တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် ASEAN-Korea Startup Innovation Week 2025 ပြပွဲတွင် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ခေါ်

News Image

  • တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် ASEAN-Korea Startup Innovation Week 2025 ပြပွဲတွင် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ခေါ်

ရန်ကုန် ဇွန် ၂၂

တောင်ကိုရီးယားနိုင်ငံ၌ အောက်တိုဘာလ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် ASEAN-Korea Startup Innovation Week 2025 ပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ အစပျိုး လုပ်ငန်းရှင်များအား ပါဝင်ပြသရန် အာဆီယံ-ကိုရီးယား ဗဟိုဌာနမှ ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အစပျိုးလုပ်ငန်းရှင်များကြား တီထွင်ဆန်းသစ်မှုအတွေးအခေါ်များ ဝေမျှနိုင်စေရန်၊ အလားအလာရှိသော တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်စေရန်၊ အစပျိုးလုပ်ငန်းရှင်များကို စွမ်းဆောင်ရည် မြင့်တင်ပေးနိုင်ရန်နှင့် အာဆီယံနှင့် တောင်ကိုရီးယားနိုင်ငံရှိအစပျိုးလုပ်ငန်းရှင်များကြား ကွန်ရက် ခိုင်မာလာစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ပြပွဲကိုကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။

ထိုပြပွဲတွင် ပါဝင်ရန် အာဆီယံနိုင်ငံအသီးသီးမှ လုပ်ငန်းရှင်နှစ်ဦးစီကို ဆိုးလ်မြို့ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏သံရုံးများမှ တစ်ဆင့်အဆိုပြုပေးရန်ဖိတ်ခေါ်ထားပြီး The ASEAN Coordinating Committee on Micro, Small and Medium Enterprises (ACC MSME) ထံမှလည်း လုပ်ငန်းရှင်တစ်ဦးစီ ထပ်မံအဆိုပြုပေးရန် တောင်းခံထားကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၌ ဈေးကွက်ထိုးဖောက်ရန်နှင့် စီးပွားရေးတိုးချဲ့နိုင်ရန် ရည်မှန်းချက်ထားကာ ကြိုးပမ်းနေသည့် အစပျိုးလုပ်ငန်းရှင်များ၊ သက်တမ်းငါးနှစ်အောက်စီးပွားရေး လုပ်ငန်းဖြစ်ပြီး ဝန်ထမ်းအင်အား ၃၀ ဦးအောက် ခန့်ထားကာ အခွန်ထမ်းနေသော အစပျိုးလုပ်ငန်းရှင်များ၊ အင်္ဂလိပ်ဘာသာ စကားကို ကျွမ်းကျင်စွာပြောနိုင်သော အစပျိုးလုပ်ငန်းရှင်များ၊ AI Mobility Tech Fintech သို့မဟုတ် Healthcare Platform စသည့် နည်းပညာအသုံးပြုသောကဏ္ဍများအပါအဝင် လူ့ဘောင်အဖွဲ့အစည်းအား အကျိုးရှိစေမည့် နည်းပညာအသုံးပြုနေသော အစပျိုးလုပ်ငန်းရှင်များအား အဆိုပြုပေးရန် ဖိတ်ခေါ်ထားပြီး ရွေးချယ်ခံရသည့် အစပျိုးလုပ်ငန်းရှင်များအတွက် လေယာဉ်စရိတ်နှင့် တည်းခိုနေထိုင်စရိတ်တို့ကို အာဆီယံ-ကိုရီးယားဗဟိုဌာနမှ ကျခံပေးမည်ဖြစ်သည်။

အဆိုပါပြပွဲတွင် ပါဝင်ပြသလိုသည့် မြန်မာနိုင်ငံမှ အစပျိုးလုပ်ငန်းရှင်များနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်းနံပါတ် ၀၆၇- ၄၀၈၆၂၃ နှင့် event.td. myantrade@gmail.com သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
ဆောင်းဦး