မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားမည်ဟုဆို
မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံသည် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇူလိုင်လ ၃၁ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ပြောသည်။
သတင်းစာရှင်းလင်းပွဲ၌ AFP သတင်းဌာနမှ သတင်းထောက်တစ်ဦးက မြန်မာ နိုင်ငံတွင် အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်းကို ရုပ်သိမ်းမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ သဘောထားအမြင်ကိုမေးမြန်းစဉ် ကောကျားခွန်းက ယခုကဲ့သို့ထည့်သွင်းပြောခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ မိတ်ဆွေနှင့်အိမ်နီးချင်း နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အနီးကပ်လေ့လာ စောင့်ကြည့်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၎င်းတို့၏ အမျိုးသားရေးအခြေအနေများနှင့်အညီ ဖြစ်သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ကိုလျှောက်လှမ်းရာတွင် တည်ငြိမ်အေး ချမ်းရေးကိုထိန်းသိမ်းခြင်း၊ ငြိမ်းချမ်းစွာ ပြန်လည် သင့်မြတ်ရေးကို သဘောပေါက် နားလည်ခြင်းနှင့် ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်ကို မရပ်မနား ရှေ့တိုးဆောင်ရွက် လာခြင်းတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက အားပေး ထောက်ခံကြောင်း၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဖွဲ့အစည်း များအနေဖြင့် ကွဲပြားခြားနားမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများမူ ဘောင်အတွင်းမှနေ၍ နိုင်ငံရေးနည်းလမ်းများဖြင့် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းနေမှုကိုလည်း တရုတ်နိုင်ငံက ကြိုဆိုကြောင်း ကောကျားခွန်းက ပြောသည်။
အလားတူ တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြု ဟူသော အခြေခံသဘောတရားကို စွဲကိုင်ထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပါတီများ၏ လိုအပ်ချက်အပေါ် မူတည်၍ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများကို ဆက်လက်အားပေး မြှင့်တင်သွားရန်လည်း အသင့်ရှိနေကြောင်း ကောကျားခွန်းကပြောထားသည်ဟု သိရသည်။
Ref: FMPRC