ယူနွတ်က အမေရိကန်နှင့် အကောက်ခွန်ဆိုင်ရာ သဘောတူညီမှု ရယူခဲ့သည့် ကုန်သွယ်ရေး အဖွဲ့ကို ချီးကျူးစကားပြောကြား
သောကြာနေ့ (ဩဂုတ် ၁) က အကြံပေးအကြီးအကဲ ပရောဖက်ဆာ မူဟာမက် ယူနွတ်ကအမေရိကန် ပြည်ထောင်စုနှင့် ကုန်သွယ်ရေး သဘောတူညီချက်ရရှိစေရန် ဆောင်ရွက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် အကောက်အခွန် ညှိနှိုင်းပေးခဲ့သည့် သံတမန်အောင်ပွဲဖြစ်ခံယူ၍ ချီးကျူးပြောကြား ခဲ့ပါကြောင်း ဩဂုတ်လ ၁ ရက်နေ့ထုတ် ဒါကာထရီဗျူးသတင်းစာတွင် ဖော်ပြပါရှိပါသည်။
“ဘင်္ဂလားဒေ့ရှ်၏ အနာဂတ်တောက်ပနေမည်ဆိုသည်မှာ ငြင်း၍မရပါ၊ ယနေ့ အောင်မြင်သည့် ရပ်တည်မှုသည် နိုင်ငံ၏ တုန့်ပြန်နိုင်စွမ်းအားအပေါ် မှတ်ကျောက်တင်နိုင်ခဲ့ပါကြောင်း၊ ယင်းသည် အနာဂတ် စီးပွားရေးအင်အား တိုးတက်လာစေရေးအတွက် အထောက်အကူ ဖြစ်စေပါကြောင်း” အမေရိကန်ပြည်ထောင်စုနှင့် အကောက်အခွန်ဆိုင်ရာ အောင်မြင်မှုရရှိသည်အထိ စေ့စပ်ညှိနှိုင်းခဲ့ကြ သူများကို သတင်းစကား ပြောကြားခဲ့ပါသည်။
မျှော်မှန်းထားသည်ထက် ၁၇ ပွိုင့် လျော့နည်း၍ အကောက်အခွန် ၂၀%အထိ လျော့ခဲ့ပါကြောင်း၊ စေ့စပ်ဆွေးနွေးခဲ့ကြသူများသည် ဗျူဟာမြောက် ကျွမ်းကျင်ကြပါကြောင်း၊ ယင်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ စီးပွားရေးအကျိုးအမြတ်ကို ကာကွယ်စောင့်ရှောက်ကြသူများ ဖြစ်ပါကြောင်း ၎င်းက ပြောကြားပါသည်။
၎င်းတို့သည် ဖေဖော်ဝါရီလကတည်းက မဆုတ်မနစ် လုပ်ဆောင်ခဲ့ကြပြီး အကောက်ခွန်နှင့်အကောက်ခွန်မဟုတ်သော အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်များပါ စေ့စပ်ညှိနှိုင်းခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ယူနွတ်ကပြောကြားခဲ့သည်။
“၎င်းတို့ ညှိနှိုင်းထားသည့် သဘောတူညီချက်သည် မိမိတို့၏ အားသာချက်ကို ထိန်းသိမ်းထားပြီး ကမ္ဘာ့အကြီးဆုံး ဈေးကွက်ရရှိမှုကို မြှင့်တင်ပေးကာ မိမိတို့၏ အဓိက အမျိုးသားအကျိုးစီးပွားကို အကာအကွယ်ပေးခြင်း ဖြစ်ပါသည်"ဟု ၎င်းက ပြောကြားကြောင်း ဒုတိယ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် အာဇက် မာဂျမ်ဒါက သတင်းစကား မျှဝေထားပါသည်။
ယင်းအောင်မြင်မှုသည် ကမ္ဘာ့စင်မြင့်ထက်တွင် ဘင်္ဂလားဒေ့ရှ်၏ အင်အားကို ပြသရုံမျှမကပဲ ကြီးမားသည့် အခွင့်အလမ်းများအတွက် တံခါးဖွင့်လှစ်လိုက်ခြင်း ဖြစ်သည့်အပြင် တိုးတက်မှု အရှိန် မြှင့်တင်၍ ရေရှည်တည်တံ့သည့် ကျွယ်ဝမှုများကို ဖန်တီးလိုက်ခြင်းဖြစ်ကြောင်း ယူနွတ်က ပြောပါသည်။
ကိုးကား- ဒါကာထရီဗျူး
ဘာသာပြန်ဆိုသူ - ဦးခိုင်ထွဋ်လှ၊ ဝန်ကြီးဌာန-၂