ယူကရိန်းရှိ မြေရှားသတ္တု ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်ရန် ထရမ့်က ဆန္ဒရှိနေပြီး ၎င်းတို့အား ကာကွယ်ရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များအား တပ်ဖြန့်ဖွယ်ရှိဟုဆို

News Image

  • ယူကရိန်းရှိ မြေရှားသတ္တု ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်ရန် ထရမ့်က ဆန္ဒရှိနေပြီး ၎င်းတို့အား ကာကွယ်ရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များအား တပ်ဖြန့်ဖွယ်ရှိဟုဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းနိုင်ငံအတွင်းရှိ မြေရှားသတ္တု အားလုံး၏ ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်ရန် ဆန္ဒရှိနေပြီး    အဆိုပါအရင်းအမြစ်များအား  ကာကွယ်စောင့်ရှောက်ရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များကို ယူကရိန်းနိုင်ငံ အတွင်း၌   တပ်ဖြန့်နိုင်ဖွယ်ရှိသည်ဟု အမည်မဖော်လိုသူ အမေရိကန်အရာရှိ များ၏ ပြောဆိုချက်ကိုကိုးကား၍ NBC သတင်းဌာနက ဖော်ပြသည်။

ယူကရိန်းပဋိပက္ခဖြစ်ပွားသည့် ၂၀၂၂ ခုနှစ်မှစ၍ အမေရိကန်က ယူကရိန်းနိုင်ငံ သို့ပေးအပ်ခဲ့သည့် ဒေါ်လာ ၃၀၀ ဘီလီယံ တန်ဖိုးရှိ အကူအညီများအတွက် အမေရိကန်ပြည်ထောင်စုသို့ မြေရှားသတ္တုများ ပြန်လည်ပေးအပ်ရန်  သမ္မတထရမ့်က တောင်းဆိုပြီးနောက်  NBC  သတင်းဌာန၏ ဖော်ပြချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထရမ့်၏တောင်းဆိုချက်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ယူကရိန်းအစိုးရထံသို့ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ပေးအပ်ခဲ့သည်။ မီဒီယာ များ၏ ဖော်ပြချက်များအရ ထရမ့်သည် ယူကရိန်းနိုင်ငံရှိ မြေရှားသတ္တုအားလုံး၏  ၅၀ ရာခိုင်နှုန်းကို အလိုရှိနေကြောင်း သိရသည်။

ရုရှားနှင့် ယူကရိန်းတို့ကြား  ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးပြီးနောက်ပိုင်းတွင် အမေရိကန်၏ အဆိုပြုချက်ကို ယူကရိန်းက သဘောတူခဲ့ မည်ဆိုပါက ထရမ့်အစိုးရက အမေရိကန် တပ်ဖွဲ့ဝင်များအား ယူကရိန်းရှိ မြေရှား သတ္တုများအား  ကာကွယ်ရန်အတွက် တပ်ဖြန့်ရန်ဆန္ဒရှိနေသည်ဟု အမည်မဖော်လိုသူ အမေရိကန်အရာရှိလေးဦးက ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အမေရိကန်၏ မြေရှားသတ္တု ရယူလိုသည့်  အဆိုပြုချက်ကို ယူကရိန်းအစိုးရက ငြင်းဆိုထားသည်။

Source: Myawady Web Portal