မေး။ ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်တဲ့ မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံမှာကျင်းပတဲ့ ဥရောပ-အာရှ (EEF) စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့တယ်။ ဒီတက်ရောက်ခဲ့တဲ့ ဖိုရမ်ကနေပြီးတော့ ဘယ်လိုအောင်မြင်မှုတွေ၊ ဘယ်လိုအကျိုးရလဒ်တွေ ရရှိခဲ့ပါသလဲခင်ဗျ။
ဖြေ။ ။ ပထမဦးဆုံးတော့EAEU နဲ့ပတ်သက်ပြီးတော့ ကျွန်တော်နည်းနည်းလေးပြောပြချင်ပါတယ်။ EAEU ဆိုတာ ဥရောပ-အာရှစီးပွားရေးသမဂ္ဂဆိုတာ ၂၀၁၅ ခုနှစ်မှာ စတင်ထူထောင်ခဲ့တာဖြစ်တယ်။ စတင်ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ နံပါတ်တစ်ကတော့ ပါဝင်တဲ့အဖွဲ့ဝင်နိုင်ငံအချင်းချင်း၊ မိတ်ဆွေနိုင်ငံတွေ၊ အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်းမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့၊ နောက်တစ်ခုကတော့ လူနေမှုအဆင့်အတန်း မြင့်မားလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုနဲ့စတင်ပြီးတော့ ထူထောင်ခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံကတော့ ၂၀၂၂ ခုနှစ်ကနေစပြီးတော့ EAEU နဲ့ ဆက်သွယ်ခဲ့တယ်။ ၂၀၂၂ ခုနှစ်မှာ (EAEU)ရဲ့ (EEC) အဖွဲ့ပေါ့။ (EEC) ဆိုတာ ဥရောပ-အာရှ စီးပွားရေးအဖွဲ့ပေါ့။ အဲဒီအဖွဲ့က ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုရောက်ရှိခဲ့တယ်။ ရောက်ရှိခဲ့ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တွေ့ပြီးတော့ ကဏ္ဍပေါင်းစုံမှာ မြှင့်တင်နိုင်ရေး၊ ကဏ္ဍပေါင်းစုံဆက်ဆံမှု မြှင့်တင်နိုင်ရေးကို ဆောင်ရွက်ခဲ့တယ်။ ၂၀၂၃ ခုနှစ်မှာ ပိုပြီးတော့ အရှိန်အဟုန်ကောင်းစွာ ဆောင်ရွက်နိုင်ခဲ့တယ်။ ၂၀၂၃ ခုနှစ်မှာဆိုရင် EAEU အဖွဲ့နဲ့ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက်ကို ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် MoU နားလည်မှုစာချွန်လွှာချုပ်ဆိုနိုင်ခဲ့တယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာပဲ စိန့်ပီတာစဘတ်မှာကျင်းပခဲ့တဲ့ (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ်မှာ ဒီစာချုပ်ကို ကျွန်တော်တို့ချုပ်ဆိုနိုင်ခဲ့တာပါ။ ချုပ်ဆိုနိုင်ခဲ့ပြီးတော့ ၂၀၂၄ ခုနှစ်မှာ EAEU က ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုလာခဲ့တယ်။ လာတဲ့အချိန်မှာ ဒီ MoU ကို ဆက်လက်ပြီးတော့ အရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် MoU ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့တယ်။ ပထမအကြိမ်အစည်းအဝေးကို နေပြည်တော်မှာကျင်းပခဲ့တယ်။ နောက်တစ်ကြိမ်အစည်းအဝေးကိုတော့ ရုရှားမှာ ကျွန်တော်တို့ကျင်းပခဲ့တယ်။ EAEU ရဲ့ခုနကပြောတဲ့ မူလရည်ရွယ်ချက်ကို ပြောပြခဲ့ပြီးဖြစ်တယ်။ EAEU အနေနဲ့က သူ့ရဲ့အခြေခံပဋိညာဉ်မှာ ဘာပါလဲဆိုတော့ နိုင်ငံအချင်းချင်း အချုပ်အခြာအာဏာတည်တံ့မှု နယ်မြေခိုင်မြဲမှုကိုအလေးထားဖို့ နံပါတ်နှစ်အချက်ကတော့ နိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီးပွားကို အလေးထားဖို့ဆိုတာပါပါတယ်။ ဒါဟာ နိုင်ငံတိုင်းအတွက် လိုအပ်တဲ့ကိစ္စတွေဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့အခြေအနေအရ စီးပွားရေးအရပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ ကျန်တဲ့ အရေးအရာတွေပဲဖြစ်ဖြစ် သူတို့လိုရင်လိုသလို ပုံဖော်နေတယ်။ မလိုရင်မလိုသလို ပုံဖော်နေတဲ့ဟာတွေ ပိတ်ဆို့နေတဲ့ဟာတွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့က EAEU နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှုအင်အားကို ရရှိလာမှာဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ EAEU ရဲ့နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF)၊ အခုဆိုရင် (၄) ကြိမ်မြောက်ဖြစ်ပါတယ်။ စတုတ္ထအကြိမ်မြောက်မှာလည်း တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မိန့်ခွန်းပြောကြားခဲ့တဲ့နေရာမှာလည်း ကျွန်တော်ပြောကြားခဲ့တဲ့ အချက်အလက်တွေအပြင် ကျယ်ကျယ်ပြန့်ပြန့် ပြောကြားခဲ့တာကို အားလုံးတွေ့နိုင်မှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ EAEU ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် EAEU ရဲ့လေ့လာခွင့်ရရှိတဲ့နိုင်ငံ၊ လေ့လာသူနိုင်ငံဖြစ်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ကြိုးစားဆောင်ရွက်မှုလည်း အောင်မြင်နိုင်လိမ့်မယ်လို့မြင်ပါတယ်။ EAEU အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှားတို့ အခြားအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံကို ကြိုဆိုလက်ခံတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။
မေး။ ။ ခရီးစဉ်အတွင်းမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Buryatia ပြည်နယ် Ulan-Ude မြို့ကိုလည်း သွားရောက်ခဲ့တာတွေ့ရပါတယ်။ ဒီခရီးစဉ်ကနေပြီးတော့ ဘယ်လိုအကျိုးအမြတ်တွေကို ရရှိခဲ့ပါသလဲ ခင်ဗျ။
ဖြေ။ ။ Buryatia ပြည်နယ်အကြီးအကဲက ကျွန်တော်တို့မြန်မာနိုင်ငံကိုလည်း လာခဲ့ဖူးပါတယ်။ သတင်းထောက်ကြီးတို့လည်း တွေ့မှာပဲဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီး တန်ဆောင်တိုင် ပွဲတော်မှာ Buryatia ပြည်နယ်အထိမ်းအမှတ်အနေနဲ့ မီးပုံးပျံလွှတ်တင်ခဲ့ တာရှိပါတယ်။ ထူးခြားတာက Buryatia ပြည်နယ်က ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ပြည်နယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး၊ ဘာသာရေးနဲ့ပတ်သက်ပြီး ဆက်ဆံမှု၊ ဆက်သွယ်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ဒါ့အပြင် အဲဒီမှာရှိနေတဲ့ ဗုဒ္ဓဘာသာညီလာခံဖိုရမ်တစ်ခုလုပ်ဖို့လည်း ဆောင်ရွက်နေတာတွေရှိတယ်။ မြန်မာနိုင်ငံက ဆရာတော်ဘုရားကြီးတွေလည်း သူတို့ဆီကိုကြွနေတာရှိတယ်။ နောက်တစ်ခုက ရဟတ်ယာဉ်နဲ့ပတ်သက်ပြီး သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ၊ သူတို့နဲ့ပူးပေါင်းလုပ်ဆောင်ဖို့ ဆောင်ရွက်နေတာ ရှိတယ်။ ဒါ့အပြင် Ulan-Ude မြို့မှာ ရထားပို့ဆောင်ရေးနဲ့ပတ်သက်ပြီး စက်ရုံတွေရှိတယ်။ အဲဒီစက်ရုံတွေကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့၊ ခရီးသွားမြှင့်တင်ဖို့ ကျွန်တော်တို့သွားရောက်လေ့လာခဲ့တယ်။ ဒီနေ့မှာ ဆို Ulan-Ude မြို့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ Buryatia ပြည်နယ်အကြီးအကဲတို့က ရထားစက်ရုံကို လေ့လာပြီးတဲ့နောက်ပိုင်းမှာ သူတို့မီဒီယာတွေကလည်း တော်တော်စိတ်ဝင်စားကြတယ်။ သူတို့ဆီက ပင်မမီဒီယာရှစ်ခုကလာပြီး နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်းမေးတယ်။ Buryatia ပြည်နယ် အကြီးအကဲကိုလည်းမေးတယ်။ သူတို့အနေနဲ့လည်း မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။ အဲဒီကနေ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
မေး။ ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံနဲ့ ရုရှားနိုင်ငံသို့သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော်တို့မြန်မာနိုင်ငံကကျင့်သုံးနေတဲ့ နိုင်ငံခြားမူဝါဒက လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်တယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတကာဆက်ဆံရေးမှာဆိုရင် နိုင်ငံအားလုံးကို မိတ်ဆွေအဖြစ် မိတ်ဝတ်မပျက် ဆက်ဆံမှာဖြစ်တယ်။ သို့သော် ကျွန်တော်တို့အနေနဲ့က နိုင်ငံအားလုံးနဲ့ ဆက်ဆံတဲ့နေရာမှာ ကိုယ့်ကိုပိုပြီးအကျိုးပြုမယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်ပြည်သူလူထုရဲ့လူမှုအကျိုးစီးပွားအတွက် လက်တွေ့အကျိုးစီးပွားဖြစ်နိုင်တဲ့ နိုင်ငံတွေနဲ့ ဦးစားပေးပြီးဆက်ဆံသွားရမှာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာလည်း မြန်မာပြည်သူလူထု၊ မြန်မာနိုင်ငံ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်တဲ့ လမ်းစကောင်းတွေကို ရရှိခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
MOI
မေး။ ။ မကြာမီနှစ်အတွင်းမှာ ရုရှား-မြန်မာ ပူးပေါင်းဆက်ဆံရေးလုပ်ငန်းတွေဟာ အများကြီးလုပ်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ယဉ်ကျေးမှုအခန်းကဏ္ဍတွေရော၊ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ထားတာ ရှိပါတယ်။ ဒီအထဲမှာ Buryatia နဲ့ ပတ်သက်ပြီးတော့လည်း ပူးပေါင်းဆောင်ရွက်မှုလုပ်နေတာတွေရှိပါတယ်။ အနာဂတ်မှာ Buryatia နဲ့ ပတ်သက်ပြီးတော့ Buryatia နဲ့ မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေ ဘယ်လိုအပိုင်းတွေကိုလုပ်ဖို့အတွက် ရည်ရွယ်ထားတာရှိပါသလဲ။
ဗိုလ်ချုပ်မှူးကြီး။ ။ အခု ဒီနေ့ကျွန်တော်လာကြည့်တဲ့ မီးရထားစက်ရုံလုပ်ငန်းအပါအဝင် စောစောပိုင်းက လေယာဉ်စက်ရုံလည်း ကျွန်တော်သွားကြည့်ခဲ့တယ်။ ဒါတွေကတော့ ကျွန်တော်တို့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့အတွက် အလားအလာရှိတဲ့နေရာတွေဖြစ်ပါတယ်။ ဒါပြီးလို့ရှိရင် Buryatia မှာလည်း ဒီပြည်နယ်က ဗုဒ္ဓဘာသာကိုးကွယ်တဲ့ပြည်နယ်သူ ပြည်နယ်သားတွေရှိတယ်။ မြန်မာနိုင်ငံကလည်း ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အခါကျတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေက အလားအလာတွေလည်းရှိတယ်။ နောက် ကျန်းမာရေးနဲ့ပတ်သက်တာတွေရှိတယ်။ နောက် ဝန်ကြီးချုပ်ကမ်းလှမ်းထားတဲ့ ပညာသင်ကြားရေးနဲ့ပတ်သက်တဲ့ ကမ်းလှမ်းချက်လည်းရှိတယ်။ ပညာရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေလည်း ကျွန်တော်တို့ ရှိပါလိမ့်မယ်။ နောက် စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေလည်း ဆွေးလည်းဆွေးနွေးပြီး ဆောင်ရွက်သွားဖို့ရှိပါလိမ့်မယ်။ နယ်ပယ်တော့ အများကြီးရှိတယ်။ လုပ်စရာနယ်ပယ်တွေ အများကြီးရှိတယ်ဆိုတဲ့အကြောင်း ကျွန်တော်ပြောချင်ပါတယ်။
မေး။ ။ အခုလက်ရှိ Buryatia ကို လာရောက်တဲ့အတွက် အဆွေတော် နိုင်ငံတော်ဝန်ကြီးချုပ်ကြီးအနေနဲ့ Buryatia နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးမြင်ပါသလဲ။ Buryatia ရဲ့ အလှအပတွေ၊ Buryatia ရဲ့ သန့်ရှင်းမှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးမြင်ပါသလဲ။
ဗိုလ်ချုပ်မှူးကြီး ။ ။ အင်မတန်စိတ်ချမ်းသာရပါတယ် လာရတာ။ သာယာလှပတဲ့ဒေသတစ်ခုပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ ပတ်ဝန်းကျင်တစ်ခုကို ကျွန်တော်လာရတယ်လို့ခံစားရပါတယ်။ ကျွန်တော်သုံးကြိမ်ရှိပြီလာတာ။ ကိုယ့်ဒေသကိုလာရသလို ကျွန်တော်ရင်းနှီးတဲ့စိတ်ရှိပါတယ်။ နောက်ထပ်လည်းလာနိုင်ဖို့ ကျွန်တော်ကြိုးစားဦးမယ်လို့ ပြောလိုပါတယ်။
မေး။ ။ Buryatia ပြည်နယ်အကြီးအကဲအနေနဲ့ ယခုကဲ့သို့ မြန်မာနိုင်ငံကနေ နိုင်ငံတော်ဝန်ကြီးချုပ် ချစ်ကြည်ရေးခရီးစဉ် လာရောက်မှုပတ်သက်ပြီး မည်သို့ခံစားရပါသလဲ။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ပြောကြားပေးစေလိုပါတယ်။
Buryatia ပြည်နယ်
ပြည်နယ်အကြီးအကဲ။ ။ မြန်မာနိုင်ငံကနေသုံးကြိမ်လာတယ်ဆိုတော့ ကျွန်တော်အရမ်းကို ဂုဏ်ယူဝမ်းမြောက်မှုဖြစ်ပါတယ်။ သုံးကြိမ်လာတယ်ဆိုတာက ကျွန်တော်တို့ပြည်နယ်ကို ဘယ်လောက်အထိ ချစ်တယ်ဆိုတာကို ပြယုဂ်ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်နယ်နဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေလည်း အများကြီးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့မကြာမီနှစ်အတွင်းက ကျွန်တော်တို့ Rapid Bio ဆေးဝါးကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဆေးဝါးနည်းပညာနဲ့ပတ်သက်ပြီး ပစ္စည်းတင်သွင်းဖို့အတွက် Register တွေ လုပ်နေတာလည်းရှိပါတယ်။ ကျွန်တော်တို့ Ulan-Ude က ထုတ်ထားတဲ့၊ ရဟတ်ယာဉ်စက်ရုံကနေပြီးတော့ ထုတ်ထားတဲ့ရဟတ်ယာဉ်တွေကလည်း မြန်မာနိုင်ငံမှာ အခုဆို နှစ်အကြာကြီးအထိ အသုံးပြုနေတာတွေရှိပါတယ်။ လက်ရှိအချိန်မှာလည်း အသုံးပြုနေသလို အနာဂတ်မှာလည်း ရဟတ်ယာဉ်နဲ့ပတ်သက်ပြီးတော့ ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေ အများကြီးလုပ်ဖို့အတွက် စီစဉ်ထားတာရှိပါတယ်။ ဒီနေ့မှာဆိုရင်လည်း TMH Holding ကုမ္ပဏီကနေပြီးတော့ သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေကို သူတို့လုပ်ဆောင်တဲ့ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြသွားတာရှိပါတယ်။ လာမယ့်အနာဂတ်မှာလည်း မြန်မာနိုင်ငံနဲ့ပူးပေါင်းပြီးတော့ ဒီနယ်ပယ်နဲ့ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့အတွက်လည်း ဆွေးနွေးဖို့အတွက် စီစဉ်ထားတာတွေလည်းရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီပညာရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ရှိရင်တော့ မြန်မာနိုင်ငံကနေပြီးတော့ ရုရှားဘာသာစကားပညာသင်ကြားတဲ့ ဆရာတွေအနေနဲ့ ထပ်ဆင့်သင်တန်းတွေပေးဖို့၊ အဆင့်မြင့်သင်တန်း တွေပေးဖို့အတွက်ကို Buryatia မှာ သင်ပေးနိုင်သလို၊ ကျွန်တော်တို့ Buryatia မှာရှိတဲ့ တက္ကသိုလ်မှာလည်း မြန်မာဘာသာစကားကို သင်ကြားဖို့အတွက် မြန်မာဘာသာစကားဌာနဖွင့်ဖို့အထိလည်း ရည်ရွယ်ပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ မြန်မာနိုင်ငံကလာတဲ့ အထူးဧည့်သည်တော်တွေကို ရေကန်ကိုလိုက်လံပြသပေးပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကလည်း ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံကို Delegation သွားရောက်ခဲ့တာရှိပါတယ်။ သွားရောက်ခဲ့တဲ့အချိန်မှာလည်း မြန်မာနိုင်ငံကနေပြီးတော့ ကျွန်တော်တို့ကို လှိုက်လှဲစွာကြိုဆိုခဲ့တာတွေလည်းရှိပါတယ်။ ကျွန်တော်အနေနဲ့ ဒီကနေ ပြောကြားလိုတာကတော့ မြန်မာနိုင်ငံက သာယာလှပတဲ့ အလှတရားတွေ၊ ယဉ်ကျေးမှုတွေကို ကျွန်တော်တင်မကဘဲနဲ့ Delegation အဖွဲ့ဝင် အားလုံးက ခံစားခဲ့ရတာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ နှစ်နိုင်ငံအပြန်အလှန် ကျွန်တော်တို့ Tourism အခန်းကဏ္ဍကို မြှင့်တင်ဖို့အတွက်လည်း ကျွန်တော် တို့ လျာထားစီစဉ်ထားတာရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ။ ခင်ဗျားတို့ မီဒီယာအဖွဲ့တွေလည်း မြန်မာနိုင်ငံမှာလာပြီး လေ့လာဖို့အတွက် ကျွန်တော်ဖိတ်ပါတယ်။ မြန်မာပြည်ရဲ့ အခြေအနေတွေအားလုံးကို ခင်ဗျားတို့ ပြည်နယ်အကြီးအကဲကတော့ အကြမ်းဖျင်းရှင်းပြတာပေါ့။ ခင်ဗျားတို့လာတဲ့အခါကျရင် ဒီထက်ပိုပြီးထိတွေ့မှုခံစားမှုပိုပြီး ကောင်းပါလိမ့်မယ်။ ကျွန်တော်မကြာခင်မှာ ခင်ဗျားတို့မျက်နှာလေးတွေ မြန်မာနိုင်ငံမှာတွေ့ရမယ်လို့ ယုံကြည်ပါတယ်။
MOI
၁။ နိုင်ငံ့ဝန်ထမ်းနှင့်ပြည်သူ့ဝန်ထမ်းတို့၏အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် နှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ရှင်းလင်းဖြေကြားအပ်ပါသည်-
(က) “နိုင်ငံ့ဝန်ထမ်း” စကားရပ်အနက်အဓိပ္ပာယ်နှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (င) တွင် “ဝန်ထမ်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်း သဘာဝနှင့်တာဝန်တို့အရ ဤဥပဒေပါကိစ္စရပ် များနှင့် အကျုံးဝင်ခြင်းမရှိစေရ” ဟုလည်းကောင်း၊ ဝန်ထမ်း ဖွဲ့စည်းပုံနှင့်စပ်လျဉ်း၍ ပုဒ်မခွဲ (ခ) တွင် “ဝန်ထမ်းဖွဲ့စည်းပုံ ဆိုသည်မှာဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဤဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြု ထားသော ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံကိုလည်းကောင်း၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ ဖွဲ့စည်းသော ဝန်ထမ်း အဖွဲ့အစည်း၏ ဖွဲ့စည်းပုံကိုလည်းကောင်း ဆိုသည်” ဟု လည်းကောင်း၊ ဝန်ထမ်းအဖွဲ့အစည်းနှင့်စပ်လျဉ်း၍ ပုဒ်မခွဲ (ဂ) တွင် “ဝန်ထမ်းအဖွဲ့အစည်းဆိုသည်မှာ ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းကိုဆိုသည်” ဟု လည်းကောင်း ပြဋ္ဌာန်းထားပါသည်။ အလားတူ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (စ) တွင် “ဝန်ထမ်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတွင် ခန့်အပ်ခြင်းခံရသူ နိုင်ငံ့ဝန်ထမ်းကိုဆိုသည်” ဟု ပြဋ္ဌာန်းထားပါသည်။
(ခ) အဆိုပါပြဋ္ဌာန်းချက်များအရ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားသော ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံနှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ ဖွဲ့စည်းသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်း ခံရသူကိုဆိုပါသည်။
(ဂ) “ပြည်သူဝန်ထမ်း” စကားရပ်အဓိပ္ပာယ်နှင့်စပ်လျဉ်း၍ နိုင်ငံ့ ဝန်ထမ်းဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ည) တွင် ပြဋ္ဌာန်းထားပါသည်။ (နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ည) ပါ ကောက်နုတ်ချက်မိတ္တူကို ပူးတွဲ (၁) ဖြင့် တင်ပြထားပါသည်)
(ဃ) နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ခ)၊ (ဂ)၊ (င)၊ (ည)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (စ) တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံ့ဝန်ထမ်းများသည် ပြည်သူ့ ဝန်ထမ်းများဖြစ်သော်လည်း ပြည်သူ့ဝန်ထမ်းတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ မဟုတ်ကြောင်းတွေ့ရှိရပါသည်။ သို့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြည်သူ့ဝန်ထမ်းဥပဒေဟု ယူဆ၍ မရပါ။
၂။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ရည်မှန်းချက် အပိုဒ် ၃ ပါ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ “ပြည်သူ့ဝန်ထမ်းများအား ပြည်သူ့ဝန်ကိုထမ်းမည့်သူ၊ ပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမည့်သူဟူသည့် စိတ်ဓာတ်မျိုးထားရှိနိုင်ရေးနှင့် ပိုမိုကောင်း မွန်သော Service Delivery ပေးနိုင်သော ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်စေရေး” ဟူသည့် စကားရပ်နှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ရှင်းလင်းဖြေကြားအပ်ပါသည် -
(က) မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာ ဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀) အရ ရေးဆွဲထားသည့် ဦးတည်ဆောင်ရွက်မည့် နယ်ပယ် ၄ ခု အနက် နယ်ပယ် ၃ တွင် ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန် ခေါင်းဆောင်မှု ပေးနိုင်သည့်အရည်အသွေးများနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်နိုင်ရေးသင်ယူမှုနှင့် သင်တန်းနည်းစနစ်များတိုးတက်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (၂) ခုတွင် ပြည်သူ့ဝန်ထမ်းအကယ်ဒမီအား ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့၌ ဖွင့်လှစ်ခဲ့ပါသည်။
(ခ) ပြည်သူ့ဝန်ထမ်းအကယ်ဒမီတွင် မတူကွဲပြားမှုနှင့် အားလုံး ပါဝင်ဆောင်ရွက်နိုင်မှုရှိစေရန်ရည်ရွယ်၍ အရာထမ်းလောင်းများအတွက်ဖွင့်လှစ်သည့် အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း၌ ပြင်ပပုဂ္ဂလိကလုပ်ငန်းများမှ လူ့စွမ်းအားအရင်းအမြစ်နှင့် စီမံခန့်ခွဲမှုနယ်ပယ်များတွင် စီမံခန့်ခွဲအုပ်ချုပ်သူအနေဖြင့် ဆောင်ရွက်နေသည့်ပုဂ္ဂိုလ်များကိုလည်း ပါဝင်တက်ရောက်နိုင်စေရန် “ပြည်သူ့ဝန်ကိုထမ်းမည့်သူ ပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာတွင် အရည်အချင်း ပြည့်ဝစွာဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဝန်ဆောင်မှု ပေးနိုင်သော ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်စေရေး” ဟူ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ရည်မှန်းချက် အပိုဒ် ၃ တွင် ထည့်သွင်းခဲ့ခြင်းဖြစ်ပါသည်။
(ဂ) ၂၀၂၀ ခုနှစ် နောက်ပိုင်းမှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ မူဝါဒ၊ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) တို့ကို ပြန်လည်သုံးသပ်ချက်အရ မျှော်မှန်းချက် (Vision) ကို “နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိုရှေးရှု၍ ကဏ္ဍအလိုက်၊ အဆင့်အလိုက် တာဝန်ယူရသောလုပ်ငန်း များအား တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်သော ဝန်ထမ်းအဖွဲ့အစည်းဖြစ်စေရေး”ဟု ပြင်ဆင်ခဲ့ပါသည်။ ထို့အပြင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌အရာထမ်းလောင်းများအတွက် ဖွင့်လှစ်သည့်သင်တန်းများ၌ပြင်ပပုဂ္ဂိုလ်များကို တက်ရောက်စေခြင်းမပြုတော့ဘဲ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ ဝန်ထမ်းများ၏ ထမ်းဆောင်ရမည့်တာဝန်၊ စောင့်ထိန်း ရမည့်ကျင့်ဝတ်၊ လိုက်နာရမည့်စည်းကမ်းများ ကောင်းမွန် စေရေးအတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့အစည်း အဝေး (၅၀/၂၀၂၄) ၏ သဘောတူညီချက်အရ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ရည်မှန်းချက်အပိုဒ် ၃ ကို ဝန်ထမ်း ကောင်းများဖြစ်စေရေး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ထိန်းကျောင်းပေးရန်ဟု ပြင်ဆင်သတ်မှတ် ခဲ့ပါသည်။ (ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) တို့ကို ပူးတွဲ (၂) ဖြင့် တင်ပြထားပါသည်)
၃။ သို့ဖြစ်ပါ၍ယခင်ရည်မှန်းချက် (Mission) အပိုဒ် ၃ ပါ“ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ ပြည်သူ့ ဝန်ထမ်းများအား ပြည်သူ့ဝန်ကို ထမ်းမည့်သူ၊ ပြည်သူများ၏ လိုအပ် ချက်ကို ဖြည့်ဆည်းပေးမည့်သူ ဟူသည့်စိတ်ဓာတ်မျိုးထားရှိနိုင်ရေးနှင့် ပိုမိုကောင်းမွန်သော Service Delivery ပေးနိုင်သော ပြည်သူ့ဝန်ထမ်း ကောင်းများဖြစ်စေရေး ထိရောက်စွာလေ့ကျင့်ပျိုးထောင်ပေးရန်” စကားရပ်အစား ယခု “ဝန်ထမ်းကောင်းများဖြစ်စေရေး၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းကျောင်းပေးရန်” စကားရပ်ဖြင့် ပြင်ဆင်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် အဆိုပါပြင်ဆင်ချက်ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ https://www.ucsb.gov.mm/ တွင် ထည့်သွင်းဖော်ပြထား ပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။
ပူးတွဲ (၁)
ပုဒ်မ၂(ည)။ ပြည်သူ့ဝန်ထမ်း ဆိုသည်မှာ အစိုးရကခန့်အပ်ထားသည်ဖြစ်စေ၊ မခန့်အပ်ထားသည် ဖြစ်စေ အောက်ပါပုဂ္ဂိုလ်များပါဝင်သည်-
(၁) နိုင်ငံ့ဝန်ထမ်း၊
(၂) နိုင်ငံရေးရာထူးတွင် ခန့်အပ်ခံရသူများ၊
(၃) နိုင်ငံရေးရာထူးတွင် ခန့်အပ်ခြင်းခံရသော ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်များနှင့်စပ်လျဉ်း၍ပြဋ္ဌာန်းထားသော ဥပဒေများအရ ခန့်အပ်ထားခြင်းခံရသူများ၊
(၄) အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်များနှင့် တရားရုံးများတွင် တာဝန်ထမ်းဆောင်နေသော်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ထားခြင်း မဟုတ်သောသူများ၊
(၅) ရွေးကောက်တင်မြှောက်ခြင်းဖြင့်ဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ရွေးချယ် တာဝန်ပေးခံရသူ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော လုပ်ပိုင်ခွင့်ရှိသည့် ပြည်သူ့ဝန်ထမ်းတစ်ဦးဦး သို့မဟုတ်၎င်းကဖွဲ့စည်းပေးသော အဖွဲ့အစည်းတွင်ပါဝင်သူများ၊ ၎င်းတို့၏ကိုယ်စားလွှဲအပ်ခြင်းခံရသူများ သို့မဟုတ် ထပ်ဆင့်တာဝန်ပေးအပ်ခြင်းခံရသူများ၊
(၆) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြည်သူ့ဝန်ထမ်းအဖြစ်မှတ်ယူရမည်ဟု သတ်မှတ် ခြင်းခံရသူများ၊
(၇) တစ်ဦးတစ်ယောက်သောသူကို ဖမ်းဆီးချုပ်နှောင်ရန်အခွင့်အာဏာရှိသူများ၊
(၈) လွှတ်တော် သို့မဟုတ် စည်ပင်သာယာရေးကော်မတီ သို့မဟုတ် အများပြည်သူ ဆိုင်ရာလုပ်ပိုင်ခွင့်ရှိသောအဖွဲ့အစည်း၏ အဖွဲ့ဝင်လူကြီးကိုရွေးချယ်ရန် အလို့ငှာ ရွေးကောက်ပွဲစာရင်းကို ရေးသားပြုစုရန်ဖြစ်စေ၊ ထုတ်ပြန်ကြေညာရန်ဖြစ်စေ၊ ပြင်ဆင်ရန်ဖြစ်စေ အခွင့် အာဏာအရ ရာထူးလက်ရှိဖြစ်သူများ၊
(၉) အစိုးရဌာနနှင့်အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်များနှင့် တရားရုံးများတွင် လုပ်ငန်းသဘာဝအရ သီးခြား ခန့်အပ်တာဝန်ပေးထားသူများ။
ပူးတွဲ (၂)
ကောက်နုတ်ချက်မိတ္တူမှန်
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ မူဝါဒ
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၆ အရ အပ်နှင်းထားသော တာဝန်များကို အောက်ပါမူဝါဒများအပေါ် အခြေခံဆောင်ရွက်ရမည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိရမည်။
( ခ) အားလုံးပါဝင်ရမည်။
( ဂ) မျှတမှုရှိရမည်။
(ဃ) ပွင့်လင်းမြင်သာမှုရှိရမည်။
( င) နိုင်ငံသားအကျိုးဦးတည်ရှေးရှုရမည်။
( စ) သစ္စာရှိရမည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ မျှော်မှန်းချက် (Vision)
“နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိုရှေးရှု၍ ကဏ္ဍအလိုက်၊ အဆင့်အလိုက် တာဝန်ယူရသော လုပ်ငန်းများအား တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်သော ဝန်ထမ်းအဖွဲ့အစည်းဖြစ်စေရေး”
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ရည်မှန်းချက် (Mission)
အရည်အချင်းပြည့်ဝသော ပြန်တမ်းဝင်အရာရှိများ ရွေးချယ်ပေးရန်၊
နိုင်ငံ့ဝန်ထမ်းများ စွမ်းရည်ထက်မြက်အောင်လေ့ကျင့်ပေးရန်၊
ဝန်ထမ်းကောင်းများဖြစ်စေရေး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းကျောင်း ပေးရန်၊
နိုင်ငံ့ဝန်ထမ်းအားလုံးအတွက် အကျုံးဝင်သော မှတ်တမ်းစနစ် တည်ဆောက်ထိန်းသိမ်းရန်။
ဖြေကြားပေးသည့်ဌာန- ပြည်ထောင်စုရာထူးဝန်အဖွဲ့
၂၀၂၅ခု မတ်လ နောက်ဆုံးပတ်တွင် NSPNC အနေဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ပါတီများ၊တိုင်းရင်းသားများ၊ သုတေသီများ၊ လေ့လာသူများဖြင့် ၃ရက်တိုင်ကျင်းပခဲ့သည်။ ၃လအကြာ ယခု ဇွန်လနောက်ဆုံးပတ်တွင် ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ပြီး နစက ဥက္ကဋ္ဌလည်း တက်ရောက်မည်ဟုသိရသဖြင့် ဖိုရမ်နှင့်ပတ်သက်ပြီး NSPNC အတွင်းရေးမှူးအား ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြသွားပါမည်။
Q. ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ဖို့ လိုအပ်ချက်များက ဘာတွေပါလဲ။ လက်ရှိအခြေအနေနှင့် ထပ်လုပ်ကြမည့် အချက်များက ဘာပါလဲ
A. လိုအပ်ချက်တွေက လုပ်ဆောင်ချက်တွေပွင့်လင်းမြင်သာမှု (Transparency)၊ အပြောနဲ့ အလုပ်တူညီမှု (Consistency)၊ အပြန်အလှန်လေးစားမှု (Mutual Respect) အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းဖန်တီးနိုင်မှု (Inclusivity)၊ ရေရှည်ဆက်ဆံရေး တည်ဆောက်ထားနိုင်မှု (Long-term Engagement)တို့လိုပါတယ်။
လက်ရှိအခြေအနေမှာ Capacity Building Plans, Stakeholder Mapping, Policy Influence Roadmap တွေကို ကောင်းကောင်းရေးဆွဲဖို့ လိုအပ်သလို အရင်က ရေးဆွဲပြီး သဘောတူညီထားခဲ့တဲ့ သဘောတူညီချက်တွေကိုလည်း အကောင်အထည်ဖော်ဖို့ လိုပါတယ်။
Q. လူသားချင်းစာနာထောက်ထားမှုနဲ့ပတ်သက်ပြီး မဟာဗျူဟာထဲ ဘာတွေပါဝင်သင့်ပါလဲ။
A.တကယ့်မြေပြင်မှာ လိုအပ်နေတဲ့ အကူအညီတွေကို ဦးစားပေးလုပ်ဆောင်ရပါမယ်။ လူထုပါဝင်တဲ့ ပုံစံမျိုးခိုင်မာအောင်တည်ဆောက်ပြီးမှ ဒေသခံအဖွဲ့အစည်းတွေ၊ CBOs/CSOs တွေနဲ့ပူးပေါင်းပြီး ထောက်ပံ့ရေးလုပ်ငန်းတွေဆောင်ရွက်ရမယ်။ အကာကွယ်ပေးရေး လုပ်ငန်းစဥ်မှာ ထိခိုက်လွယ်တဲ့အုပ်စုတွေဖြစ်တဲ့ ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် လူမျိုးရေးလူနည်းစုတွေရဲ့ အခွင့်အရေးကာကွယ်ရေးတွေကိုပါ မဟာဗျူဟာထဲ မှာထည့်သွင်းသွားနိုင်ရေးဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
Q.တိုင်းပြည် ပိုအဆင်ပြေလာစေမယ့်မူဝါဒများ ပြောင်းလဲသွားနိုင်ရေး ကြားခံအဖွဲ့တွေ ထားဖို့ရှိပါလား
A.တိုင်းပြည်အတွက် ပိုကောင်းလာစေနိုင်တဲ့ မူဝါဒတွေ (ဥပမာ ဆန်ရှင်၊ isolation တို့အစား engagement ထိတွေ့ဆက်ဆံမှုတွေကနေသွားသင့်တာလိုမျိုးပေါ့ဗျာ) ပြောင်းလဲသွားဖို့ ကြားခံအဖွဲ့တစ်ဖွဲ့က လုပ်ပေးတဲ့ အဖွဲ့ပုံစံမျိုးက တစ်စိတ်တစ်ဒေသအနေနဲ့တော့ ပါဝင်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုသတိပြုရပါမယ်။ ပဋိပက္ခ တွေအတွက် Myanmar Owned.Myanmar Led ဖြင့်ရေရှည်တည်တံ့သည့်ဖြေရှင်းနည်းကိုကျနော်တို့ရှာဖွေကြရမှာဖြစ်ပါတယ်။
Q.ဘာတွေ ဦးစားပေးဆွေးနွေးကြပါမလဲ
A.ဆွေးနွေးမဲ့ Topic ၅ ခုကို ကျနော်တို့အလေးထား ရွေးချယ်ပြင်ဆင်ထားပါတယ်။ ခေါင်းစဥ်တွေဟာချိတ်ဆက်နေပါတယ်။” နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်” ဆိုတဲ့ စိတ်ခံစားချက် တွေနဲ့နားစွင့်ပေးဖို့ပြောချင်ပါတယ်။
Q.ဘယ်သူတွေကိုဖိတ်ကြားထားပါလဲ
A. သံရုံး ၁၇ ရုံးက သံအမတ်ကြီးတွေ သံရုံးယာယီတာဝန်ခံတွေအပါအဝင် ၃၀ကျော် တက်ရောက်ဖို့ပဏာမသိထားရပါတယ်၊ ထပ်တိုးလာဖို့ဘဲရှိပါမယ်။ နိုင်ငံတွင်းကဆို အခုပွဲမှာ NGOs၊ INGOs အဖွဲ့၂၀ကျော်က ခေါင်းဆောင်/ကိုယ်စားလှယ်တွေတက်ကြပါမယ်။ နိုင်ငံ ၆ နိုင်ငံက resource persons တွေလဲ တက်ရောက်ပြီး သူတို့ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာအတွေ့အကြုံတွေ၊ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံတွေ လေ့လာတွေ့ရှိချက်တွေ မျှဝေဆွေးနွေးကြပါမယ်။
နိုင်ငံတွင်းက ဖိတ်ကြားသင့်တဲ့သူတွေကိုလည်း အလေးထားဖိတ်ကြားထားပါတယ်၊ ဖိတ်ကြားခံရသူတွေတက်လာကြမယ်ဆိုရင် ကျနော်တို့ရဲ့ အားလုံးပါဝင်ရေးအပေါ် အလေးထားမှုကို ပွဲနေ့မှာမြင်တွေ့လာမယ်လို့ထင်ပါတယ်။
Q. ဒီဖိုရမ် အပြီးသက်ဆိုင်သူများအကြားနားလည်မှု ရာခိုင်နူန်း ဘယ်လောက်တက်လာမယ်လို့ မှန်းထားပါလဲ
A.ဒါကတော့ ပါဝင်တက်ရောက်ဆွေးနွေးကြမယ့် သူတွေရဲ့ ယုံကြည်ချက်၊ ခံယူမှုတွေကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေ၊ အကောင်ထည်ဖော်လုပ်ဆောင်မှုတွေပေါ်မူတည်ပါမယ်။ ရပ်နေတာထက်စာရင် ခြေလှမ်းတွေဆက်လှမ်းနေတာက တိုးတက်မှုတွေဖြစ်လာစေမယ်လို့ ယူဆပါတယ်ဗျ။
Popular Myanmar
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူးများအတွက် (၁)နှစ်(၂)ကြိမ်ဖြင့် ကြော်ငြာခေါ်ယူ ရွေးချယ်ပေးလျက်ရှိပါသည်။ ထိုသို့ကြော်ငြာခေါ်ယူရွေးချယ်ပေးရာတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ပုဒ်မ(၁၄)၊ပုဒ်မခွဲ(ခ)အရ “ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသည့် နိုင်ငံ့ဝန်ထမ်း အမှုထမ်းများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခွင့်ပြုရမည်” ဟု သတ်မှတ်ပြဋ္ဌာန်းထားသည်နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အသီးသီးမှလည်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
သို့ရာတွင် “ဝန်ထမ်းပြုန်းတီးမှုလျော့နည်းပပျောက်ရေးစီမံ ဆောင်ရွက်လျက်ရှိမှုကြောင့် အမှုထမ်းများအား ဦးစီးအရာရှိရာထူးနေရာများသို့ ဖြေဆိုခွင့်ပြုရာတွင် ယခင်(၂)ကြိမ်နှင့်အထက် ဖြေဆိုခွင့်ပြုခဲ့ပြီး ဖြစ်သော ဝန်ထမ်းများကို ထပ်မံဖြေဆိုခွင့်မပြုတော့ပါကြောင်းနှင့် ဖြေဆို လိုသည့် ကျန်ဝန်ထမ်းများကိုလည်း ၂၀၂၅ ခုနှစ်၊ မတ်လမှစ၍ အများဆုံး (၂)ကြိမ်သာ ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း” အမိန့်ထုတ်ထားခြင်းမှာ အထက်စာပိုဒ်ပါ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေနှင့်ကိုက်ညီမှု မရှိပါကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် ပြင်ပပုဂ္ဂိုလ်များနည်းတူ ပြည်ထောင်စုရာထူးဝန် အဖွဲ့မှခေါ်ယူသော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး နေရာများသို့ ကြော်ငြာပါသတ်မှတ်အရည်အချင်းများနှင့် ညီညွတ်ပါက အကြိမ်အရေအတွက် အကန့်အသတ်မရှိ လွတ်လပ်စွာ ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခွင့်ရှိမည်ဖြစ်ပါသည်။
ဖြေကြားပေးသည့်ဌာန- ပြည်ထောင်စုရာထူးဝန်အဖွဲ့
အဆိုပါမေးမြန်းချက်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ထားရှိပါသည်-
(က) အမှတ်(၂)မူးယစ်တပ်ဖွဲ့ခွဲ (တောင်ကြီး) ကွပ်ကဲမှုအောက်ရှိ အမှတ်(၂၇)မူးယစ်တပ်ဖွဲ့စု (လွိုင်လင်)မှ လွိုင်လင်ခရိုင်တွင် လွိုင်လင် မြို့နယ်၊ လဲချားမြို့နယ်နှင့် မိုင်းကိုင် မြို့နယ်တို့တွင်လည်းကောင်း၊ နမ့်စန်ခရိုင်တွင် နမ့်စန်မြို့နယ်နှင့် မိုးနဲမြို့နယ်တို့တွင် လည်းကောင်း၊ လင်းခေးခရိုင်တွင် လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ်နှင့် မောက်မယ် မြို့နယ်တို့တွင်လည်းကောင်း တားဆီးနှိမ်နင်းရေးလုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါကြောင်း။
(ခ) လွိုင်လင်ခရိုင်အတွင်းရှိ လဲချားမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ လင်းခေးခရိုင်အတွင်းရှိလင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ်၊ မောက်မယ် မြို့နယ်နှင့် နမ့်စန်ခရိုင်အတွင်းရှိ မိုးနဲမြို့နယ်တို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့စစ်အဖွဲ့များ လှုပ်ရှားသွားလာ လျက်ရှိသော နယ်မြေများဖြစ်ပါကြောင်း၊ လွိုင်လင်မြို့ပေါ် ရပ်ကွက်များ၊ ပင်လုံမြို့ပေါ်ရပ်ကွက်များနှင့် နမ့်စန်မြို့ပေါ်ရပ်ကွက်များ တွင်သာ တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ပြီး တချို့နယ်မြေများတွင် အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ပါကြောင်း။
( ဂ ) လဲချားမြို့သည် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၉ အုပ်စု၊ ကျေးရွာ ပေါင်း ၁၃၄ ရွာ တည်ရှိပြီး SSPP/SSA နှင့် RCSS အဖွဲ့များ သွားလာလှုပ်ရှားလျက် ရှိသော နယ်မြေဖြစ်ပါကြောင်း၊ လဲချားမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် မြို့ပေါ် ၄ ရပ်ကွက်နှင့် မြို့မကျေးရွာ အုပ်စုများတွင် ရဲလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ပါကြောင်း၊ တချို့နယ်မြေများတွင် အကန့်အသတ်ဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း။
(ဃ) လဲချားမြို့နယ်တွင် KTV ၃ ခု ဖွင့်လှစ်ထားရှိပြီး အဆိုပါ KTV ၃ ခုသည် နယ်မြေအတွင်း လှုပ်ရှားသွားလာလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်နွှယ်မှုရှိပါကြောင်း၊ လတ်တလောအခြေအနေတွင် ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးနိုင်ရန် အခက်အခဲများရှိပါကြောင်း။
( င) အမှတ်(၂၇)မူးယစ်တပ်ဖွဲ့စု(လွိုင်လင်)အနေဖြင့် နယ်မြေအခြေအနေအရ လဲချားမြို့အား ဖြတ်သန်း၍ တောင်ကြီးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်/မော်တော် ဆိုင်ကယ်များကို ပင်လုံမြို့၊ ပန်မုန့်ကျေးရွာအုပ်စု၊ ပေါင်းလိုင်ကျေးရွာအဝင် ပင်လုံ-ကျောက်တန်းသွားလမ်းတွင်လည်းကောင်း၊ လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ ဟိုတင့်ကျေးရွာအနီး လွိုင်လင်-တောင်ကြီး သွားလမ်းတွင်လည်းကောင်း ပုံသေပိတ်ဆို့/ရှောင်တခင်ရှာဖွေစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလက်ရှိအချိန်တွင် လဲချား မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် လဲချားမြို့၊ နောင်မိန်းကျေးရွာအဝင်လမ်းရှိ မိုင်းရှူး-မိုင်းနောင်-ကျေးသီး-လဲချားလမ်းတွင် ရှောင်တခင် ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းနှင့် လဲချားမြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် အမှတ်(၆၄)ခြေလျင်တပ်ရင်းမှ တပ်မတော်သားများ နှင့်ပူးပေါင်း၍ ပုံသေပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
( စ) အမှတ်(၂၇)မူးယစ်တပ်ဖွဲ့စု(လွိုင်လင်)အနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၄ မှု၊ ဘိန်းစိမ်း ၁ မှု၊ ပေါင်း ၅ မှုမှ တရားခံ ကျား ၆ ဦး၊ မ ၁ ဦး၊ ပေါင်း ၇ ဦးတို့အား စိတ်ကြွဆေးပြား ၁၃၅,၁၈ဝ ပြား၊ ဘိန်းစိမ်း ၄၅ဝ ဂရမ်၊ မော်တော်ယာဉ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း၊ ၂ဝ၂၃ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၂ မှုမှ တရားခံ ကျား ၂ ဦးအား စိတ်ကြွဆေးပြား ၂,၂၀၀ ပြား၊ မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း။
(ဆ) ၂ဝ၂၄ ခုနှစ်အတွင်း Happy Water ၆ မှုမှ တရားခံ ကျား ၇ ဦး၊ မ ၂ ဦး၊ ပေါင်း ၉ ဦး တို့အား Happy Water ၆.၅၈၁ ကီလိုဂရမ်၊ Ketamine ၉ဝဝ ဂရမ်၊ ခတ်ခူး ၅ ဂရမ်၊ မော်တော်ယာဉ် ၅ စီး၊ ဖုန်း ၈ လုံးတို့နှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း။
(ဇ) လဲချားမြို့နယ်ရဲတပ်ဖွဲ့မှလည်း လဲချားမြို့နယ်အတွင်း၌ ၂ဝ၂၂ ခုနှစ်အတွင်း စိတ်ကြွ ဆေးပြား ၁ မှု၊ ၂၀၂၃ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၁ မှုနှင့် ၂ဝ၂၄ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၁ မှု၊ စုစုပေါင်း ၃ မှုမှ တရားခံ ကျား ၃ ဦးအား စိတ်ကြွဆေးပြား ၂၈,၂၂၂ ပြား၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း။
(ဈ) အမှတ် (၂) မူးယစ်တပ်ဖွဲ့ခွဲ(တောင်ကြီး) ကွပ်ကဲမှုအောက်ရှိ အမှတ် (၂၇) မူးယစ်တပ်ဖွဲ့စု (လွိုင်လင်)အနေဖြင့် မူးယစ်ဆေးဝါးသတင်းရရှိမှုအပေါ် မူတည်၍ ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများအား လွိုင်လင်တပ်နယ်မှူး/လဲချားတပ်နယ်မှူးတို့ထံ သတင်းပို့ပြီး ၁ လလျှင် (၆) ကြိမ်ခန့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
(ည) ထို့ပြင် လဲချားမြို့ပေါ်ရပ်ကွက်များတွင် မိမိတပ်ဖွဲ့ဝင်များ၊ အမာခံသတင်းပေးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံများနှင့် ပေါင်းစပ် ညှိနှိုင်း၍ မူးယစ်ဆေးဝါးသတင်းများရယူပြီး စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့၊ ဒုစရိုက်နှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် လဲချားတပ်နယ်မှူးတို့ထံ သတင်းပို့၍ ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ဖြေကြားပေးသည့်ဌာန- ပြည်ထဲရေးဝန်ကြီးဌာန
ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာ နှင့်တွေ့ဆုံဆွေးနွေးမှုအပေါ်သုံးသပ်ချက်ကို သိရှိပါရစေ။
မိုဒီသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာ နှင့် ဧပြီ ၃ ရက်တွင် တွေ့ဆုံခဲ့ပြီး ၎င်းအား “အိန္ဒိယ၏ ကြီးမြတ်သော မိတ်ဆွေ” ဟု ဂုဏ်ပြုခဲ့ပါသည်။
မိုဒီ၏ အဆိုပါဂုဏ်ပြုမှုသည် ထိုင်း-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး၏ သမိုင်းကြောင်းနှင့် အနာဂတ်အလားအလာ ကို အလေးပေး ပြောဆိုခြင်း ဖြစ်သည်။
အဆိုပါတွေ့ဆုံမှုများသည် အာရှဒေသတွင်း မဟာဗျူဟာမြောက် ပူးပေါင်းမှုများ (အထူးသဖြင့် တရုတ်၏ ဩဇာလွှမ်းမှုကို ဟန်ချက်ညီ စေရန်) အတွက် အရေးပါသော အဆင့်တစ်ခုဖြစ်သည်။
အိန္ဒိယသည် ထိုင်းနှင့် BIMSTEC (ဘင်္ဂလားပင်လယ်အော်ဒေသ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့) မှတစ်ဆင့် ဒေသဆိုင်ရာဆက်သွယ်ရေး လမ်းကြောင်း များ ဖွံ့ဖြိုးရေးကို အလေးထားလျက်ရှိသည်။
ကိုးကား-PTI, Reuters
ဘင်္ဂလားဒေ့ရှ်၏ ယာယီအစိုးရခေါင်းဆောင် မိုဟာမက် ယူနွတ်စ် သည် အိန္ဒိယ၏ မဟာဗျူဟာမြောက် အကျိုးသက်ရောက်မှုမှ ရုန်းထွက်ရန် လာမိုနီရဟတ်တွင် လေတပ်စခန်းတည်ဆောက်ရန် တရုတ်နိုင်ငံအား အဆိုပြုမှုနှင့်စပ်လျဉ်း၍ မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သနည်း။
တရုတ်-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းမှုသည် အိန္ဒိယ၏ “ကြက်လည်ပင်းကြိုး” Chicken’s Neck (Siliguri Corridor) ကဲ့သို့သော မဟာဗျူဟာမြောက် နေရာများကို ခြိမ်းခြောက်နိုင်သည်။
ပါကစ္စတန်၏ ပါဝင်မှုသည် ဒေသတွင်း စစ်ရေးတည်ငြိမ်မှုကို ပိုမို ထိခိုက်စေနိုင်ပါသည်။
ကိုးကား - GG political
အလယ်အလတ်အဆင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သင်တန်းကာလ (၂၀) ပတ်ကြာ သင်တန်းတက်ရောက်ရာတွင် သင်တန်းကာလ ကြာမြင့်မှုကြောင့် ကုန်ကျစရိတ်များသည် သာမန်နိုင်ငံ့ဝန်ထမ်းတစ်ဦးအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေကြောင်း တွေ့ရှိရပါသည်။ (ယခုကာလတွင် ချိုးခြံချွေတာသည့် ဝန်ထမ်းတစ်ဦးလျှင်ပင် သင်တန်းကာလ (၂၀) ပတ် အတွက် စုစုပေါင်း ငွေကျပ် သိန်း ၄၀ ခန့် ကုန်ကျခဲ့ကြောင်း သိရှိရပါသည်။) ကုန်ကျစရိတ်သည် ဝန်ထမ်းလစာနှင့် မကာမိ ဖြစ်နေပါသည်။ သင်တန်းတက်ရောက်ရသည့် ကာလတွင် ရရှိသော လစာအား သင်တန်း၌ပင် အသုံးပြုလျှင်တောင် လောက်ငှမှု မရှိကြောင်း တွေ့ရှိရပါသည်။
ထို့အပြင် တချို့ကလေးငယ်ရှိသည့် အိမ်ထောင်ရှင် အမျိုးသမီးဝန်ထမ်းများအတွက် (ဌာနတွင် ဝန်ထမ်းအင်အားနည်းပါးသော်လည်း မဖြစ်မနေ သင်တန်းတက်ရောက်ရန် စေလွှတ်ခြင်းခံရသည့်အခါ) မိသားစုအခက်အခဲများရှိကြောင်း တွေ့ရှိရပါသည်။ မိခင်နှင့် ဖခင်နှစ်ဦး စလုံး ဝန်ထမ်းဖြစ်ပါက အရွယ်မရောက်သေးသည့် ကလေးငယ်အား မိခင် မရှိဘဲ အချိန် ကာလ ၂၀ ပတ်ကြာ ပြုစုစောင့်ရှောက်ရန်အတွက် မိသားစုအခက်အခဲများ ဖြစ်ပေါ်လျက် ရှိပါသည်။ သို့ပါ၍ ကလေးငယ်အား ဂရုတစိုက် ပြုစုစောင့်ရှောက်ရမည့် အမျိုးသမီးနိုင်ငံ့ဝန်ထမ်းများအတွက် သင်တန်းကာလသည် အချိန်ကာလ ကြာမြင့်လွန်းသဖြင့် မိခင်အုပ်ထိန်းမှု လိုအပ်လျက်ရှိသော အသက် ၅ နှစ်အောက် ကလေးငယ်ရှိသည့် အမျိုးသမီးနိုင်ငံ့ ဝန်ထမ်း များအတွက် Online Training နှင့် In House System သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးအတွက် ပြန်လည်သုံးသပ်ပေးနိုင်ပါရန် အမျိုးသမီး မိခင်များ၏ ကိုယ်စား ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။
မေးခွန်းနှင့်စပ်လျဉ်း၍ Online နှင့် In-house ရော၍ ဖွင့်လှစ်ရာတွင် အင်တာနက်လိုင်း အခက်အခဲရှိခြင်း၊ သင်တန်းသားများနှင့် သင်တန်းဆရာအကြား အချိန်အကန့် အသတ်ရှိသဖြင့် ပြည့်စုံစွာ ပြန်လည်မေးခွန်းမေးမြန်း ရာတွင် ဖြေကြားပေးနိုင်မှုမရှိခြင်း၊ Online ဖြစ်၍ သင်တန်းသားများ သင်တန်းတက်ရောက်မှု မမှန်ခြင်း၊ သင်တန်းသားများ၏ အာရုံစူးစိုက်မှုနည်းပါးခြင်း၊ Online ဖြင့် စာမေးပွဲ ဖြေဆိုရာတွင် အမှန်တစ်ကယ် ဖြေဆိုခြင်း ဟုတ်-မဟုတ် စိစစ်ရန်အခက်အခဲရှိခြင်း စသည့် အားနည်းချက်များရှိကြောင်း တက်ရောက်ပြီး သင်တန်းသားများ၏သင်တန်းဆင်းသုံးသပ်အကြံပြုချက်များ၊သင်တန်းသား အများစုမှ အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအား Online ဖြင့် ဖွင့်လှစ်သင်ကြားခြင်းအစား In House ဖြင့်သာ ပြင်ဆင်ဖွင့်လှစ်ရန် ရေးသားဖော်ပြ တောင်းဆိုမှုများကြောင့် အရလည်းကောင်း၊ သင်တန်းတွင် နိုင်ငံတော်ကာကွယ်ရေး ဘာသာရပ် ပါဝင်လာသည့်အတွက် လက်တွေ့သင်ကြားရန် အချိန်ပိုမိုလိုအပ်သည့်အတွက်လည်းကောင်း In House ဖြင့်သာဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
အဆိုပါသင်တန်းသို့တက်ရောက်မည့် သင်တန်းသားများအား လုပ်ငန်းခွင်မှ ကာလရှည်ကင်းကွာမှုမရှိစေရေး၊ ၎င်းတို့၏ ကုန်ကျစရိတ်သက်သာစေရေး၊ ဝန်ထမ်းမိသားစု အခက်အခဲများပြေလည်စေရေး ကလေးငယ်ရှိသည့် အမျိုးသမီး နိုင်ငံ့ဝန်ထမ်းများအဆင်ပြေရေးတို့အတွက် အလယ်အလတ် အဆင့်အရာထမ်းသင်တန်းကို ၂၀၀၈ ခုနှစ် စတင်ဖွင့်လှစ်စဉ်ကကဲ့သို့ သင်တန်းကာလ (၄) ပတ် (၁) လဖြင့် ဖွင့်လှစ်ပါက ဘွဲ့၊ ဒီပလိုမာများ ပေးအပ်ရန် အခက်အခဲရှိမည်ဖြစ်ပါသည်။
- ငွေကြေးကုန်ကျသုံးစွဲမှုနှင့်ပတ်သက်၍ အလယ်အလတ် အဆင့်အရာထမ်းသင်တန်း၊ Advanced Diploma in Civil Service Management ဘွဲ့ ပေးအပ်ခြင်း ဖြစ်သည့်အတွက် ပညာဌာန (၇) ခုမှ စာအုပ် (၃၂) အုပ်အား ကျပ်တစ်သိန်း ခြောက်သောင်းနှုန်းဖြင့်ရောင်းချသည့် ကုန်ကျစရိတ်တစ်ခု သာရှိပါသည်။ ငွေပေးချေမှုကိုလည်း အရစ်ကျစနစ်ဖြင့် ပေးချေနိုင်ရန်သတ်မှတ်ထားပါသည်။ ကျန်သင်တန်းသားများ၏ နေထိုင်စားသောက်မှုကိစ္စအဝဝကို နိုင်ငံတော်မှ သတ်မှတ်ခွင့်ပြုထားသောနှုန်းထားများနှင့် တက္ကသိုလ်များအနေဖြင့် အပြည့်အဝ တာဝန်ယူပေးထားပါသည်။ တစ်ဦးချင်း၏ ပုဂ္ဂလိကလိုအပ်ချက်အရ အပိုသုံးစွဲလျှင် သုံးစွဲသလောက် စရိတ်စကများ ပိုမိုကုန်ကျမည်ဖြစ်ပါသည်။ သာမန်အားဖြင့် မေးခွန်းတွင် ဖော်ပြပါ ကျပ် သိန်း (၄၀) ကုန်ကျသည်ဟု ဖော်ပြခြင်းမှာ တစ်ဦးချင်း၏ လိုအပ်ချက်ဖြင့် သာဆိုင်ပြီး သင်တန်းတက်ရခြင်းကြောင့် မဖြစ်မနေကုန်ကျရသော အသုံးစရိတ်များမဟုတ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဖြေကြားပေးသည့်ဝန်ကြီးဌာန- ပြည်ထောင်စုရာထူးဝန်အဖွဲ့
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ ၁၄ (ခ) တွင် “ရာထူးလစ်လပ်မှုရှိသဖြင့် ပြင်ပပုဂ္ဂိုလ်ကို ရွေးချယ်ရန် လိုအပ်ပါက သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည် ရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။ ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် သတ်မှတ်အရည်အချင်းပြည့်မီသည့် နိုင်ငံ့ဝန်ထမ်း အမှုထမ်းများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခွင့်ပြုရမည်။” ဟု ပြဋ္ဌာန်းထားပါသည်။ အဆိုပါပြဋ္ဌာန်းချက်အရ သတ်မှတ်အရည်အချင်းပြည့်မီသည့် နိုင်ငံ့ဝန်ထမ်းအမှုထမ်းများသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာခေါ်ယူသည့် ပြန်တမ်းဝင်အရာရှိရာထူးများသို့ ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခွင့်ရှိပါသည်။ ပိတ်ပင်တားမြစ်ခွင့်မရှိပါ။ သို့ရာတွင်ဝင်ရောက်ဖြေဆိုနိုင်ရေး လျှောက်ထားရာတွင် နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းမှတစ်ဆင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ ခွင့်ပြုချက်ရယူရပါသည်။
အချို့သော ဝန်ကြီးဌာန၊ အဖွဲ့အစည်းများသည် အမှုထမ်းအဆင့် စတင်ခန့်ရာထူးအဆင့်ခန့်အပ်ရာတွင် ထမ်းဆောင်ရမည့်ကာလ၊ ပေးလျော်ရမည့် လျော်ကြေးသတ်မှတ်ချက်များ မရှိသော်လည်း အချို့သော ဝန်ထမ်းအဖွဲ့အစည်းများသည် အမှုထမ်းအဆင့် ရာထူးများခန့်အပ်ရာတွင် ထမ်းဆောင်ရမည့် ကာလ၊ ပေးလျော်ရမည့် လျော်ကြေး သတ်မှတ်ချက်များရှိသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းနှင့် ထမ်းဆောင်သည့် အမှုထမ်းဝန်ထမ်းတို့အကြား ကတိခံဝန်ချက်၊ စည်းမျဉ်း၊ စည်းကမ်းညွှန်ကြားချက်များနှင့်အညီ ဝန်ခံကတိလက်မှတ်ရေးထိုးသဘောတူညီချက်ရယူဆောင်ရွက်သည်ကို တွေ့ရှိရပါသည်။ ယင်းသို့ ကတိခံဝန်ချက်တွင် လက်မှတ်ရေးထိုးသဘောတူညီထားပါက သက်ဆိုင်ရာအမှုထမ်းဝန်ထမ်းအနေဖြင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ပါသည်။
အမှုထမ်းဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၁၀ ၊ ပုဒ်မခွဲ (စ) ပါ ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ညွှန်ကြားချက်များ ဝန်ထမ်း အဖွဲ့အစည်းအလိုက် သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင် စည်းကမ်းများ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာရန် တာဝန်ရှိပါသည်။
၎င်းအပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ခေါ်ယူသော ပြန်တမ်းဝင်အရာရှိ စတင်ခန့်ရာထူးအတွက် အချို့သော အဖွဲ့အစည်းများသည် အကြောင်းကိစ္စ ခိုင်ခိုင်မာမာမရှိဘဲ အမှုထမ်းများကို ဝင်ရောက်ဖြေဆိုခွင့် ကန့်သတ်ထားသည်ကို တွေ့ရသည့်အတွက် အမှုထမ်းများ ဝင်ရောက်ဖြေဆိုခွင့် မဖြစ်မနေရရှိရန် ၂၀၂၄ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများတွင် ဖြည့်စွက်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။ ဖြေဆိုခွင့်ပေးထားသည်ဆိုသော်လည်း အမှုထမ်းများအနေဖြင့် ပြန်တမ်းဝင်အဆင့် စတင်ခန့်ရာထူးသို့ အောင်မြင်သွားပါက သင်တန်းစတင် ဖွင့်လှစ်သည့်နေ့တွင် ပြန်တမ်းဝင်အရာရှိ အစမ်းခန့်ထားခြင်းခံရပါသည်။ ယင်းအချိန်တွင် မူလတာဝန်ထမ်းဆောင်ခဲ့သောဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအနေဖြင့် အမှုထမ်းနှင့်ပတ်သက်သော ဝန်ထမ်းရေးရာခံစားခွင့်များဆုံးရှုံးမှုမရှိစေရေး အသစ်တာဝန်ထမ်းဆောင်မည့်ဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည့်လုပ်ငန်းစဉ်များကိုဆက်လက်ဆောင်ရွက်ပေးရသည့်အတွက် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသိရှိရန် ခွင့်ပြုချက် မဖြစ်မနေတောင်းခံရန် လိုအပ်ခြင်းဖြစ်ပါသည်။
- သို့ဖြစ်ပါ၍ အမှုထမ်းများသည် သတ်မှတ်အရည်အချင်း ပြည့်မီပြီး သက်ဆိုင်ရာဌာနများက သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့် ညီညွတ်မှုရှိပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့ကခေါ်ယူသော ပြန်တမ်းဝင်အရာရှိစာမေးပွဲကိုဖြေဆိုခွင့်ရှိမည်ဖြစ်သော်လည်း ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ ခွင့်ပြုချက် မဖြစ်မနေရယူရန်လည်းလိုအပ်ပါသည်။
ဖြေကြားပေးသည့်ဝန်ကြီးဌာန- ပြည်ထောင်စုရာထူးဝန်အဖွဲ့