မြောက်ကိုရီးယားရှိ Wonsan Kalma Super Resort တွင် တစ်ပတ်ကြာ အားလပ်ရက်ကုန်ဆုံးပြီးနောက် ရုရှားခရီးသွား Anastasiya Samsonova သည် သဲသောင်ဖြူဖြူ ကမ်းခြေနှင့် အသစ်စက်စက် ဟိုတယ်တို့အပေါ် နှစ်သက်ကျေနပ်မှုကို ဖော်ပြခဲ့သည်။
Anastasiya Samsonova သည် ဇွန်လကုန်ပိုင်းတွင် ဖွင့်လှစ်ခဲ့သော မြောက်ကိုရီးယား၏ ကမ်းခြေ အပန်းဖြေနေရာသစ်ဖြစ်သည့် Wonsan Kalma Super Resort သို့ ရောက်ရှိခဲ့သည့် ပထမဆုံး နိုင်ငံခြားခရီးသွားများထဲမှ တစ်ဦးဖြစ်သည်။
HR နယ်ပယ်တွင် အလုပ်လုပ်ကိုင်နေသော အသက် ၃၃ နှစ်အရွယ် Samsonova က "ကျွန်မတို့အဖွဲ့က မြောက်ကိုရီးယားတွင် ပုံမှန်မဟုတ်သည့် မည်သည့်အရာကိုမှ မမြင်ခဲ့ပါ၊ အန္တရာယ်လည်း မရှိခဲ့ပါ၊ ပွင့်ပွင့်လင်းလင်း ပြောရပါက အားလုံး အရမ်းနှစ်သက်ခဲ့ကြပါသည်" ဟု ပြောကြားခဲ့သည်။
ခရီးသွား ၁၅ ဦးပါဝင်သည့် Samsonova နှင့် အဖွဲ့သားအားလုံးမှာ ရုရှားနိုင်ငံသားများသာ ဖြစ်သည်။ သူမ၏အားလပ်ရက်ဓာတ်ပုံများတွင် သဲဖြူဖြူကမ်းခြေများနှင့် အထပ်မြင့်ဟိုတယ်များကို တွေ့မြင်နိုင်ပြီး Wonsan Kalma သည် လက်ရှိတွင် ရုရှားခရီးသွားများမှအပ အခြားနိုင်ငံခြားသား များအား ဝင်ရောက်ခွင့်မပြုသောကြောင့် လဲလျောင်းသူကင်းမဲ့နေသော နေလှန်းခုံများကို မြင်တွေ့ ရပြီး ခမ်းနားလှသည့်ဧည့်ခန်းမကြီးမှာလည်း လူကင်းမဲ့နေသည်။
"ဟိုတယ်က အသစ်စက်စက်ပါ။ အရာအားလုံး အလှပဆုံးလုပ်ထားပါသည်။ အတွင်းပိုင်းဒီဇိုင်းက ခေတ်မီပြီး အခြေခံအဆောက်အအုံတွေလည်း အဆင့်မှီပါသည်" ဟု Anastasiya က ပြောကြားရင်း အပန်းဖြေကမ်းခြေ၏ လူသူကင်းမဲ့မှုကိုပင် ဂရုမစိုက်နိုင်ခဲ့ပေ။
ထိုင်း သို့မဟုတ် တူရကီကဲ့သို့သော အခြားနေရာများသို့ မသွားရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ မေးမြန်းမှုကို "မြောက်ကိုရီးယား၏ လူနေမှုဘဝကို ပိုမိုသိရှိလိုခဲ့ခြင်းကြောင့်" ဟု Anastasiya က ဖြေကြားခဲ့သည်။ "မြောက်ကိုရီးယားမှာ ဘာလုပ်လို့ရတယ်၊ ဘာလုပ်လို့မရဘူး၊ ဘယ်လိုနေထိုင် ရမည်ဆိုသည့် အယူအဆအမှားတွေ အများကြီးရှိသော်လည်း တကယ်တမ်းကျ ကျွန်မတို့ လုံးဝလွတ်လွတ်လပ်လပ်နေခဲ့ရပါသည်" ဟု သူမက ဆိုသည်။
မြောက်ကိုရီးယားနှင့် ရုရှားတို့ ဆက်ဆံရေး ခိုင်မာလာသည်နှင့်အမျှ အိမ်နီးချင်းနိုင်ငံဖြစ်သော မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်သည့် ရုရှားခရီးသွားအရေအတွက်မှာ တဖြည်းဖြည်း တိုးပွား လာနေသည်။ ယခုနှစ်အတွင်း မြောက်ကိုရီးယားတပ်ဖွဲ့များသည် ရုရှား၏ Kursk ဒေသတွင် စစ်ရေး အကူအညီများပေးခဲ့ပြီး ယခုအခါ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများလည်း စတင်လျက် ရှိသည်။ မြောက်ကိုရီးယား၏ ပန်းသီးနှင့် ဘီယာကဲ့သို့သော ကုန်ပစ္စည်းများမှာ ရုရှား၏ အရှေ့ဖျားဒေသ ကုန်စုံဆိုင်များတွင် စတင်ပေါ်ထွက်လာပြီဖြစ်သည်။
လွန်ခဲ့သော တစ်လက မော်စကိုမှ မြို့တော် ပြုံယမ်းသို့ ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ် ခရီးသည်တင်လေယာဉ်ခရီးစဉ်ကို စတင်ခဲ့သည်။ Vostok Intur ခရီးသွားအေဂျင်စီ၏ မော်စကိုရုံးမှ ကိုယ်စားလှယ်တစ်ဦးက အနာဂတ်တွင် မြောက်ကိုရီးယားသည် လူကြိုက်များသော ခရီးသွားနေရာ တစ်ခုဖြစ်လာမည်ဟု ယုံကြည်ထားသည်။ လက်ရှိတွင် ယင်းကုမ္ပဏီသည် တစ်ပတ်လျှင် နှစ်ကြိမ် မြောက်ကိုရီးယားခရီးစဉ်များကို စီစဉ်ပေးနေပြီး သွားရောက်လိုသူများအား ရှာဖွေဆွဲဆောင်နေသည်။
"မြောက်ကိုရီးယားသည် အံ့သြဖွယ်ကောင်းသည့်နိုင်ငံပါ။ ကမ္ဘာပေါ်မှာ မည်သည့်နေရာနှင့်မျှမတူပါ။ ထိုနိုင်ငံရှိ လမ်းပေါ်တွင် ကြော်ငြာဆိုင်းဘုတ်တစ်ခုတောင်မတွေ့ရပါ။ ပြီးတော့ အရမ်းသန့်ရှင်း ပါသည်။ လမ်းတွေကိုတောင် ဆေးကြောထားပါသည်" ဟု Vostok Intur ၏ ဒါရိုက်တာ Irina Kobeleva က စိတ်အား ထက်သန်စွာပြောကြားခဲ့သည်။
Kobeleva သည် မြောက်ကိုရီးယား၏ လှပသောဓာတ်ပုံများ ၊ ဆွဲဆောင်မှုရှိသော ခရီးစဉ်များ ၊ ဂေါက်ကွင်းများနှင့် နှင်းလျှောစီးစခန်းများပါဝင်သည့် လက်ကမ်းကြော်ငြာများစွာကို ဖန်တီးခဲ့သည်။ သူမက ကုမ္ပဏီ၏ခရီးစဉ်များသည် တစ်လလျှင် ကြိုတင်မှာယူမှု ၄၀၀ အထိ တိုးတက်လာနေ ကြောင်း အတည်ပြုခဲ့သည်။
"ကျွန်မတို့ခရီးသွားတွေထဲမှာ အဓိကအနေဖြင့် ၎င်းတို့ငယ်ဘဝက ဆိုဗီယက်ခေတ်ကို ပြန်သွားချင်သည့် အသက်ကြီးသည့်သူများပါ။ အကြောင်းမှာ မြောက်ကိုရီးယားသည် အမှန်ပင် ဆိုဗီယက် ယူနီယံခေတ်နှင့် တူနေပါသည်။ ထို့အပြင် လူငယ်တွေကလည်း စူးစမ်းချင်စိတ်ရှိပြီး မြောက်ကိုရီးယား နိုင်ငံကို လာချင်ကြပါသည်" ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝှမ်း ခရီးစဉ်များစွာသွားခဲ့ဖူးသော လူငယ်ခရီးသွား ဘလော့ဂါ Pavel အတွက်မူ မြောက်ကိုရီးယားသည် ၎င်း၏ ၈၉ ခုမြောက် ခရီးသွားနိုင်ငံ ဖြစ်လာမည်ဖြစ်သည်။ "ထိုနိုင်ငံက ကျွန်တော်တို့အတွက် တံခါးဖွင့်ပေးထားပါသည်။ ထို့ကြောင့် အခွင့်အရေးကို အသုံးချမည်" ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂