြိုးများအောက်၊ နဂိုရှင်သန်ကြီးထွားပြီး အပင်ကြီးများအောက်၊ လမ်းဘေးဝဲယာဖြစ်က တိုးချဲ့မည့်လမ်း အဆင့်မြှင့်တင်မည့်လမ်းဧရိယာနှင့် လမ်းနယ်နိမိတ်များ၊ အဆောက် အအုံဆောက်မည့်နေရာ၊ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်မည့် နေရာ၊ ရေဝပ်သည့်နေရာတို့ဖြစ်ပါက ရှောင်ရှားရပါမည်။ ဓာတ်ကြိုးများ အောက်ခြေမှ ပေ ၅၀ ခွာရပါမည်။ ရေဝပ်နေရာဖြစ်ပါက လုံလောက် သောမြေစာဖို့ရပါမည်။ အမြန်လမ်း၊ ဒွေးလမ်းကြီးများ၏ လမ်းလယ်ကျွန်းအပင်စိုက်က အပင်ကြီးသစ်မျိုးအစား အပင်ငယ် သို့မဟုတ် ပသာဒဖြစ်မည့်သစ်မျိုးကို ရွေးရပါမည်။
သစ်ပင်စိုက်ရန် သစ်မျိုး၊ စိုက်မည့်နေရာရွေးချယ်ခြင်း( Choice of species & Site selection)ပြီးနောက် ပျိုးဥယျာဉ်ရှိ ပျိုးပင်များကို ဒဏ်ခံနိုင်စေရန် တစ်နည်းအားဖြင့် အောင်လုံသန်စွမ်းသော ပျိုးပင်ဖြစ်စေရန် ဧပြီလနောက်ဆုံးရက်သတ္တပတ်လောက်မှစ၍ မြေချမစိုက် မီ အချိန်အတွင်း ရေလျှော့လောင်းခြင်း၊ အလင်းဖွင့်ခြင်း (Hard-ening process) စသည့်လုပ်ငန်းများ ဆောင်ရွက်ရပါမည်။ (သစ်တောဦးစီးဌာနသည် သစ်ပင်စိုက်ပြီးရှင်သန်ကြီးထွားမှုကောင်းစေရန် ဒဏ်ခံနိုင်သော၊ အောင်လုံသန်စွမ်းသော အမြင့်နှစ်ပေနှင့်အထက်ရှိ ပျိုးပင်များကို မိုးကာလတွင် ပြည်သူလူထုသို့ အခမဲ့ ဖြန့်ဝေလျက်ရှိပါသည်) စိုက်မည့်အကွာအဝေးအလိုက် ပန္နက်ရိုက်ခြင်း၊ မြေပြုပြင်ခြင်း ဆောင်ရွက်ရပါမည်။
မိုးရေချိန်နည်းပါးသော အပူပိုင်းဒေသများတွင် ရေစုစည်း သိုမှီးနိုင်သည့် အရွယ်အစားရှိ ကျင်းတူးရမည်။ အများအားဖြင့် ၄'x၄'x ၁'/ ၃'x၃'x၁'/၄'x၁'x၁' အရွယ်အစားရှိ ကျင်းအတွင်းအလယ်တွင် တစ်ပေပတ်လည် ချက်ကျင်းတူးရပါမည်။ အပူပိုင်းဒေသမှအပ ကျန် ဒေသများတွင် နှစ်ပေပတ်လည် တစ်ပေအနက်ကျင်း သို့မဟုတ် ပျိုးအိတ်အရွယ်အစားပေါ်မူတည်၍ လိုအပ်သည့်အရွယ်အစား ကျင်းတူးရပါမည်၊ ကျင်းများအတွင်း ရောစပ်ထားသည့်မြေဆွေးများ အလုံအလောက်ထည့်ရပါမည်။
မိုးဦးကာလတွင် သစ်ပင်စိုက်ခြင်း ဆောင်ရွက်
ရေလောင်းပေးနိုင်ပါက မိုးကြိုသစ်ပင်စိုက်ခြင်း၊ သစ်ပင်စိုက်ရန် လုံလောက်သည့် မြေအစိုဓာတ်ရရှိသည့် မိုးဦးကာလတွင် သစ်ပင်စိုက်ခြင်း ဆောင်ရွက်နိုင်ပါပြီ။ ပျိုးဥယျာဉ်တွင် ဒဏ်ခံနိုင်အောင် ပြုစုထားသည့် အောင်လုံသောပျိုးပင်တို့ သယ်ယူချိန်တွင် ပျိုးပင်များ မကျိုးမပျက်စေရန် ပျိုးအိတ်မြေလုံးမကွဲစေရန်သယ်ရပါမည်။
သစ်ပင်စိုက်ကြပါစို့၊ ပျိုးအိတ်မြေလုံးမကွဲစေရန် သတိနှင့်ကိုင်တွယ်ပါ။ ပျိုးအိတ်ကို လက်နှစ်ဖက်ဖြင့် အသာဆုပ်ညှစ်ရပါမည်။ သစ်ပင်စိုက်မည့်ကျင်းအနီး ပျိုးအိတ်ပလတ်စတစ်ကို လက်သည်း သို့မဟုတ် အသွားထက်ဓားသေးသေးဖြင့် ခွဲထုတ်ရပါမည်။ စိုက်ပင်ကို တည့်တည့်မတ်မတ်ထား၍ မြေလုံးကို သတိဖြင့် ကျင်းအတွင်း အသာထည့်ပြီး စိုက်ပင်ဘေးပတ်လည် လေဟာမှုမဖြစ်စေရန် ဖို့မြေကို ဖိသိပ်ပေးရပါမည်။ အပင်အခြေ ရေဝပ်မှုမရှိစေရေး မို့မောက်သည်အထိ ရောစပ်ထားသည့်မြေဆွေးပုံပေးရပါမည်။
စိုက်ပင်များကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသည့် အိမ်မွေးတိရစ္ဆာန်များ၊ အခြားဖျက်ဆီးမှုများမရှိစေရန် အကာအရံ၊ အရံအတားများ စနစ်တကျ ပြုလုပ်ပေးရပါမည်။ လိုအပ်သလို ရေလောင်းပေးခြင်း၊ အရိပ်ပေးခြင်း၊ မြေသြဇာကျွေးခြင်း၊ ပေါင်းသင်ရှင်းလင်း၊ မြေတောင်မြှောက် ခါးဆွခြင်းများ ဆောင်ရွက်ခြင်းဖြင့် ပြုစုထိန်းသိမ်းမှုပြုရပါမည်။
သစ်တောဦးစီးဌာနသည် ၂၀၂၅ ခုနှစ် မိုးကာလတွင် သစ်ပင်စိုက်ရန် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ၊ အာဆီယံလမ်း၊ အမြန်လမ်းနှင့် လမ်းဘေးဝဲယာများကို အထူးလုပ်ငန်းတစ်ရပ်အနေဖြင့် အပင်စိုက်ခြင်း၊ နိုင်ငံတစ်ဝန်း မိုးကြို/မိုးကာလသစ်ပင်စိုက်ပွဲတော်များကျင်းပခြင်း၊ ဌာနဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများသို့ ဖြန့်ဝေခြင်းတို့အတွက် သစ်မျိုးစုံ၊ ဝါးမျိုးစုံ ပျိုးပင် ၂၁ သန်းနီးပါး ပျိုးထောင်ထားရှိပေသည်။ ထို့ပြင် သစ်ပင်ပျိုးထောင် မှုနှင့်ပတ်သက်၍ သစ်တောသစ်ပင်ဆိုင်ရာ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တစ်သီးပုဂ္ဂလ တစ်နိုင်တစ်ပိုင် ဝါသနာရှင်များ၏ ဆောင်ရွက်မှုများပါဝင်ပါက နှစ်စဉ် မြန်မာနိုင်ငံတွင် ပျိုးပင်များ သန်းဆယ်ချီများသော အရေအတွက်ပမာဏဖြင့် ပျိုးထောင်ကြပါသည်။ ထိုအတွက် အချိန်၊ လုပ်အား၊ ငွေကြေး၊ နည်းပညာအရင်းအနှီးများ၏တန်ဖိုးကား အနမတဂ္ဂပါ။ သစ်ပင်စိုက်ရာတွင် ရှင်သန်အောင်မစိုက်ပါက အကြောင်းမျိုးမျိုးကြောင့် စိုက်ပင်များပျက်စီးပြီး တန်ဖိုးတွက်ချက်ရသည်ရော၊ မရသည်ရော ဆုံးရှုံးမှုများကား မနည်းမနော ရှိပေချိမ့်။
မြေဆီစိုခိုက် သစ်ပင်စိုက်ကြရာဝယ် စိုက်ပင်များကို
- ရှင်အောင်စိုက်၊
- ကြီးအောင်ပြုစု
-မြဲအောင်ထိန်းသိမ်းခြင်းဖြင့် တစ်ပင်မှ တစ်တောဖြစ်အောင် စွမ်းဆောင်ရင်း သစ်ပင်များ စိုက်ကြပါစို့၊
သစ်ပင် သစ်တောများသည်-
အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်ကာလတွင် အကျိုးစီးပွား၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံသည့် အရင်းအနှီးကောင်းများပင်။နောင် လာနောက်သား မျိုးဆက်သစ်များအား အမွေကောင်းများပေးနိုင်စေရေး၊ စိမ်းလန်းစိုပြည်သည့်မြေကြီးမှ ရွှေသီးစေရေးနှင့် သက်ရှိများအားလုံး အကျိုးရှိစေရေးအတွက် မိုးကာလ မြေဆီစိုခိုက် သစ်ပင်များများ စိုက်ကြပါစို့။ ။
Source: Myanmar Digital News