တရုတ်နိုင်ငံ ရေဘေးသင့်ပြည်နယ်ငါးခုကို အရေးပေါ်အခြေအနေဖြင့် တုံ့ပြန်မည်ဖြစ်ကြောင်း SFCDRH က ထုတ်ပြန်
ပေကျင်း ဇွန် ၁၉
တရုတ်နိုင်ငံ ပြည်နယ်ငါးခုတွင် ရေဘေးအန္တရာယ်ဖြင့်ရင်ဆိုင်နေရပြီး ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ရေဘေးအန္တရာယ်တုံ့ပြန် ရေးအစီအစဉ်များကို အရေးပေါ် အခြေအနေဖြင့် တုံ့ပြန်သွားမည် ဖြစ်ကြောင်း State Flood Control and Drought Relief Head -quarters (SFCDRH) က ထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။
ရေဘေးအန္တရာယ်ဖြင့် ဆိုးရွား စွာရင်ဆိုင်နေရသည့် ပြည်နယ်များမှာ အန်ဟွေးပြည်နယ်၊ ဟူပေပြည်နယ်၊ ဟူနန်ပြည်နယ်၊ ချုံချင့်ဒေသ၊ ကွေ့ကျိုးပြည်နယ်တို့ဖြစ်ကြောင်း၊ ရေဘေးအန္တရာယ်ကို အဆင့်(၄)အဖြစ် သတ်မှတ်ထားသည့်အတွက် ပြန်လည်တုံ့ပြန်ရေး အစီအစဉ်ကို အရေးပေါ်အခြေအနေဖြင့် တုံ့ပြန်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုးရွာသွန်းမှုမှာ မီလီမီတာ ၁၀၀ မှ မီလီမီတာ ၁၈၀ထိ ရွာသွန်းခဲ့ခြင်းကြောင့် အချိန်တိုအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း မိုးလေဝသ စင်တာက ထုတ်ပြန်ခဲ့သည်။
ရေဘေးသင့်ပြည်နယ် ငါးခု တွင် အန္တရာယ်ရှိသော ဧရိယာ အတွင်းနေထိုင်သည့် ဒေသခံများကိုလည်း လိုအပ်လာပါက ဘေးလွတ်ရာသို့ အမြန်ဆုံးရွှေ့ ပြောင်းနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် SFCDRH က သတိပေးချက် ထုတ်ပြန်ထားကြောင်း၊ အရေးပေါ် တုံ့ပြန်ရေးအစီအစဉ်များအတွက် တရုတ်အစိုးရအနေဖြင့် ဘတ်ဂျက် ငွေများခွင့်ပြုထားပြီးဖြစ်ကြောင်း၊ အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်အတွက် ပြည်နယ်တစ်ခုလျှင် ယွမ် သန်း ၆ဝ ခန့်ထိ ရရှိနိုင်ပြီး အခြေခံ အဆောက်အအုံများကို ပြန်လည် ပြုပြင်မှုကဏ္ဍများအတွက် ဦးစားပေးအသုံးပြုသွားမည်ဖြစ်ကြောင်း SFCDRH က ထုတ်ပြန်ခဲ့သည်။
Ref: Russia Today
Trs : Sai Sat
YDNB Newspaper
Photo - WION