မော်လမြိုင်ကျွန်းမြို့နယ်မှထွက်ရှိသည့် ဒေသထွက် ရင်ကွဲသရက်သီးများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ
မော်လမြိုင်ကျွန်း ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှထွက်ရှိသည့် ဒေသထွက် ရင်ကွဲသရက်သီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ သရက်သီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းသူ က ပြောပြ၍ သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသထွက် ရင်ကွဲသရက်သီးများသည် ဈေးကွက်အတွင်း ယခုနှစ် ဇွန်လ ဒုတိယပတ်မှစတင်ပြီး ယနေ့ထိ အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး တစ်ရက်လျှင် သရက်သီးအလုံးရေ ၄၅၀၀၀ မှ ၅၅၀၀၀ ထိ ဝယ်ယူမှုများပြားလာပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း၊ အဆိုပါ သရက်သီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၇၂၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
“ဒီဘက်ကနေထွက်တဲ့ ရင်ကွဲ သရက်သီးတွေကို အခြားမြို့နယ်တွေက ဝယ်ယူမှု များပြားနေပါတယ်။ လက်ရှိ သရက်သီးအလုံးရေ ၅၅၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေပါတယ်။ အခု အရောင်းအဝယ်ကောင်းနေတဲ့ သရက်သီးတွေက အရည်အသွေးကောင်းပြီး လတ်ဆတ်ပါတယ်။ အခုလို ဒေသထွက်ကုန်သရက်သီးတွေ ဝယ်ယူအားကောင်းလာတော့ သရက်စိုက်ပျိုးတဲ့တောင်သူတွေ အလုပ်အကိုင်အခွင့်အလမ်းပိုမို အဆင်ပြေလာပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ သရက်သီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းသူ က ပြောပြသည်။
မော်လမြိုင်ကျွန်းမြို့နယ်မှ ထွက်ရှိသည့် ဒေသထွက် ရင်ကွဲသရက်သီးများကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချနေကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ သရက်သီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းသူ ထံမှ သိရသည်။
Source: ရတနာပုံသတင်းစာ