ဝေဟင်စောင့်ကြည့်ရေး စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် Thales ကုမ္ပဏီမှ GM400a ရေဒါစနစ်နှစ်ခုကို မလေးရှား ဝယ်ယူ
အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသည် ၎င်းတို့၏ ဝေဟင်စောင့်ကြည့်ရေး စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် Thales ကုမ္ပဏီမှ GM400a ရေဒါစနစ်နှစ်ခုကို ဝယ်ယူမည်ဖြစ်သည်။
အဆိုပါ ရေဒါစနစ်များ ဝယ်ယူရေးကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ ပြင်သစ်နိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မလေးရှားနိုင်ငံက အသုံးပြုနေသည့် GM400a ရေဒါစနစ်အရေအတွက်မှာ လေးခုအထိ ရှိလာမည်ဖြစ်သည်။ GM400a ရေဒါစနစ်သည် အကွာအဝေး ၅၁၅ ကီလိုမီတာအထိ ထောက်လှမ်း စောင့်ကြည့်နိုင်စွမ်းရှိပြီး အခြားလေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုများဖြစ်သည့် တိုက်လေယာဉ်များ၊ ဒုံးကျည်များ၊ ရဟတ်ယာဉ်များနှင့် ဒရုန်းများကိုလည်း ရှာဖွေဖော်ထုတ်နိုင်သည်။
လက်နက်ပစ္စည်း ရောင်းဝယ်ရေး သဘောတူညီချက်အရ Thales ကုမ္ပဏီက မလေးရှားနိုင်ငံသို့ လေ့ကျင့်သင်ကြားမှုများနှင့် မလေးရှားရေဒါစနစ် ကျွမ်းကျင်သူများထံ နည်းပညာလွှဲပြောင်းပေးမှုများကိုပါ ပေးအပ်မည် ဖြစ်သည်။
Thales ကုမ္ပဏီသည် မလေးရှားနိုင်ငံသို့ ၎င်းတို့၏ ကာကွယ်ရေးပစ္စည်းများကို ပြီးခဲ့သည့် ဆယ်စုနှစ်လေးခု အတွင်းမှစ၍ ပေးပို့ခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသည် ၎င်းကုမ္ပဏီထုတ် GM400a ရေဒါစနစ်ကို ပထမဆုံး ဝယ်ယူခဲ့သည့်နိုင်ငံဖြစ်သည်။
MWD Web Portal