ဆောင်းပါးများ

တန်ဆောင်မုန်းလရာသီနှင့် ကထိန်ခင်းပွဲ
-

မြန်မာပြက္ခဒိန်၏ ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် ရှစ်လမြောက်ဖြစ်သည်။ “တန်ဆောင်မုန်း” ဟူသော ဝေါဟာရကို ရှေးခေတ်ကျောက်စာတို့တွင် “တန်ဆောင်မှုန်” ဟု ရေးထိုးကြသည်။ ရွတ်ဆိုခေါ်ဝေါ်ရာ၌မူကား “တန်ဆောင်မှုန်း” ဖြစ်သည်။ ယင်းမှ တန်ဆောင်မုန်းသို့ ရွေ့လျားလာခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထား သည်။ “တန်ဆောင်” မှာ “မီးတိုင်” ၊ “မှုန်း” မှာ “ပျံ့နှံ့စေခြင်း” ဟု အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခုပေါင်းလိုက်လျှင် “ဆီမီးတိုင်များ မျက်စိတစ်ဆုံး ပွားများထွန်းလင်းနေသည်”ဟု ဆိုလိုကြောင်း မှတ်သားရပါသည်။

မြန်မာပြက္ခဒိန်၏ ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် ရှစ်လမြောက်ဖြစ်သည်။ “တန်ဆောင်မုန်း” ဟူသော ဝေါဟာရကို ရှေးခေတ်ကျောက်စာတို့တွင် “တန်ဆောင်မှုန်” ဟု ရေးထိုးကြသည်။ ရွတ်ဆိုခေါ်ဝေါ်ရာ၌မူကား “တန်ဆောင်မှုန်း” ဖြစ်သည်။ ယင်းမှ တန်ဆောင်မုန်းသို့ ရွေ့လျားလာခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထား သည်။ “တန်ဆောင်” မှာ “မီးတိုင်” ၊ “မှုန်း” မှာ “ပျံ့နှံ့စေခြင်း” ဟု အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခုပေါင်းလိုက်လျှင် “ဆီမီးတိုင်များ မျက်စိတစ်ဆုံး ပွားများထွန်းလင်းနေသည်”ဟု ဆိုလိုကြောင်း မှတ်သားရပါသည်။

မြန်မာတို့၏ ၁၂ လရာသီပန်းများတွင် တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ “ခဝဲပန်း” ဖြစ်သည်။ ခဝဲပန်းကို တန်ဆောင်မုန်းလ၏ နက္ခတ်ကြိုက်ပန်းအဖြစ်မှတ်ယူကာ “ခဝဲပွင့်တုန်း တန်ဆောင်မုန်း” ၊ “ခဝဲပွင့်ချိန် ခင်းကထိန်” ၊ “ခဝဲ လှိုင်လှိုင် တန်ဆောင်တိုင်” စသည်ဖြင့် မှတ်တမ်းတင်ကြသည်။ ရှေးစာဆို ကဝိအကျော်အမော်တို့က ရာသီစာသီးနှံတစ်မျိုးဖြစ်သော ခဝဲသီးပင်၏ ပန်းပွင့်ကို ၁၂ လရာသီတော်ဝင်ပန်းများစာရင်းတွင် တခမ်းတနားထည့်ထားခြင်းက စိတ်ဝင်စားစရာဖြစ်နေပါသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ စာရေးဆရာကြီး မင်းသုဝဏ်က “ခဝဲပန်းကား ကဗျာဆရာတို့အဖို့ တန်ဆောင်မုန်းလ၏ ရာသီပန်းဖြစ်သည်။ တောချုံပုပ္ပေါင်း(မူရင်းသတ်ပုံ) ပိတ်ပေါင်းတို့တွင် တလွန့်လွန့်တက်နေသော ခဝဲနွယ်ပင်အဆစ်တို့မှာ ဝါးခနဲ၊ ဝင်းခနဲ၊ ထိန်ခနဲ၊ လက်ခနဲ နံနက်နေရောင်ခြည်တွင် ပွင့်လန်းနေကြသော ခဝဲပန်းတို့ကို မြန်မာကဗျာဆရာတို့ လွန်စွာသတိပြုခဲ့ကြပုံရသည်။ ခဝဲပွင့်၏ ကြူသင်းသော ရနံ့ကိုလည်း လွန်စွာအာရုံပြုကြခဲ့ပုံရသည်။ ထို့ကြောင့်လည်း ပန်းအများရှိသည့်အနက် ခဝဲပန်းကိုသာလျှင် ရွေးချယ်ကာ တန်ဆောင်မုန်းလ၏ ရာသီပန်းအဖြစ် တင်မြှောက်ခဲ့ခြင်း ဖြစ်ပေရာသည်” ဟူ၍ မှတ်တမ်းတင်ထားကြောင်း ၁၉၆၆ ခုနှစ်ထုတ် ဆရာကြီးမင်းသုဝဏ်ရေးသားသော ဖိုးသူတော်ဦးမင်း၏ သဘာဝပြက္ခဒိန်နှင့် အခြားစာများစာအုပ်ထဲတွင် လေ့လာမှတ်သားရပါသည်။

သာမညဖလအခါနေ့

တန်ဆောင်မုန်းလပြည့်နေ့ညသည် အဇာတသတ်မင်းကို အကြောင်းပြု၍ “သာမညဖလ အခါနေ့”ဟု သုံးနှုန်းကြသည်။ ဖခင်သတ်ပြီးမှ ဘုရင်ဖြစ်လာသော အဇာတသတ်မင်းသည် အမှားကြီးကြောင့် နောင်တပူပန်ဖြစ်နေရသည်။ ဆေးဆရာကြီး ဇီဝက၏လမ်းညွှန်မှုဖြင့် တန်ဆောင်မုန်းလပြည့်ညတွင် ဗုဒ္ဓဘုရားရှင်ထံသို့ ရောက်လာခဲ့သည်။ တည်နေရာမှာ မာဂဓတိုင်း ရာဇဂြိုဟ်ပြည် ဇီဝက၏ သရက်တောဥယျာဉ်(အမ္ဗဝန)ရှိ ကျောင်းတော်၌ဖြစ်သည်။ အလွန်တိတ်ဆိတ်ငြိမ်သက်နေကြသော သံဃာထုကို အဖန်ဖန်ကြည့်၍ မင်းကြီးသည်ဗုဒ္ဓထံသို့ “ရဟန်းပြုရခြင်း၏အကျိုး” ကို မေးလေသည်။

ဘုရားရှင်၏အဖြေကို အချုပ်တင်ပြရလျှင် ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်းရနိုင်သော အကျိုးတရားများမှာ-

• မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ရခြင်း၊

• အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်း၊

• ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်လေးပါးမှ ကင်းဝေးရခြင်း၊

• ဒုစရိုက်တရားတို့ကို ရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံရခြင်း၊

• ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲအမျိုးမျိုး၊ မကောင်းသောစကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှကင်းလွတ်၍ မဇ္စျိမသီလနှင့် ပြည့်စုံရခြင်း၊

• နက္ခတ်ဗေဒင်ယတြာ ဆေးကုပေးခြင်းစသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့်ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံရခြင်း၊

• ဣန္ဒြေခြောက်ပါးလုံး အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း၊

• သတိနှင့် ပြည့်စုံခြင်း၊

• သမ္ဗဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်း၊

• သန္တောသခေါ် စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်း၊

• နီဝရငါးပါးမှ ကင်းလွတ်ရခြင်း၊

• စျာန်တရားများ ရနိုင်ခြင်း၊

• ဝိဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်း၊ 

အိမ်ရာထူထောင်ခြင်းမပြုသော သူတော်ရဟန်းဘဝ၏ အကျိုးတရားကို ဟောတော်မူသောကြောင့် အဇာတသတ်မင်းသရဏဂုံတည်သည်။ 

အမျိုးသားအောင်ပွဲနေ့

တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၏ တစ်မျိုးသားလုံးအတွက် ထူးခြားမွန်မြတ်သော ရက်တစ်ရက်ရှိနေပါသေးသည်။ ၎င်းမှာ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် “အမျိုးသားနေ့” ဖြစ်သည်။ ကိုလိုနီနယ်ချဲ့လက်အောက်တွင် ကျွန်ပညာရေးစနစ်ဖြစ်သည့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သပိတ်မှောက်ခဲ့သည့်နေ့ဖြစ်သည်။ တစ်နည်းဆိုသော် ကျွန်ပညာရေးကို ဆန့်ကျင်သည့်နေ့ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် သပိတ်မှောက်ခဲ့သည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသောနေ့ဖြစ်သဖြင့် မြန်မာပြည်အတွက် မမေ့သင့်မမေ့ထိုက်သော သမိုင်းဝင်နေ့ ဖြစ်သည်။

တန်ဆောင်မုန်းလနှင့် ပွဲတော်များ

တန်ဆောင်မုန်းလသည် မြန်မာတို့၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများ၊ ရိုးရာအစဉ်အလာ ယုံကြည်သက်ဝင်မှုများဖြင့် ပြည့်နှက်နေသည်။ ဘာသာရေးဆိုင်ရာပွဲတော်နှင့် အခမ်းအနားများမှာ မီးထွန်းပွဲ၊ ကထိန်ပွဲ၊ ကျီးမနိုးပွဲ၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ရှင်မာလဲပွဲနှင့် ကြာသင်္ကန်းကပ်လှူပူဇော်ပွဲ စသည်တို့ဖြစ်သည်။ အဆိုပါပွဲတော်များအနက် အထင်ရှားဆုံးမှာ ကထိန်ပွဲဖြစ်သည်။ 

တန်ဆောင်မုန်းလရာသီ ကထိန်ခင်းကြသည်

“ကထိန်” သည် “ကထိန” ဟူသော ပါဠိကို မြန်မာမှုပြုကာ မြန်မာဝေါဟာရသို့ ပြောင်းလဲထားသော အမည်ဖြစ်ပြီး “မြဲမြံခိုင်ခံ့ခြင်း” ဟု အဓိပ္ပာယ်ရသည်။ ကထိန်ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်အမှုနှင့် စပ်သမျှအရာအားလုံးကိုခြုံငုံ၍ ခေါ်ဝေါ်သုံးစွဲသည့်အမည်ဖြစ်သည်။ ထို့ကြောင့် ကထိန်အာနိသင်ငါးပါးကို ကျောင်းတိုက်အပြင် ထွက်မသွားဘဲ ကျောင်းတိုက်အတွင်းမှာသာ မြဲမြံခိုင်ခံ့နေအောင် ပြုလုပ်နိုင်စွမ်းရှိခြင်းဟု ဆိုလိုကြောင်း လေ့လာသိရှိရသည်။ ဒကာ၊ ဒကာမများက ကထိန်ခင်းရန်သင်္ကန်းကို လှူဒါန်းရုံသာ လှူဒါန်းနိုင်ပြီး သံဃာများကိုယ်တိုင်သာ ကထိန်ခင်းရသည်။ ကထိန်သင်္ကန်းကပ်လှူပွဲသည် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ၂၉ ရက်တိုင်တိုင်ကာလဖြစ်သည်။ 

ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံ

ကထိန်ဖြစ်ပေါ်လာပုံမှာ ဘဒ္ဒဝဂ္ဂီရဟန်းတော်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်က ခွင့်တော်ပြုပေးတော်မူခဲ့ခြင်းဖြစ်ပါသည်။ မိုးတွင်းကာလတစ်ခု၌ ဘဒ္ဒဝဂ္ဂီနှင့် ရဟန်းတော်အပါး သုံးကျိပ်တို့သည် ခြောက်ယူဇနာ ၄၈ မိုင်ခန့် ခရီးရှည်ကို ဖြတ်သန်း၍ ဘုရားရှင်အား ဖူးမြော်ရန်လာကြသည်။ လေထဲမိုးထဲ ရွှံ့နွံထဲဖြတ်သန်းလာကြရသဖြင့် သင်္ကန်းများ ရွှဲရွှဲစိုလေးလံလာကြပြီး လွန်စွာပင်ပန်းကြလေသည်။ ထိုခေတ်ထိုကာလတွင် အသစ်လဲလှယ်စရာ သင်္ကန်းအပိုဆောင်ရန် ခွင့်မပြုထားသေးပေ။ ထို့ကြောင့် ဘုရားရှင်က သံဃာတော်များ သင်္ကန်းကြောင့် ဝန်မလေးကြစေရန်နှင့် အလှူရှင်များလည်း စေတနာသဒ္ဓါတရားဖြင့် လှူဒါန်းနိုင်ကြစေရန်အလို့ငှာထိုအချိန်မှစ၍ ကထိန်ခင်းခွင့်ပြုတော်မူခဲ့သဖြင့် “ကထိန်သင်္ကန်း” ဝတ်ရုံတော်ပေါ်ပေါက်လာခြင်းဖြစ်သည်။ 

ပညတ်ချက်များ

ကထိန်ခင်းရာတွင် ပညတ်များစွာရှိသည်။ ကျောင်းရှိသံဃာများက ဒကာ၊ ဒကာမတို့အား ကထိန်ခင်းပေးရန် ရေလာမြောင်းပေး၊ အရိပ်အမြွက်စကားတစ်လုံးတစ်ပါဒမျှ စတင်ပြောဆိုခွင့်မပြုပါ။ မိုးပေါ်ကရေစက်များ သူ့အလိုလိုကျလာသကဲ့သို့ ဒကာ၊ ဒကာမများ၏ သဒ္ဓါတရားအလျောက်သာ ဖြစ်ပေါ်လာသည့် အလှူသင်္ကန်းဖြစ်ရပါမည်။ ထိုကထိန်သင်္ကန်းကို တစ်ဦးတစ်ယောက်တည်းက လှူဒါန်းနိုင်သလို အများစုပေါင်း “ဘုံကထိန်” အဖြစ်လည်း လှူဒါန်းနိုင်သည်။ သံဃာတော်များ ဆင်မြန်းသည့် သင်္ကန်းသည် အမျိုးအစားသုံးမျိုးရှိသည်။ ၎င်းတို့မှာ “ဒုကုဋ်သင်္ကန်း” ခေါ် နှစ်ထပ်သင်္ကန်း၊ “ဧကသီ” ခေါ် အပေါ်ရုံသင်္ကန်း၊ “သင်းပိုင်” ခေါ် ခါးဝတ်သင်္ကန်းတို့ဖြစ်သည်။ ၎င်းသုံးထည်ကို စုစည်း၍ သင်္ကန်းတစ်စုံဟု သတ်မှတ်သည်။ ၎င်းသင်္ကန်းကို သိမ်ထဲမှာသာကပ်ရသည်။ ကထိန်ခင်းထိုက်သည့် ရဟန်းကို သင်္ကန်းကပ်သည့်အခါ “ဥတ္တိဒုတိယ ကမ္မဝါစာ” ဆိုရသဖြင့် ကထိန်သင်္ကန်းကို “ဉတ်သင်္ကန်း” ဟု ခေါ်ကြခြင်းဖြစ်သည်။ 

ယနေ့ကာလ ဉတ်သင်္ကန်းကို ဟထိုးအသံနှင့် ညှပ်သင်္ကန်းဟု မှားယွင်းစွာခေါ်ဆိုနေကြသည်။ အသံထွက်အမှန်က    “ညတ်” သင်္ကန်း ဖြစ်သည်။

ကထိန်ခင်းထိုက်သောရဟန်း

ကထိန်ခင်းထိုက်သောရဟန်းဆိုသည်မှာ ပုရိမဝါကျွတ်ပြီး ပထမပဝါရဏာနေ့မှာ ပဝါရနာပြုထားသော ရဟန်း၊ ပုရိမဝါ မကျိုးမပျက်သောရဟန်း၊ ရှေးဦးပြုဖွယ် ပုဗ္ဗကရဏတို့ကိုသိခြင်း စသည့်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့်ရဟန်း၊ သံဃာကဝိနည်းကံနှင့်အညီ ဉတ်ကမ္မဝါဖတ်ပေးမည့် ကထိန်ခင်းရန်သင်္ကန်းကို အလှူခံရရှိသည့်ရဟန်း စသည့် ကထိန်ခင်းရန်စွမ်းဆောင်နိုင်သော ရဟန်းတို့ကို ဆိုလိုသည်။

ကထိန်သင်္ကန်းအကြောင်း သိမှတ်ဖွယ်

အဓိက ဉတ်သင်္ကန်းနှင့်အတူ ပဒေသာပင်တွင် ချိတ်ဆွဲထားသော သင်္ကန်းများကို “ဉတ်ရန်သင်္ကန်း” သို့မဟုတ် ကထိန်အရန်သင်္ကန်းဟု ခေါ်သည်။ ကထိန်အာနိသင်ရသွားမည့် သင်္ကန်းများဖြစ်သဖြင့်လည်း “ကထိန်အာနိသင်သင်္ကန်း” ဟု ခေါ်နိုင်သည်။ ကထိန်ခင်းကြသည်ဆိုရာဝယ် ကထိန်သင်္ကန်း များစွာလှူခြင်း၊ ဝတ္ထုငွေ များစွာလှူခြင်းနှင့် ပဒေသာပင်များစွာပြုလုပ်ခြင်းတို့ကို မဆိုလိုပါ။ ကထိန်ခင်းသည့်အခါ ဉတ်သင်္ကန်းလှူခြင်းကိုသာ ဆိုလိုပြီး၊ ဉတ်သင်္ကန်းလှူသူကသာ ကထိန်အလှူရှင် ဖြစ်သည်။ ကထိန်ခင်းကြသည့်အခါ ဉတ်သင်္ကန်းကို ကိုယ်တိုင်လှူဒါန်းခွင့် မရသေးသရွေ့ဘယ်သောအခါမျှ ကထိန်အလှူရှင်မဖြစ်နိုင်သေးပေ။ ထို့ကြောင့် စုပေါင်းမဟာဘုံကထိန် ခင်းကြသည့်အခါ ဉတ်သင်္ကန်းကို အများထည့်ဝင်လှူဒါန်းသည့် အလှူငွေဖြင့် ဝယ်ကြရပါမည်။ တစ်ဦးတစ်ယောက်တည်းက တာဝန်ယူပါရစေဟူ၍ လှူလို့မရ၊ လက်မခံရပါ။ ထို့ပြင် တစ်နှစ်လျှင် ကျောင်းတိုက်တစ်တိုက်၌ တစ်ကြိမ်သာ ကထိန်ခင်းခွင့်ရှိသည်။

ကထိန်သင်္ကန်းအလှူရှင်များ သိမှတ်ဖွယ်

အထက်တွင်ဖော်ပြထားသကဲ့သို့ ကထိန်ခင်းမည့်ကျောင်းကို သွားရောက်လှူဒါန်းခြင်းအပြင် မိမိအိမ်မှာပင့်လှူ၍လည်းရပါသည်။ ကျောင်းသို့ သွားရောက်လှူဒါန်းသည့်အခါ သို့မဟုတ် ဆရာတော်၊ သံဃာတော်ကို သင်္ကန်းကပ်သည့်အခါ “ဤသင်္ကန်းကို သံဃာအား လှူဒါန်းပါ၏” ဟု နှုတ်ကရွတ်ဆို၍ လှူဒါန်းရပါမည်။ ထိုသင်္ကန်းသည် လတ်တလော ကပ်လှူလက်ခံသည့် ဆရာတော်၊ သံဃာတော်က မပိုင်ဆိုင်သေးပေ။ ကျောင်းတိုက်ရှိ သံဃာအများနှင့်သာ သက်ဆိုင်သည်။ 

မိမိတို့နေအိမ်တွင် ပင့်ဖိတ်လှူသည့်အခါမှာလည်း သံဃာတော်ကို သင်္ကန်းကပ်လှူသည့်အချိန်၌ ကထိန်ခင်းမည့် ကျောင်းတိုက်၏ ကျောင်းအမည်ကို တပ်ပြီး လှူဒါန်းရပါမည်။ သို့မှသာ မိမိရည်စူးသည့် သံဃာက ယင်းကျောင်းတိုက်တွင် ကထိန်ခင်းခွင့်ရမည်ဖြစ်သည်။ 

ကထိန်သင်္ကန်းအလှူရှင်တွင်ရရှိမည့် ကုသိုလ်တရားငါးပါး

ကထိန်သင်္ကန်း ကပ်လှူခြင်းကြောင့် အလှူရှင်များအနေဖြင့် သွားလေရာအရပ်ရပ်တို့၌ အနှောင့်အယှက်မရှိ၊ ဘေးကင်းစွာသွားလာရခြင်း၊ မိမိပိုင်စည်းစိမ်ဥစ္စာများကို ရန်သူမျိုးငါးပါးတို့ မဖျက်ဆီးနိုင်ခြင်း၊ စားကောင်းသောက်ဖွယ်အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊ အဆိပ်မသင့်နိုင်ခြင်း၊ မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း၊ ပစ္စည်းများ ရှာဖွေရာတွင် သူတကာတို့ထက်ထူး၍ အစုလိုက်အပုံလိုက်ရခြင်း၊ ရုပ်ရည်အဆင်းချောမောလှပခြင်းဟူသော အကျိုးတရားများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း ကျမ်းဂန်များက ဆိုထားသည်။ 

မသိုးသင်္ကန်း 

“မသိုးသင်္ကန်း” ရက်လှူပူဇော်ပွဲမှာလည်း ထင်ရှားသည့်အလှူဒါနတစ်ခု ဖြစ်ပါသည်။ မသိုးသင်္ကန်းဟူသည် နေ့မကူး၊ ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။ မသိုးသင်္ကန်းကို ကထိန်ကာလ၏ နောက်ဆုံးနေ့ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ လဆန်း ၁၄ ရက် ညနေပိုင်းတွင် စတင်ရက်လုပ်ကြပြီး လပြည့်နေ့အရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ ကပ်လှူကြသည်။

ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ရှင့်။ တစ်နှစ်လျှင်တစ်ကြိမ်၊ ထိုတစ်ကြိမ်တွင်လည်း တန်ဆောင်မုန်းလရာသီ ကထိန်ခင်းကြသည့်အခါ အလှူဒါနမြောက်စေရန်အတွက် ဝိနည်းတော်နှင့်အညီ လှူဒါန်းနိုင်ကြပါစေကြောင်း စာရေးသူမှ ဤဆောင်းပါးဖြင့် ဓမ္မကုသိုလ်ပြုလိုက်ရပါသည်။ ။

Source- Myawady Webportal

တင်ထက်ထက်ဇော်
တန်ဆောင်မုန်းလရာသီနှင့် ကထိန်ခင်းပွဲ

မြန်မာပြက္ခဒိန်၏ ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် ရှစ်လမြောက်ဖြစ်သည်။ “တန်ဆောင်မုန်း” ဟူသော ဝေါဟာရကို ရှေးခေတ်ကျောက်စာတို့တွင် “တန်ဆောင်မှုန်” ဟု ရေးထိုးကြသည်။ ရွတ်ဆိုခေါ်ဝေါ်ရာ၌မူကား “တန်ဆောင်မှုန်း” ဖြစ်သည်။ ယင်းမှ တန်ဆောင်မုန်းသို့ ရွေ့လျားလာခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထား သည်။ “တန်ဆောင်” မှာ “မီးတိုင်” ၊ “မှုန်း” မှာ “ပျံ့နှံ့စေခြင်း” ဟု အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခုပေါင်းလိုက်လျှင် “ဆီမီးတိုင်များ မျက်စိတစ်ဆုံး ပွားများထွန်းလင်းနေသည်”ဟု ဆိုလိုကြောင်း မှတ်သားရပါသည်။

ခရမ်းလွန်ရောင်ခြည်မှကာကွယ်ပေးနိုင်သည့် ဆေးဖက်ဝင်မြန်မာ့သနပ်ခါး
-

မြန်မာနိုင်ငံ၏ ယခုနှစ်နွေရာသီကာလတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့်  အပူချိန်မြင့်တက်လျက်ရှိသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ထူးခြားသည့် နေ့အပူချိန်များမှာ  ချောက်မြို့၌     ၄၆   ဒီဂရီဆဲလ်စီးယက်၊  မြင်းခြံမြို့၊  ညောင်ဦးမြို့၊  မင်းဘူးမြို့၊   မကွေးမြို့နှင့် တောင်တွင်းကြီးမြို့တို့၌    ၄၄ ဒီဂရီဆဲလ်စီးယက်၊  စစ်ကိုင်းမြို့၊  မြင်းမူမြို့၊   တံတားဦး (လေကြောင်းမိုးလေဝသ)၊   ဂန့်ဂေါမြို့နှင့်   ဆင်ဖြူကျွန်းမြို့တို့

မြန်မာနိုင်ငံ၏ ယခုနှစ်နွေရာသီကာလတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့်  အပူချိန်မြင့်တက်လျက်ရှိသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ထူးခြားသည့် နေ့အပူချိန်များမှာ  ချောက်မြို့၌     ၄၆   ဒီဂရီဆဲလ်စီးယက်၊  မြင်းခြံမြို့၊  ညောင်ဦးမြို့၊  မင်းဘူးမြို့၊   မကွေးမြို့နှင့် တောင်တွင်းကြီးမြို့တို့၌    ၄၄ ဒီဂရီဆဲလ်စီးယက်၊  စစ်ကိုင်းမြို့၊  မြင်းမူမြို့၊   တံတားဦး (လေကြောင်းမိုးလေဝသ)၊   ဂန့်ဂေါမြို့နှင့်   ဆင်ဖြူကျွန်းမြို့တို့၌ ၄၃ ဒီဂရီဆဲလ်စီးယက်   အသီးသီးရှိကြောင်း  သိရသည်။

နေ့အပူချိန် မြင့်တက်လာခြင်းနှင့်အတူ ခရမ်းလွန်ရောင်ခြည်လည်း ကျရောက်နိုင်သည်။     ခရမ်းလွန် ရောင်ခြည်ကို Ultraviolet (UV) ဟုခေါ်ပြီး ယင်းတွင် UVA နှင့့် UVB နှစ်မျိုးရှိသည်။ 

UVA က   အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေသည့်အပြင် အရေပြားအောက်ခြေရှိ Collagen  ကို ပျက်စီးစေကာ အသားအရေအဖတ်လန်ခြင်း၊  အသားအရေခြောက်သွေ့ခြင်းနှင့် အရွယ်မတိုင်မီ  အိုမင်းခြင်းတို့ကို ဖြစ်ပေါ်စေသည်။ 

UVB က နေလောင်ခြင်းကိုဖြစ်စေသောကြောင့် နံနက် ၁၀  နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲထွက်ခြင်းကို ရှောင်ကြဉ်သင့်သည်။

သို့ဖြစ်ရာ    ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့် အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုကြောင့်   နေလောင်ခြင်း၊ အသားညိုမည်းလာခြင်းတို့ကို ဖြစ်စေနိုင်ပြီး နေရောင်ခြည်နှင့် ထိတွေ့မှု ကာလကြာလာသည်နှင့်အမျှ မျက်စိတိမ်စွဲခြင်း၊ အရွယ်မတိုင်မီအိုမင်းခြင်း၊  ခုခံအားကျဆင်းလာခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုး များကို ဖြစ်ပေါ်စေနိုင်သည်။

ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်နိုင်မည့်နည်းလမ်းများ

ခရမ်းလွန်ရောင်ခြည်မြင့်မားစွာ  ကျရောက်နိုင်သည့်   နံနက် ၁၀ နာရီမှ  ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်သင့်သည်။

ခရမ်းလွန်ရောင်ခြည် အလွယ်တကူမထိုးဖောက်နိုင်သော   ချည်သားထူထူပွပွအဝတ်အထည်များ ဝတ်ဆင်သင့်သည်။

ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်း ထိခိုက်စေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကို တပ်ဆင်သင့်သည်။

 မဖြစ်မနေအပြင်ထွက်ရသည့်အခါ ခရမ်းလွန်ရောင်ခြည်ဒဏ်သက်သာစေရန်     ထီး၊  ဦးထုပ်တို့ ဆောင်းသင့်သည်။ 

အဝတ်ကင်းလွတ်သော လက်၊ လည်ပင်း၊ ပခုံး စသည့်နေရာများကို    သနပ်ခါးထူထူ    သို့မဟုတ်  SPF 15 + ပါဝင်သော     နေရောင်ကာခရင်မ်ကို နေရောင်ခြည်ထဲမထွက်မီ   ၁၅ မိနစ်ခန့် ကြိုပြီးလိမ်း သင့်သည်။

ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုပြုရန် လိုအပ်သည်။ 

အသက်တစ်နှစ်အောက်     ကလေးငယ်များကို အပြင်သို့မထွက်စေဘဲ အရိပ်ထဲတွင်သာထားသင့်သည်။

အထက်တွင် ဆိုထားသည့်အတိုင်း      ခရမ်းလွန်ရောင်ခြည်သည်  အရေပြား၏  အနက်ရှိုင်းဆုံးအထိ ထိုးဖောက်ဝင်ရောက်ပြီး      အရေပြားဆဲလ်များကို တိုက်ခိုက်စေနိုင်သည်။   ထို့ကြောင့်   မိမိတို့အသားအရေကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ရန် လိုအပ်သည်။ ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန် ဆေးဖက်ဝင် မြန်မာ့သနပ်ခါးကို လိမ်းခြယ်သင့်သည်။ သနပ်ခါးပင်သည် ရှောက်မျိုးရင်းဖြစ်၍ အသားအရေအတွက် လွန်စွာဆေးဖက်ဝင်သည်။  သနပ်ခါးသည် မြန်မာမိန်းကလေးများစွဲမြဲစွာသုံးစွဲကြသည့် အလှကုန်ပစ္စည်းဖြစ်သည်။

မာကျူရီကင်းသော မြန်မာ့သနပ်ခါး

အလှကုန်ပစ္စည်းဈေးကွက်တွင်  တားမြစ်ဓာတု ဆေးဝါးများဖြင့်ပြုပြင်ဖော်စပ်ထားသည့် သုံးစွဲသူများကို ဘေးဥပဒ်ဖြစ်စေသော  အသားဖြူခရင်မ်များကို လိမ်းမည့်အစား မြန်မာ့ရိုးရာသနပ်ခါးကို ကိုယ်တိုင်သွေးလိမ်းပြီး အလှဆင်သင့်သည်။ 

၂၀၁၀ ပြည့်နှစ်က ထိုင်းနိုင်ငံရှိ သုတေသီများက သနပ်ခါးအခေါက်တွင်ပါရှိသော ဓာတ်ပစ္စည်းများကို လေ့လာခဲ့ကြရာ သနပ်ခါးတွင် အင်တီအောက်ဆီးဒင့် ခေါ် ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုး ဆန့်ကျင်ပစ္စည်းတစ်မျိုး ပါရှိနေသည့်အပြင် အသားအရေရောင်ရမ်းခြင်းကို သက်သာစေသော  ဓာတ်ပစ္စည်းများ၊ ဗက်တီးရီးယားများကို သေစေနိုင်သော ဓာတ်များနှင့်   အရေပြားအရောင်ကို အပြောင်းအလဲဖြစ်စေသော  ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပေးနိုင်သည့် ဓာတ်ပစ္စည်းများ ပါရှိကြောင်း   လေ့လာတွေ့ရှိခဲ့ကြသည်။ သနပ်ခါးသည်  နေပူဒဏ်အပြင်  နေလောင်ခြင်းဖြစ်စေသည့် အဆင့်မြင့်ခရမ်းလွန်ရောင်ခြည်ကိုလည်း   ကာကွယ်နိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်ကြီးများကလည်း အကြံပြုထားသည်။

အလှကုန်ပစ္စည်းဈေးကွက်တွင် သဘာဝသနပ်ခါးစစ်စစ်များ ရှိသကဲ့သို့   လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်ရန်အတွက် ကြိတ်ပြီးသား အသင့်သုံးသနပ်ခါးများကို   တာရှည်ခံအောင်ပြုလုပ်၍    သနပ်ခါးအရည်၊

အနှစ်ဘူးများ၊  ပုလင်းများဖြင့်   အလွယ်တကူဝယ်ယူရရှိနိုင်ရန် ထုတ်လုပ်ထားသည်။ ယင်းအသင့်သုံး သနပ်ခါးဘူးနှင့် ပုလင်းများတွင်  တာရှည်ခံစေရန်နှင့်  တခြားအမွှေးရနံ့များ ပါဝင်နေ၍  တချို့အသားအရေများနှင့်   ဓာတ်မတည့်မှုဖြစ်စေနိုင်သည်။    သို့သော် ခေတ်မီနည်းပညာများ  တိုးတက် လာသည်နှင့်အမျှ ဈေးကွက်ထဲ၌ အသင့်အသုံးပြုနိုင်သည့်   စံနှုန်းပြည့်အသိအမှတ်ပြု သနပ်ခါးဘူး၊     ပုလင်းများရှိကြရာ   မိမိအသားအရေနှင့်ဓာတ်တည့်သော   သနပ်ခါးဘူးများ ရွေးချယ်အသုံးပြုရန် လိုအပ်သည်။

သနပ်ခါးတုံးရွေးချယ်နည်း

သနပ်ခါးပင်တစ်ပင်၏ တန်ဖိုးသည် ယင်းအပင်၏ အခေါက်၊ အပွေးတို့ဖြစ်သည်။ ထို့ကြောင့်  အပွေးမြင်အပင်သိဟူသော ဆိုရိုးစကားရှိသည်။ အပင်မည်မျှ ရှည်စေကာမူ အပွေးမကောင်းပါက ရနံ့မမွှေးသကဲ့သို့ တာရှည်လည်း အသွေးမခံပေ။ ထို့ကြောင့် အရွေးမမှားစေရန် အရည်အသွေးကောင်းမွန်သော သနပ်ခါးတုံး ရွေးချယ်နည်းများကို  အောက်ပါအတိုင်းအကြံပြုလိုပါသည်။

ပြည်တွင်း၌ သနပ်ခါးကို  စစ်ကိုင်းတိုင်းဒေသကြီး အရာတော်၊  မုံရွာ၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက် စသည့်မြို့နယ်များ၌  အများဆုံး စိုက်ပျိုးကြသည်။ ယင်းတို့အနက် ရေစကြိုမြို့နယ်မှ   ရှင်မတောင်သနပ်ခါးသည်  ထိုဒေသ၏ ရေမြေသဘာဝထူးခြားချက်များကြောင့်   တခြားနယ်များမှ ထွက်ရှိသည့်သနပ်ခါးများထက် ပိုကောင်းသည်။

အပင်တုတ်ခြင်း၊ မတုတ်ခြင်းထက် အပွေးအရောင်အသွေးနှင့် အထူကိုကြည့်ရသည်။ သနပ်ခါးအပွေးမှာ ကြေးနီရောင်အပွေး၊  ဥသျှစ်ပွေး၊ ဂုံပွေးဟူ၍ သုံးမျိုး ရှိသည်။   ယင်းတို့အနက်    ကြေးနီရောင်အပွေးမှာ လက်ချောင်းကလေးများကဲ့သို့ အခေါက်များ အမြှောင်းလိုက်ကြွနေကာ အပွေးမာကျောပြီး ပထမတန်းစား အပွေးဖြစ်သည်။ တစ်ခါတစ်ရံ ပုစွန်ဆီရောင်ရှိသော အပွေးကိုလည်းတွေ့ရသည်။ ဥသျှစ်မှည့်ခြောက်ရောင် အပွေးခေါက်မှာ ပြားကပ်ပြီး အပွေးအသင့်အတင့်ထူ၍ ဂုံပွေးမှာ  အဖြူရောင်အခေါက်ပါး၊   အပွေးလည်းပါးပြီး ပွရောင်းသောအညံ့စားသနပ်ခါးဖြစ်သည်။

သနပ်ခါးတုံးတစ်တုံး၏အပွေးကို လက်သည်းဖြင့် အသာဖိဆိတ်ကြည့်ပါ နစ်ဝင်သွားပါက အခေါက်သားနု၍ မဝယ်သင့်ပေ။

လက်ဖြင့်ကိုင်ဆကြည့်ပါက   ပေါ့လွန်းနေလျှင် ယင်းသနပ်ခါးအတုံးသည် အသားကျစ်လျစ်မှု နည်းခြင်း၊ ခုတ်ဖြတ်ထားသည့် အချိန်ကာလကြာနေခြင်းတို့ကြောင့် အတွင်းမှ  ရေဓာတ်ခန်းသွားပြီဖြစ်၍  အလေးချိန်ပေါ့နေခြင်း ဖြစ်သည်။  သက်တမ်းရင့်အပင်သည် အသားကျစ်လျစ်မှုကြောင့်     ရေငွေ့ပြန်နှုန်းနှေးကာ တခြားအပင်များထက် ပိုမိုလေးသည်။

ဖြတ်ထားခါစ သနပ်ခါးတုံး၏ အတွင်းသားမှာ အနံ့သင်းသည်။ ချဉ်စူးစူးအနံ့ရနေလျှင် မှိုစွဲနေသည့် သနပ်ခါးတုံးဖြစ်သည်။

သနပ်ခါးတုံး၏ထိပ်ဝရှိ အခေါက်နှင့်အတုံးသားကြားတွင် ပြာမှိုင်းမှိုင်းအရောင်တွေ့ရပါက မှိုတက်နေသည့်လက္ခဏာဖြစ်သည်။ 

တချို့သော  စီးပွားဖြစ်သနပ်ခါးရောင်းသူများသည် အပွေးမလှသော သနပ်ခါးတုံးအစစ်ကို ရှားစေး၊ မြေနီ၊ ထမင်းရည်စသည်တို့ဖြင့်ရောစပ်ပြီး သွားပွတ်တံနှင့် သနပ်ခါးအခေါက်ကြား သုတ်လိမ်း၍ အရောင်တင်ကာ ရောင်းတတ်ကြ၍ ဂရုပြုဝယ်ယူသင့်သည်။

အချုပ်အားဖြင့်ဆိုရသော် သနပ်ခါးနှင့်ဓာတ်မတည့်သူ  မရှိသလောက်ရှားသည်။  ထို့ကြောင့်  မြန်မာ့သနပ်ခါးသည် ထိုင်းအလှကုန်ဈေးကွက်မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ရန် အရှိန်ယူနေပြီဖြစ်ရာ မကြာမီကာလအတွင်း ကမ္ဘာမှာကျော်ကြား မြန်မာ့သနပ်ခါး ဖြစ်လာတော့မည် ဖြစ်သည်။

မြန်မာ့သနပ်ခါးသည်     အသားအရေလှပခြင်းအတွက်သာမက ကိုယ်တွင်းကိုယ်ပရောဂါဘယများ အတွက်ကိုလည်း ဘေးထွက်ဆိုးကျိုးလုံးဝမရှိ ဆေးဖက်ဝင်လှပေသည်။  သို့ပါ၍ ယခုကဲ့သို့ အပူချိန်မြင့်တက် နေသည့်ကာလအတွင်း     ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန် ညအိပ်ရာဝင်ခါနီးတိုင်း သနပ်ခါးသွေးလိမ်း သင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

Source-Myawady Webportal

ပေါက်ပေါက်
ခရမ်းလွန်ရောင်ခြည်မှကာကွယ်ပေးနိုင်သည့် ဆေးဖက်ဝင်မြန်မာ့သနပ်ခါး

မြန်မာနိုင်ငံ၏ ယခုနှစ်နွေရာသီကာလတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့်  အပူချိန်မြင့်တက်လျက်ရှိသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ထူးခြားသည့် နေ့အပူချိန်များမှာ  ချောက်မြို့၌     ၄၆   ဒီဂရီဆဲလ်စီးယက်၊  မြင်းခြံမြို့၊  ညောင်ဦးမြို့၊  မင်းဘူးမြို့၊   မကွေးမြို့နှင့် တောင်တွင်းကြီးမြို့တို့၌    ၄၄ ဒီဂရီဆဲလ်စီးယက်၊  စစ်ကိုင်းမြို့၊  မြင်းမူမြို့၊   တံတားဦး (လေကြောင်းမိုးလေဝသ)၊   ဂန့်ဂေါမြို့နှင့်   ဆင်ဖြူကျွန်းမြို့တို့

ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် တို့ဘိုးဘွားအမွေအနှစ်တွေကို ချစ်မြတ်နိုးကြပါစို့
-

“တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ” နိုင်ငံတော်သီချင်းပါစာသားက မျိုးဆက်သစ်လူငယ်တွေ အတွက် သတိပြုစရာဖြစ်ပါတယ်။   ဘိုးဘွားတွေအမွေပေးခဲ့လို့ မြန်မာနိုင်ငံဆိုတဲ့ အသိုင်းအဝိုင်းကြီး တစ်ခု မပျက်မစီးဘဲတည်ရှိနေခြင်းကို ဆက်လက်ထိန်းသိမ်းရမှာ မျိုးဆက်သစ်တွေရဲ့တာဝန်ပါပဲ။  ထိန်းသိမ်းရမယ့် အမွေတွေထဲမှာ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်မှာ ဖန်တီးတည်ဆောက်ထားခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေလည်းပါဝင်ပါတယ်။

“တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ” နိုင်ငံတော်သီချင်းပါစာသားက မျိုးဆက်သစ်လူငယ်တွေ အတွက် သတိပြုစရာဖြစ်ပါတယ်။   ဘိုးဘွားတွေအမွေပေးခဲ့လို့ မြန်မာနိုင်ငံဆိုတဲ့ အသိုင်းအဝိုင်းကြီး တစ်ခု မပျက်မစီးဘဲတည်ရှိနေခြင်းကို ဆက်လက်ထိန်းသိမ်းရမှာ မျိုးဆက်သစ်တွေရဲ့တာဝန်ပါပဲ။  ထိန်းသိမ်းရမယ့် အမွေတွေထဲမှာ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်မှာ ဖန်တီးတည်ဆောက်ထားခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေလည်းပါဝင်ပါတယ်။

မြန်မာနိုင်ငံဟာ သမိုင်းကြောင်းရှည်လျားခဲ့တဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရှေးဟောင်း အမွေအနှစ် တွေဟာဖော်ပြလို့ မကုန်နိုင်အောင် များပြားလှပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီး မှာ လူ့ယဉ်ကျေးမှုတွေထွန်းကားလာချိန်ကစလို့ နိုင်ငံနဲ့လူမျိုးအလိုက် သမိုင်းဆိုင်ရာ အမွေအနှစ်တွေ ပေါ်ထွန်းလာခဲ့ပါတယ်။

နိုင်ငံတိုင်းဟာ မိမိတို့ရဲ့ အမွေအနှစ်တွေကို အစဉ်တစိုက်ထိန်းသိမ်းခဲ့ကြရာမှာ သိပ္ပံနည်းကျ ရှေးဟောင်းသုတေသနပညာရပ်ထွန်းကားလာချိန်ဖြစ်လို့ နိုင်ငံအသီးသီးရှိအမွေအနှစ်တွေကို မြေပေါ်မြေအောက် ရှာဖွေဖော်ထုတ်ပြီး ပိုမိုထိန်းသိမ်း လာနိုင်ခဲ့ကြပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဩဂုတ်လ ၂၃ ရက်နေ့မှာ တောင်ငူမြို့ ကေတုမတီမြို့ဟောင်းမြို့ရိုးနဲ့ပတ်သက်လို့  တူးဖော် သုတေသန ပြုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဩဂုတ်လ ၂၅ ရက်နေ့မှာ မန္တလေးမြို့ရှိ  ရှေးဟောင်း သမိုင်းဝင် သာသနိကယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းထားရှိမှုအခြေအနေများအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ မန္တလေးနန်းမြို့အနောက်ဘက်ရှိ မြို့ရိုးထိန်းသိမ်းထားမှုနှင့် စည်ရှည်တံတားအား ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတွေကို ကြည့်ရှုစစ်ဆေးခဲ့ပါ တယ်။  ဒါ့အပြင် မြနန်းစံကျော်ရွှေနန်းတော်ကြီးကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ဩဂုတ်လ ၃၀  ရက်မှာတော့ ပဲခူးမြို့ ကမ္ဘောဇသာဒီရွှေနန်းတော်သို့ရောက်ရှိပြီး ရွှေနန်းတော်အတွင်း  ယခင် မြေနန်းပြာသာဒ်ဆောင်နေရာမှ တူးဖော်ရရှိတဲ့ ကျွန်းတိုင်များပြသထားရှိမှု၊  နန်းတော်အတွင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် နန်းတော်အတွင်း   လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင်ဟံသာ၀တီနေပြည်တော် သာယာ၀တီတံခါးအနီးရှိ ဟံသာ၀တီမြို့ဟောင်း၊ ကျုံးနှင့်မြို့ရိုးနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒါတွေကတော့  နိုင်ငံတော် အကြီးအကဲကိုယ်တိုင် ရှေးဟောင်း အမွေအနှစ်ဆိုင်ရာနေရာတွေကို သွားရောက် ကြည့်ရှုစစ် ဆေး၊ ထိန်းသိမ်းရေး ဆောင်ရွက်စေခဲ့တဲ့ ခရီးစဉ်များဖြစ်ပါတယ်။ အဲဒီခရီးစဉ်များမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး " ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဆင့်ဆင့် အသေးစိတ်ပြင် ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေဝပ်ဧရိယာများ မရှိစေရေး ဆောင်ရွက်ရန်နှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများကို  ဆောင်ရွက်သွားရန်လိုကြောင်း၊  နန်းတော်ကြီး ရေရှည်တည်တံ့ နေစေရေး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးခေတ် အသုံးအဆောင် ပစ္စည်းများအား ပျက်စီးမှုမရှိစေရေး ထိန်းသိမ်းပြသထားရန်လိုကြောင်း၊ ရှေးဟောင်း အမွေအနှစ် လက်ရာများဖြစ်သည့်အတွက် အထူးဂရုပြု ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုကြောင်း၊ သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့ရိုးနှင့်ပတ်သက်၍ တူးဖော်သုတေသနပြု လုပ်ငန်းများ ဆောင်ရွက် ရာတွင်  ကျွမ်းကျင်သူများဖြင့် စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊   မြို့ရိုးများ၊ မြို့ရိုးဝင်ပေါက်များနှင့်  တံတားများကို ပြန်လည်ပြုပြင် ထိန်းသိမ်းတည်ဆောက်မှုများ ပြုလုပ်ရာတွင် ဖြစ်နိုင်ဖွယ်ရာ အချက် အလက်များနှင့်အညီ ဆောင်ရွက်သွားရန် လိုကြောင်း" လမ်းညွှန်မှာကြားခဲ့ပါတယ်။ ရှေးဟောင်း အမွေအနှစ်ဆိုတာ တန်ဖိုးဖြတ်လို့မရနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။

ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများမှာ ဒြပ်ရှိနဲ့ဒြပ်မဲ့လို့နှစ်မျိုးရှိရာမှာ ဒြပ်ရှိယဉ်ကျေးမှုပစ္စည်းတွေဟာ  အိုးခြမ်းကွဲမှသည် အဆောက်အအုံများအထိ ကိုင်တွယ်ထိတွေ့နိုင်တဲ့ ရုပ်ဝတ္ထုတွေဖြစ်ပါတယ်။ ဒြပ်မဲ့ ယဉ်ကျေးမှု ပစ္စည်းတွေက ဘာသာစကား၊ အနုပညာ၊ ရိုးရာထုံးတမ်းစတဲ့ ကိုင်တွယ်ထိတွေ့ မရနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပျူခေတ်ကာလမှစတင်လို့  မြန်မာနိုင်ငံ နေရာဒေသ အသီးသီးမှာ   မြို့ပြအိမ်ရာများကို တည်ထောင်ခဲ့ကြပါတယ်။ အဲဒီရှေးဟောင်းမြို့ပြများအနက် အချို့မှာ ယနေ့တိုင် ကျန်ရှိနေသလို အချို့မှာလည်း ပျောက်ကွယ်ခဲ့ပြီဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ မြို့ပြတွေကို ထိန်းသိမ်း နေသလို ပျောက်ကွယ်နေတဲ့ မြို့ပြတွေကိုလည်း ပြန်လည်ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ရှေးခေတ် အဆက်ဆက်က မြန်မာကြီး  များတည်ထောင်ခဲ့တဲ့ အမွေအနှစ်တွေကို လက်ရှိမြန်မာတွေက ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ ဒါဟာသမိုင်းပေး တာဝန်တစ်ခုပါပဲ။ အမျိုးဂုဏ် ဇာတိ ဂုဏ်မြင့်မားရေးနဲ့ ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုတာ ခေတ်အဆက်ဆက် မျိုးဆက်တွေ မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်ဖြစ်ပါတယ်။ ဒါမှသာ မျိုးချစ်စိတ်ဓာတ် အမြဲရှင်သန်ထက်မြက်နေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်း ရေစီးကြောင်းမှာ နိုင်ငံတော်ကြီး သုံးရပ်ပေါ်ထွန်းခဲ့တာကို မြန်မာတိုင်း ဂုဏ်ယူကြရမှာ ဖြစ်ပါတယ်။

အနော်ရထာမင်းကြီးရဲ့ ပထမမြန်မာနိုင်ငံတော်၊ ဘုရင့်နောင်မင်းတရားကြီးရဲ့ ဒုတိယမြန်မာနိုင်ငံတော်နဲ့ အလောင်းမင်းတရား ဦးအောင်ဇေယျရဲ့ တတိယ မြန်မာနိုင်ငံတော်တို့ဟာ ထင်ရှားတဲ့သမိုင်း       မော်ကွန်းတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မင်းမြတ်သုံးပါးနန်းစိုက်ခဲ့တဲ့ နန်းတော်ရာတွေကို ရှာဖွေဖော် ထုတ်ပြီး ပညာရှင်များရဲ့အကူအညီနဲ့ ပုဂံ၊ ရွှေဘိုနဲ့ဟံသာ၀တီတို့မှာ မူလနန်းတော်ကြီးတွေလို နန်းတော် တွေ ပြန်လည်တည်ဆောက် ပေးထားပါတယ်။ ဒါ့အပြင် ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ ရတနာ ပုံမြို့တည် နန်းတည် မင်းတုန်းမင်းတရားကြီးရဲ့ မြနန်းစံကျော် ရွှေနန်းတော်ကြီးကိုလည်း ပြန်လည် တည်ဆောက် ပေးထားပါတယ်။ ဒါဟာဘိုးဘွားတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို သားစဉ် မြေးဆက်က ထိန်းသိမ်းစောင့်ရှောက်ခြင်းပဲ ဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှုမရှိရင် တစ်စတစ်စနဲ့ ပျက်စီးယိုယွင်းသွားမှာဖြစ်လို့ နောင်လာမယ့်မျိုးဆက်တွေ ကောင်းမွန်တဲ့ အမွေမကျန်ခဲ့ဘူးဆိုရင် လက်ရှိမျိုးဆက်တွေ တာဝန်မကျေရာ ရောက်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မျိုးဆက်တွေက ရှေးဟောင်း အမွေအနှစ်တွေ ဖော်ထုတ်ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။ ဒါတွေဟာနောင်လာမယ့် မျိုးဆက်သစ် တွေကိုရည်ရွယ်ပြီး ဖော်ထုတ်ထိန်းသိမ်း နေခြင်းလည်းဖြစ်လို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန် ဝတ္တရားလို့ ဆိုနိုင်ပါတယ်။

မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ဖော်ထုတ်နိုင်တာကြောင့် ယူနက်စကိုကနေ ကမ္ဘာ့ အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့ အခြေအနေအထိ ရောက်နေတာ ဖြစ်ပါတယ်။

ပထမမြန်မာ နိုင်ငံတော်ပုဂံခေတ်မှာ တည်ဆောက်ခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေဟာလည်း အလွန်ပဲ များပြားလှသလို လက်ရာတွေကလည်း ဆန်းပြားတာမို့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဟာ မြန်မာတွေအတွက်တော့ တကယ့်ကို ဂုဏ်ယူစရာ ကောင်းလှပါတယ်။ မြန်မာနိုင်ငံရောက်ရှိပါလျက်   ပုဂံကိုမရောက်ခဲ့ရင် မြန်မာနိုင်ငံကို မရောက်သေးဘူးလို့ နိုင်ငံခြားသားတွေ ပြောကြပါတယ်။ ဒါဟာ ပုဂံရဲ့ အံ့ဖွယ်ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ရဲ့ တန်ဖိုးကို ဖော်ပြတာပါပဲ။

“ပုဂံကိုသိချင်လျှင် တစ်ခေါက်နှင့်လည်းမပြီးနိုင်၊ နှစ်ခေါက်နှင့်လည်းမပြီးနိုင်။ အခေါက်ခေါက်အခါခါ သွားရင်တောင်မှ လေ့လာစရာ မကုန်နိုင်အောင်ပါပဲ။  ကျွန်တော်တို့၏ ဘိုးဘွားများသည် တစ်ခါတစ် ခေတ်ကသော် နိုင်ငံထူထောင်ရေး၌ အလွန်စိတ်ထက်သန်ခဲ့ကြပါပေသည်။ သာသနာတော် ထွန်းကား ပြန့်ပွားရေးအတွက်လည်း အလွန်စိတ်ထက်သန်ခဲ့ကြပါပေသည်။ ဒါ့ကြောင့် နောင်လာနောက်သားတို့ အတွက် အလွန်အလုပ်လုပ်ခဲ့ကြပါပေသည်။  ကျောက်အုတ် ၊မြေအုတ်တို့ ဖြင့်ပြီးသော အထုကြီး၊ အထည်ကြီးတို့ကို ကိုင်တတ်ကြပါပေသည်။ ကျွန်တော်သည် ဤသို့ မြည်တမ်းလျက်သာ သာဓု ခေါ်၍ပုဂံမြို့ဟောင်းမှ ခွာခဲ့သည်”ဟုဆရာဇော်ဂျီက  “ပုဂံမြို့ဟောင်းနှင့် ကျွန်တော်” ဆောင်းပါးတွင် ရေးသားထားပါတယ်။

ပုဂံမြို့ဟောင်းမှာ ကြည်ညိုစရာ၊ ကြည်နူးစရာများ ပေါလှပါတယ်။ ကြည်ညိုစရာဆိုသည်မှာ သပ္ပါယ် လှသော ရှေးဟောင်းဘုရားစေတီများဖြစ်ပြီး ကြည်နူးစရာဆိုသည်မှာ နိုင်ငံသစ်တည်ခဲ့သော ရှေးခေတ် ပုဂံသားတို့ဖြစ်ပါတယ်။ ကြည်ညိုစရာကိုဖူး၍ ကြည်နူးစရာကိုတွေ့ရသည်မှာ ဖူး၍တွေး၍ ကုန်နိုင်တော့ မည်မဟုတ်ပေ။   

ယဉ်ကျေးမှုအစစ်မှာ လူ့အနှစ်အမြုတေရတနာပင်ဖြစ်ပါတယ်။   ပထဝီအနေအထား၊   လူနေမှုစနစ်၊    ဓလေ့ထုံးစံ၊ဆင်ယင်ထုံးဖွဲ့မှု၊ ပန်းချီ၊ ပန်းပု၊ အဆို၊ အတီး၊ အက၊ အပြများ၊ ကိုးကွယ်သည့် ဘာသာ အယူဝါဒ၊ အရေးအသား၊ အတွေးအခေါ် စသည်တို့ကို မှီတွယ်၍ ယဉ်ကျေးမှု သဘောတရားများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ 

မြန်မာသက္ကရာဇ် ၈၇၂ ခု တန်ဆောင်မုန်းလပြည့် ဗုဒ္ဓဟူးနေ့(အေဒီ ၁၅၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက်)မှာ တောင်ငူဘုရင်မင်းကြီးညိုက ကေတုမတီ တောင်ငူနေပြည်တော်ကို ယနေ့တောင်ငူ မြို့နေရာတွင်တည်ထားခဲ့ပါတယ်။  မင်းကြီးညိုဟာ ရဟန်းပညာရှိ၊ လူပညာရှိများ အကြံပြုတဲ့အတိုင်း    မြို့တော်သစ်ကို ကေတုမတီလို့အမည်ခေါ်တွင်စေပါတယ်။ အခုဆိုရင် ကေတုမတီမြို့ရဲ့သက်တမ်းဟာ  နှစ်ပေါင်း  ၅၁၄  နှစ်ရှိပြီဖြစ်ပါတယ်။ ကေတုမတီမြို့ဟောင်းမှာ  ထင်ရှားတဲ့နေရာသုံးခုရှိပါတယ်။

ကေတုမတီမြို့ဟောင်းရဲ့ ထင်ရှားတဲ့နေရာတစ်ခုကတော့ ယိုးဒယားပေါက်ဖြစ်ပါတယ်။ တောင်ငူမြို့ရဲ့ အရှေ့မြောက်ထောင့်ရှိ ကျုံးပေါက်ဖြစ်ကာ ကျုံးရေကို စစ်တောင်းမြစ်သို့ ဖောက်ထုတ်တဲ့ နေရာဖြစ် ပါတယ်။ ယိုးဒယားပေါက်မှာ ၁၀၈ ပေရှည်လျား၍ ရန်ကုန်-မန္တလေးမော်တော်ကားလမ်းဟောင်းမှာ တည်ရှိပါတယ်။ အေဒီ ၁၈၆၄ ခုနှစ်မှာ ကျောက်ရင်းတံခါးကိုဖြိုဖျက်ပြီး   အင်္ဂလိပ်တို့တည်ဆောက်ခဲ့တဲ့   မြို့လေးခံတပ်ဟာလည်း ကေတုမတီမြို့ဟောင်းရဲ့ သမိုင်းဝင် အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။

မန္တလေးမှာပြန်လည် တည်ဆောက်မယ်ဆိုတဲ့ တံတားဟာ“စည်ရှည် တံခါးကို ဆက်သွယ်ထားတဲ့ ကျုံးကူးတံတား ဖြစ်ပါတယ်။ မန္တလေးရွှေမြို့တော် စတုရန်းပုံအုတ်မြို့ရိုးကြီးရဲ့ အလယ်မင်းလမ်း တံခါးနဲ့ ကျုံးကူးတံတားပါ။ အရှေ့ဘက်ဦးထိပ်တံခါးနဲ့ အနောက်ဘက်ကစည်ရှည်တံခါး၊ တောင်ဘက်က ကျော်မိုးတံခါးနဲ့ မြောက်ဘက်က လေးသိန်းတံခါးတွေဟာတစ်ဖြောင့်တည်းရှိနေတဲ့ ဓာတ်တံခါး၊ မင်းလမ်းတံခါးကြီးတွေ ဖြစ်ပါတယ်။  အဲဒီဓာတ်တံခါးလေးပေါက်တို့ရဲ့ တစ်ဖြောင့်တည်း ဖြတ်သွားတဲ့ နေရာကတော့ မြနန်းစံကျော် ရွှေနန်းတော်ကြီးပေါ်က ဘုရင်ကြီးရဲ့ အဆောင်တော် မှန်နန်းဆောင် ဖြစ်ပါတယ်။ သူ့ကိုအလယ်ဗဟိုနဲ့ချိန်မှတ်ဆွဲပြီး ရတနာပုံရွှေမြို့တော်ကြီးကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတံခါးတွေရဲ့  ပြအိုးပြာသာဒ်တွေမှာဓာတ်နံသင့် စည်တော်ကြီးတွေချိတ်ဆွဲထားပြီး နန်းတော်ကပဟိုရ်စည်သံအတိုင်း နောက်ဆက်တွဲတီးခတ်ရတဲ့ ဓာတ်တံခါးကြီးတွေဖြစ်ပါတယ်။

“ရွှေပဟိုရ်စည်သံများကိုလ   မကြားရတာကြာလေပြီ”တေးသီချင်းဟာဒီစည်သံတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါတွေဟာမြန်မာတို့ရဲ့ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းနဲ့ တင့်တင့်တယ်တယ် နေထိုင် ခဲ့ရတဲ့ အချုပ်အခြာအာဏာရဲ့သင်္ကေတ၊ အထိမ်းအမှတ်ဖြစ်ပါတယ်။  ရှေးဟောင်းအမွေ အနှစ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့အနေနဲ့ မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ တံတားနဲ့ ဆက်စပ်လျက်ရှိတဲ့ လမ်းတွေကိုလည်း စနစ်တကျ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲရဲ့  မန္တလေးရှိရှေးဟောင်းသမိုင်းဝင်  သာသနိက ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးတဲ့ခရီးစဉ်မှာ ရွှေနန်းတော်ကျောင်း (ရွှေကျောင်း)ကြီးကို လည်းရောက်ရှိခဲ့ပါတယ်။ ကျောင်းတော်ကြီး အတွင်းအပြင်မှာတော့ မြန်မာမှု သစ်သား ပန်းပုအခြေခံ ခြူးပန်းခြူးနွယ် အပြောက်အမွမ်းတွေ၊ ရုပ်လုံးရုပ်ကြွတွေ၊ ကျေးငှက် တိရစ္ဆာန်ရုပ်တွေ၊ နံရံကပ်ရုပ်ကြွတွေ၊ အတွင်းမာရဘင်  အရှေ့ပိုင်း   ကွန်းစင်တိုင် အခြေမှာ ထုဆစ်ပူဇော် ထားတဲ့ ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇာတ်၊ ဥတေန ဇာတ်တော်တွေကို အနုစိတ် ထုဆစ်ပူဇော်ထားပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ် လက်ရာတွေပဲ ဖြစ်ပါတယ်။  တစ်ခေတ်တစ်ခါက ရွှေကျောင်းတော်ကြီး မည်မျှကြီးကျယ် ခမ်းနားဂုဏ်မြင့်မား ကြောင်း ကို  ဖွဲ့ဆိုထားတဲ့ မဟာဂီတကြိုး သီချင်းတစ်ပုဒ်ရှိ ပါတယ်။

ကျောင်းတော်ကြီးကြိုးလို့ ခေါ်ပါတယ်။ (ဝေဇယန်နှင့် နှုန်းငြား၊ မထူးခြား)၊ (ရွှေကျောင်းတော်ကြီး ဘုံဆောင်၊ ကျူးတည့် ကျူးလွန်အောင်)၊ (ဆောင်တကာလေဆန်း၊ ထွေတလာလေပန်း)၊  (နေအရောင် လိုပင်၊ လအရောင်လိုပင်)၊  (စိမ်းရရိမ်း၊ နီရရီ၊ ပြာရရာ၊ ဝါအဝါ၊ ရွှေအရွှေ၊ ရွှေတည့်ရွှေအရွှေ)၊ (သယ်လေ-ကျောင်းတော်၊  ကျောင်းတော်၊ ကြူးကျော်ယဉ်လေဟန်)၊   (ဖန်မှန်ရှိန်၊  မြနှယ်စိန်၊ နေခြည်ရောင်လင်း သောခါ၊ ဘယ်သူပင် ရှုဝံ့ဘူး) (မြင့်လှ ဖြူးဖြူး၊ တိမ်ဆီ အံ့ဩ ဩမည်၊ အံ့ဩမည်)၊ သံသရာလေဝဋ်နှင့်၊ ကင်းအောင်ရှင်းအောင်၊ သံသရာလေဝဋ်နှင့်၊ (ကင်းကြောင်း ရှင်းကြောင်း)၊ ချမ်းမြမြကြည်စွာ၊  သာယာ ရွှင်ပြုံး၊ တေဇာ တုန်ရိုက်ချုန်းပါလို့၊ မိုးလုံးတိမ်တိုက် ဖြာလေတည့်မှ မိုးလုံးတိမ်တိုက်ဖြာ။ သီချင်းမှာပါတဲ့   “သယ်လေ”ဆိုတဲ့စကားရပ်က (အာမေဍိတ်စကား) အံ့မခန်းဖွယ်လို့ဆိုလိုတာပါ။ ဂီတလိုက်စားသူ တိုင်းနှစ်ခြိုက် သဘောကျတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ရွှေကျောင်းတော်ကြီးနဲ့တိုက်ရိုက် သက်ဆိုင်လို့   ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ခေတ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်မှာ တည်ထားပူဇော်အောင်မြင်ခဲ့တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍  ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံ စေတီတော်များအား  ရွှေထီးတော်တင်လှူပူဇော်ခြင်းနဲ့ ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော် မဟာ မင်္ဂလာအခမ်းအနားများကို ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ  ၁ ရက်) နံနက် ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကြည်နူးဖွယ်မြင်ကွင်းလိုပါပဲ။ သူ့ခေတ် သူ့အခါက မင်းနဲ့ပြည်သူတို့ရဲ့ ခမ်းနားသိုက်မြိုက်စွာ ကုသိုလ်ယူဒါနပွဲတော်၊ ရွှေကျောင်းတော်ကြီး အကြောင်းဖြစ်ပါတယ်။ ၁၈၅၇ ခုနှစ်က တည်းက တည်ဆောက်ခဲ့တဲ့ ရွှေကျောင်းတော်ကြီးဟာ အခုဆိုရင် သက်တမ်း ၁၆၇  နှစ်ရှိပြီဖြစ် ပါတယ်။

ကမ္ဘောဇသာဒီနန်းတော်နဲ့ ပတ်သက်လို့ ဘုရင့်နောင်မင်းတရားသည်သက္ကရာဇ် ၉၂၈ ခုနှစ်၊ တန်ဆောင် မုန်းလဆန်း ၁၀ ရက်မှစ၍ မြို့သစ်ကိုတည်ခဲ့ကြောင်း ဦးကုလား မဟာရာဇဝင်က ပြဆိုပါတယ်။  နန်းမြို့သစ်ကို တည်ခဲ့စဉ်က အရှေ့ဘက်မှ တောင်ဘက်ကိုတူး၍ အနောက်ဘက်တွင်ဖို့ခဲ့ရကာ   မြို့တည်ထောင်ချိန်မှာ ငါးနှစ်ကြာမြင့်ခဲ့ပါတယ်။ ဘုရင့်နောင်မင်းတရားသည်သက္ကရာဇ် ၉၂၉ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်တွင်နန်းတက်ခဲ့ကြောင်း၊ မြို့ကို ကမ္ဘောဇသာဒီဟုမှည့်ကြောင်း တွင်းသင်း မဟာ ရာဇဝင်သစ်တွင်  ဖော်ပြထားပါတယ်။ အခုဆိုရင် ကမ္ဘောဇသာဒီ နန်းတော်ဟာ  သက်တမ်းအားဖြင့်  ၄၅၈ နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။

ရှေးဟောင်း အဆောက်အအုံဆိုသည်မှာ “မြေပေါ်တွင်ဖြစ်စေ၊ မြေအောက်တွင်ဖြစ်စေ၊ ရေပေါ် တွင်ဖြစ်စေ၊ ရေအောက်တွင်ဖြစ်စေ နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိသည့် ကျောက်ဖြစ် ရုပ်ကြွင်းများတွေ့ရှိရာ ဘူမိသဘာ၀ပတ်ဝန်းကျင်နေရာများအပါအဝင် လူသားတို့နေထိုင်ပြုလုပ်သုံးစွဲ   တည်ဆောက်ခဲ့သည့် အဆောက်အအုံများ” ကို ဆိုသည်လို့ ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေးဥပဒေနှင့် နည်းဥပဒေများစာအုပ်တွင် အမည်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်တဲ့နေရာမှာ စေတီ၊ ပုထိုး၊ ဂူဘုရား၊ ဘုန်းတော်ကြီးကျောင်း၊ အုတ်ကျောင်း၊ ဇရပ်၊ သိမ်အပါအဝင် သာသနိကဆိုင်ရာ အဆောက်အအုံများ၊ ယုံကြည်ကိုးကွယ်မှု ဆိုင်ရာ အဆောက်အအုံများ၊ အုတ်ကုန်းများ၊ ပြိုကျပျက်စီးသွားပြီဖြစ်သည့် အပျက်အစီးများ၊ ရှေးမြို့ ဟောင်း၊ နန်းတော်၊ မြို့ရိုး၊ ကျုံး၊ မြေကတုတ်၊ တံခါး၊ မုခ်၀၊  မြို့ဝင်ပေါက်၊ ခံတပ်များ၊ လူနေ အဆောက်အအုံများ၊   လူနေရာဌာန၊ ဥယျာဉ်၊   အလုပ်လုပ်ရာဌာနနှင့် ရှေးဟောင်းလူများနေထိုင်ခဲ့သည့်  ကုန်းဟောင်းများ၊ ယင်းတို့၏ အကြွင်းအကျန်များ ပါဝင်ပါတယ်။ ဒါ့ပြင်သဘာ၀ အလျောက် တည်ရှိ သည့် သို့မဟုတ် လူတို့ဖန်တီးသည့်  ခိုအောင်းနေထိုင်ခဲ့သော ဂူ၊ သဘာ၀လိုဏ်ဂူ၊ ရှေးဟောင်း ကျောက်ဂူ၊ အခြားနေထိုင်ရာနေရာနှင့် ရှေးဟောင်းလူများ သွားလာနေထိုင်ခဲ့သည့် ကုန်း၊ ရိုး၊  ချိုင့်၊ ကျင်း၊ လျှိုမြောင်၊ မြစ်ကမ်းဆင့်နှင့်ပရိုင်းမိတ်များ၊ အခြားကျောက်ဖြစ် ရုပ်ကြွင်းများ တွေ့ရှိရာနေရာများ အပါအဝင် ဘူမိသဘာ၀ ပတ်ဝန်းကျင်နေရာများလည်း ပါဝင်ပါတယ်။

ဒါတွေဟာ ကျွန်တော်တို့မြန်မာတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေဖြစ်လို့ မျိုးဆက်သစ် အဆက်ဆက်၊ ခေတ်အဆက်ဆက်မှာ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရမှာဖြစ်ပါတယ်။ မြန်မာ တို့ဟာ ရှေးနှစ်ပေါင်းထောင်ချီတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့လို့ ယနေ့တိုင် မြင်တွေ့နေရခြင်း ဖြစ်ပါတယ်။ မျိုးချစ်စိတ်ဓာတ်မြင့်မားရေး၊ နိုင်ငံတော်တည်တံ့ ခိုင်မြဲရေး တွေကို ဘိုးဘွားတွေကဆောင်ရွက်ခဲ့သလို မျိုးဆက်သစ်တွေကလည်း  ဆက်လက်ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ယနေ့ထက် တိုင်အောင် အဓွန့်ရှည်   တည်တံ့ခိုင်မြဲနေစေတဲ့ အချက်တွေမှာ မြန်မာတို့ဟာ ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်နေခြင်းဟာလည်း တစ်ချက် အပါအဝင် ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို   ထိန်းသိမ်း စောင့်ရှောက်ခြင်း ဆိုတာကိုလည်း ထည့်သွင်းပြဋ္ဌာန်းထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါတယ်။

လာမယ့်နောင်အနာဂတ် မျိုးဆက်သစ်ကလေးတွေဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရဲ့ အနှစ်သာရကို သိရှိပြီးတော့မှ သမိုင်းအမွေအနှစ်တွေ မပျောက်ပျက်အောင်၊ အမျိုးသားရေး ယဉ်ကျေးမှု လက္ခဏာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။   

ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ အခုလိုရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာတွေကို မပျောက်ပျက်၊ မပျက်စီးစေဖို့ အလေးအနက်ထား သွားရောက်ကာ လိုအပ်တာတွေလမ်းညွှန်ခြင်း၊ ဖြည့်ဆည်းပေးခြင်း တွေကို  ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။  အနှစ်ချုပ်ဆိုရသော် ယဉ်ကျေးမှုပျောက်ရင်  လူမျိုး ပျောက်မယ်ဆိုတဲ့ စကားအတိုင်း    မြန်မာတို့ရဲ့ အမျိုးဂုဏ်၊ဇာတိဂုဏ်နဲ့   အမျိုးသားယဉ်ကျေးမှု   စရိုက် လက္ခဏာများကို  ဖော်ညွှန်းပြသနေတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေမတိမ်ကော၊ မပပျောက် အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးရဲ့ တာဝန်ဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်။       ။

Source-www.moi.gov.mm

ဘုန်းမောင်ဝင်း(ဖျာပုံ)
ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် တို့ဘိုးဘွားအမွေအနှစ်တွေကို ချစ်မြတ်နိုးကြပါစို့

“တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ” နိုင်ငံတော်သီချင်းပါစာသားက မျိုးဆက်သစ်လူငယ်တွေ အတွက် သတိပြုစရာဖြစ်ပါတယ်။   ဘိုးဘွားတွေအမွေပေးခဲ့လို့ မြန်မာနိုင်ငံဆိုတဲ့ အသိုင်းအဝိုင်းကြီး တစ်ခု မပျက်မစီးဘဲတည်ရှိနေခြင်းကို ဆက်လက်ထိန်းသိမ်းရမှာ မျိုးဆက်သစ်တွေရဲ့တာဝန်ပါပဲ။  ထိန်းသိမ်းရမယ့် အမွေတွေထဲမှာ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်မှာ ဖန်တီးတည်ဆောက်ထားခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေလည်းပါဝင်ပါတယ်။

မြန်မာ့ပုလင်းပန်းချီအကြောင်းတစေ့တစောင်း
-

ပန်းချီပညာကိုလက်မှု အနုပညာတစ်မျိုးဟုပင် ဆိုရမည်ဖြစ်သည်။ ပန်းချီအနုပညာ လုပ်ငန်းတွင် ပုံစံအမျိုးမျိုးရှိသည်။ ခဲပန်းချီ၊ အရောင်အသွေးစုံသည့် ဆေးများဖြင့် ရေးဆွဲထားလျှင် ဆေးပန်းချီ၊ ယွန်းထည်ပစ္စည်းများ အပေါ်မှာ ရေးဆွဲထားသည်ကို ယွန်းပန်းချီဟုခေါ်ကြသည်။

ပန်းချီပညာကိုလက်မှု အနုပညာတစ်မျိုးဟုပင် ဆိုရမည်ဖြစ်သည်။ ပန်းချီအနုပညာ လုပ်ငန်းတွင် ပုံစံအမျိုးမျိုးရှိသည်။ ခဲပန်းချီ၊ အရောင်အသွေးစုံသည့် ဆေးများဖြင့် ရေးဆွဲထားလျှင် ဆေးပန်းချီ၊ ယွန်းထည်ပစ္စည်းများ အပေါ်မှာ ရေးဆွဲထားသည်ကို ယွန်းပန်းချီဟုခေါ်ကြသည်။

ထိုပန်းချီဆွဲပုံအမျိုးမျိုးအနက်မှ ကွဲထွက်လာသောပန်းချီအနုပညာ တစ်မျိုးလည်းရှိသည်။  ယင်းကား ပုလင်းပန်းချီဖြစ်ပြီး ပုလင်းပန်းချီသည်လည်း ဆေးရောင်စုံဖြင့် ရေးဆွဲသောပန်းချီဖြစ်သဖြင့် ဆေးပန်းချီပင် ဖြစ်သည်။ ပုလင်းပန်းချီကိုအဓိပ္ပာယ်ဖွင့်လျှင် ပုလင်းထဲမှာရေးဆွဲသောကြောင့် ပုလင်းပန်းချီဟုခေါ်ခြင်း ဖြစ်သည်။  ပန်းချီပညာဟူသည် သက်ရှိသက်မဲ့များကို ဆေးရောင်စုံဖြင့် စနစ်တကျ အသက်ဝင်အောင် ရေးဆွဲသော ပညာရပ်ဖြစ်သည်။

အခြားသော ပန်းချီဆွဲကားချပ်များပေါ်တွင် လည်းကောင်း၊ ပုလင်း၏ အပြင်ဘက်တွင်လည်းကောင်း ရေးဆွဲခြင်းသည် လွယ်ကူသော်လည်း ပုလင်းအတွင်းမှာ ပန်းချီရေးဆွဲခြင်းသည် မည်မျှခက်ခဲမည်ကို တွေးကြည့်ကသိနိုင်သည်။ ပုလင်းပန်းချီသည် ရှေးယခင်က စာရေးသူတို့နိုင်ငံမှာ မပေါ်ပေါက်သေးပါ။ ပုလင်းပန်းချီ စတင်ပေါ်ပေါက် လာသည်မှာမကြာသေးပါ။

ပုလင်းပန်းချီစတင်ပေါ်ပေါက်ချိန်က စာရေးသူတို့နိုင်ငံမှာ ရေးဆွဲသူတစ်ဦးတည်းရှိသည်ဟုသိရသည်။ ထိုပုဂ္ဂိုလ်မှာ"ပန်းချီဦးညိုလေး"ဖြစ်သည်။  ဇာတိက  ကျောက်ဆည်ခရိုင် မင်းစုရွာဖြစ်သည်။  ပုလင်းပန်းချီသည်  တရုတ်ပြည်က စသည်ဟုဆိုရပေမည်။ အကြောင်းမှာ ဆရာမစောမုံညင်း၏ဆောင်းပါးမှာ    ယခုလိုဖော်ပြ ထားသည်ကို တွေ့ရသည်။   ၁၉၅၈  ခုနှစ်က  တရုတ်ပြည်က အပြန်ပုလင်းပန်းချီနှစ်လုံးဝယ်ပြီး     တစ်လုံးကို ပန်းချီအောင်စိုးကို ပေးလိုက်သည်။

တစ်လုံးကိုမည်သူ့ကို ပေးလိုက်ကြောင်း မမှတ်မိဟုဆိုသည်။  အဆိုပါ ပုလင်းပန်းချီ အကြောင်းကို ၁၉၆၄ ခုနှစ်က ယဉ်ကျေးမှုစာစောင်မှာ "ပုလင်းပန်းချီ"   ခေါင်းစဉ်နှင့် ဆောင်းပါးရေးခဲ့သည်ဟု ဆိုသည်။

ယခင်ပုလင်းပန်းချီပညာရှင် ဦးညိုလေးက ဆရာမစောမုံညင်း၏ ပုလင်းပန်းချီဆောင်းပါးကို လေ့လာပြီး လေ့ကျင့်လိုက်တာ နောက်အနှစ် ၂၀လောက်ကြာတော့  ပုလင်းပန်းချီအောင်မြင်ကြောင်း စာပို့အကြောင်းကြားပြီး  ပုလင်းပန်းချီ သုံးလုံးကိုလည်း  လူကြုံနှင့်ပို့ပေးလိုက်သည်ဟု ဆောင်းပါးမှာ ဖော်ပြထားသည်။

ပုလင်းပန်းချီရေးခြင်းသည် အခြားသော ပန်းချီကားချပ်များနှင့်မတူပေ။ ထူးခြားချက်များရှိသည်။ ထိုထူးခြားချက်များမှာ-

(၁)ကျစ်လျစ်မှုရှိခြင်း၊

(၂)သယ်ယူသိမ်းဆည်းရာတွင်လွယ်ကူခြင်း၊

(၃)ဆေးရောင်မမှိန်ခြင်း၊

(၄)ဆီဆေးတစ်မျိုးတည်းသာအသုံးပြုရေးဆွဲရခြင်း၊

(၅)စွန့်ပစ်ပုလင်း သို့မဟုတ် ရေးဆွဲမည့်ပုလင်းသည် စျေးမများခြင်းတို့ဖြစ်သည်။

ထိုကဲ့သို့ အားသာချက်များရှိသလို  အားနည်းချက်တစ်ခုလည်းရှိသည်။ ဤကားအလွယ်တကူ ကျကွဲနိုင်ခြင်းပင် ဖြစ်သည်။  ပုလင်းပန်းချီများသည် အခြားသော ပန်းချီကားများကဲ့သို့ နေရာများများ မပေးရပေ။ အခြားပန်းချီကား များဆိုလျှင်  ပြင်ပလေနှင့်ထိတွေ့၍ အရောင်မှိန်သည့်သဘောရှိသည်။ ပုလင်းပန်းချီသည် ပုလင်းအတွင်းမှာ ရှိသည့်အတွက် အရောင်မှိန်ခြင်း မရှိပေ။

ပုလင်းပန်းချီရေးဆွဲရာတွင် ပုလင်း၏အတွင်းဘက်သို့ စုတ်တံထည့်၍ ရေးဆွဲရသည်။ ထိုသို့ရေးဆွဲရာတွင် ကားချပ်ပေါ်မှာ ရေးဆွဲသကဲ့သို့ မျက်နှာချင်းဆိုင်ရေးဆွဲခြင်းမျိုး မဟုတ်ပေ။ ထို့ပြင်စုတ်တံကို  မူလအတိုင်းဆေးတို့၍ ရေးဆွဲခြင်းလည်း မဟုတ်ပါ။  ပုလင်းအတွင်းရေးဆွဲရာတွင် ပုလင်းအပြင်က ကြည့်လျှင် အတည့်မြင်စေရန် ပုလင်းအတွင်းမှာ ပြောင်းပြန်ရေးဆွဲရပြီး စုတ်တံကို အဖျားကောက်ရေးဆွဲရသည်ဟု စာရေးသူကြားဖူးသည်။  ပုလင်းပန်းချီအတွက်   ဆီဆေးတစ်မျိုးသာအသုံးပြုရသည်ဟုသိရသည်။ သင်္ဘောဆေးဖြင့် ရေးဆွဲပါက အပူရှိန်ပြင်းထန်လာလျှင်  ပုလင်းအတွင်းရှိလေသည် ပြင်ပလေထက်ပိုပူလာပြီး သင်္ဘောဆေးများ ကြွလာသည်ဟုဆိုသည်။ ပုလင်းပန်းချီအတွက် မြန်မာစုတ်တံကိုသာ အသုံးပြုကြသည်။  အဆိုပါစုတ်တံများကို  တည့်ကွေး၊ ယောင်ယောင်ကွေးစသည်ဖြင့် မိမိရေးဆွဲရန် အဆင်ပြေအောင် ကိုယ်တိုင် ဖန်တီးယူကြရသည်။ စုတ်တံအထူးအပါးအတွက်‌ကော်ဖတ်စားခြင်း၊ စုတ်တံထိပ်မွေးများကို မိမိအလိုရှိသည့် အနေအထားရရှိစေရန် မီးဖြင့်လိုအပ်သလိုတို့ ညှိပေးခြင်း၊ စုတ်တံထိပ်လုံးအောင်လည်း ပြုလုပ်ပေးရသည်။

ပုလင်းပန်းချီရေးဆွဲရန်အတွက် စွန့်ပစ်ပုလင်းများကို သန့်ရှင်းရေးပြုလုပ်၍ ပြန်လည်အသုံးပြုလေ့ရှိသည်။  ပုလင်းပန်းချီအတွက် ပုလင်းအကြီးကို အသုံးပြုမှုနည်းပြီး ပုလင်းအသေးများကိုသာ အသုံးပြုကြသည်။  

စာရေးသူတို့နိုင်ငံတွင်  ပုလင်းပန်းချီဆရာ ဦးညိုလေးနောက်တွင် ပုလင်းပန်းချီရေးဆွဲသူမှာ ပုလင်းပန်းချီ ဆရာယောနသံဟု သိရသည်။ 

ဆရာယောနသံ၏ လက်ဦးဆရာသည် ပန်းချီဦးညိုလေးဖြစ်သည်။ ဆရာယောနသံသည် ပုလင်းပန်းချီရေး ဆွဲနည်းကို ဆရာဦးညိုလေးထံမှ သင်ယူခဲ့သည်။ ဆရာယောနသံသည် ပုလင်းပန်းချီကို ၁၉၉၆ ခုနှစ်ခန့်က စတင်ရေးဆွဲခဲ့ပြီး ယင်းလက်ရာများမှာ  ညောင်ဦးမြို့တွင်ရှိသည်။ 

ထို့ကြောင့်ပုလင်းပန်းချီသည် ပန်းချီရေးဆွဲနည်းများစွာအနက် ရှားပါးသော ရေးဆွဲနည်းတစ်မျိုးပင် ဖြစ်သည်။ 

ပုလင်းပန်းချီသည် အဝကျဉ်းပုလင်းထဲသို့ စုတ်တံထည့်၍ အကွေး၊ အညွန့်၊ အနွဲ့၊ မျဉ်းကွေး၊မျဉ်းကောက်၊ မျဉ်းဖြောင့်၊  မျဉ်းယိုင်၊  မတ်မျဉ်းစသည်တို့ဖြင့် ရေးဆွဲရသဖြင့်  ခက်ခဲလွန်းလှသည်။  ပုလင်းပန်းချီရေးဆွဲရန်    အောက်လိုင်းရေးဆွဲခြင်းပင်တစ်ပတ်ခန့်ကြာသည်။ 

ဆေးကိုလည်း တစ်ရောင်ပြီးမှ တစ်ရောင်ခြယ်ရသည်။ အရောင်တစ်မျိုးစီကို သုံးထပ်ရောင်ပြန်ခြယ်ရသည်။ ပုလင်းအပြည့် နောက်ခံဆေးခြယ်မည်ဆိုလျှင် နောက်ခံရောင်ကို ဆေးတစ်ထပ်သာလိုက်သည်။ သို့သော်နောက်ခံ ဆေးအပြည့်ကို   လူကြိုက်နည်းသောကြောင့်ဖြစ်သည်။  

ထိုသို့လူကြိုက်နည်းရခြင်းမှာ  ပုလင်းအတွင်းဆေးများ ပြည့်နေပြီး ဆေးရောင်များဖြင့် ရှုပ်နေသောကြောင့် ဖြစ်သည်။ နောက်ခံဆေးမတင်ပါက မူလပုလင်းအကြည်ပေါ်တွင် ရေးဆွဲသဖြင့် ရေးဆွဲထားသောပုံကို ပိုပေါ်စေသည်။ ကြည့်ရသည်မှာလည်းရှင်းသည်။  ယခုအခါဆီဆေးအပြင် ရွှေမင်တွေကိုပါ သုံးလာကြသည်။

ပုလင်းပန်းချီပုံများကို အများအားဖြင့်မြန်မာ့ရိုးရာပုံများ၊ ရွှေစွန်ညိုပုံ၊ မြန်မာ့ယဉ်ကျေးမှုနှင့် သက်ဆိုင်သော ပုံများနှင့် လောကနတ်ပုံများကို ရေးဆွဲသလို ဘာသာယဉ်ကျေးမှုအတွက် ဆွမ်းခံထွက်နေသော ကိုရင်ပုံများနှင့်  ပျိုမေများရေခပ်ဆင်းရန် ရေအိုးရွက်လာသောပုံများကို ရေးဆွဲလေ့ရှိကြသည်။ ထို့ပြင် ဆင်ပုံ၊ မြင်းပုံ၊ ဘုန်းတော်ကြီးကျောင်းပုံ မင်းသားပုံများ၊  ပန်းပွင့်ပုံများ၊  ဝါးပင်နှင့် ပန်းနွယ်ပန်းခက်ပုံများကိုလည်း ရေးဆွဲလေ့ရှိကြသည်။  ပုလင်းပန်းချီတစ်လုံး၏ တန်ဖိုးက ကြီးလှသည်ဟု ဆိုသည်။ နိုင်ငံခြားသားများက စျေးကြီးပေးဝယ်ကြသည်ဟု သိရသည်။    ဇာတ်တော်တွေကိုလည်း မှီငြမ်းရေးဆွဲလေ့ရှိသည်။  ပဉ္စဝဂ္ဂီငါးဦးတရားနာယူနေပုံ၊ ရာမလေးတော်တင်ခန်းပုံစသည့် ပုံများကိုလည်း ရေးဆွဲလေ့ရှိကြကြောင်း   ရေးသားတင်ပြလိုက်ပါသည်။

Source-www.moi.gov.mm

ကိုကျော်စွာ(ကျိုက်ပီ)
မြန်မာ့ပုလင်းပန်းချီအကြောင်းတစေ့တစောင်း

ပန်းချီပညာကိုလက်မှု အနုပညာတစ်မျိုးဟုပင် ဆိုရမည်ဖြစ်သည်။ ပန်းချီအနုပညာ လုပ်ငန်းတွင် ပုံစံအမျိုးမျိုးရှိသည်။ ခဲပန်းချီ၊ အရောင်အသွေးစုံသည့် ဆေးများဖြင့် ရေးဆွဲထားလျှင် ဆေးပန်းချီ၊ ယွန်းထည်ပစ္စည်းများ အပေါ်မှာ ရေးဆွဲထားသည်ကို ယွန်းပန်းချီဟုခေါ်ကြသည်။

 ဂုဏ်ယူဖွယ်ရာ မြန်မာတို့၏ ရက်ကန်းလက်မှုအနုပညာ
-

ဤကမ္ဘာမြေပြင်ပေါ်တွင် လူသားမျိုးနွယ်တို့ ကာလကြာရှည်  ရှင်သန်နေထိုင်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအချက်များမှာ စားသောက်ရေး၊ ဝတ်ဆင်ရေးနှင့် လုံခြုံသော အမိုးအကာအောက်တွင် နေထိုင်နိုင်ရေးတို့ပင်ဖြစ်သည်။ ထိုအခြေခံအချက်များပြည့်စုံစေရန်  ကြိုးစားတီထွင်ကြရင်း လူသားမျိုးနွယ်စု ၏  ယဉ်ကျေးမှုများမှာ  တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်လာကြသည်။ ထို့အတူနိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုကို   လေ့လာကြမည် ဆိုပါလျှင်  ထိုအခြေခံလိုအပ်ချက်များကို ပိုမိုဖူလုံပြည့်စုံလာစေရန် အားထုတ် ကြိုးစားကြရင်း နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ပိုမိုမြင့်မားခို

ဤကမ္ဘာမြေပြင်ပေါ်တွင် လူသားမျိုးနွယ်တို့ ကာလကြာရှည်  ရှင်သန်နေထိုင်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအချက်များမှာ စားသောက်ရေး၊ ဝတ်ဆင်ရေးနှင့် လုံခြုံသော အမိုးအကာအောက်တွင် နေထိုင်နိုင်ရေးတို့ပင်ဖြစ်သည်။ ထိုအခြေခံအချက်များပြည့်စုံစေရန်  ကြိုးစားတီထွင်ကြရင်း လူသားမျိုးနွယ်စု ၏  ယဉ်ကျေးမှုများမှာ  တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်လာကြသည်။ ထို့အတူနိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုကို   လေ့လာကြမည် ဆိုပါလျှင်  ထိုအခြေခံလိုအပ်ချက်များကို ပိုမိုဖူလုံပြည့်စုံလာစေရန် အားထုတ် ကြိုးစားကြရင်း နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ပိုမိုမြင့်မားခိုင်မာလာသည်ကို တွေ့ကြရမည်ဖြစ်သည်။

လူသားအားလုံးအတွက်    အဝတ်အထည်သည်  အရေးကြီးသည်။  သမိုင်းမတင်မီခေတ်ကပင် လူသားတို့သည် ရာသီဥတုဒဏ်  အခြားအန္တရာယ်ရှိသော တိရစ္ဆာန်တို့၏ရန်မှ ကာကွယ်ရန်အပြင် အရှက်သိက္ခာအတွက် ကိုယ်ခန္ဓာ တွင် လုံခြုံစွာဖုံးအုပ်နိုင်ရန်အတွက် သားကောင်များမှရသော သားရေများအား ဝတ်ဆင်ခဲ့ကြရသည်။ ထိုမှတစ်ဆင့် သစ်ပင်လျှော်များ၊ ငှက်ပျောလျှော်များဖြင့် တီထွင်ဝတ်ဆင်ခဲ့ကြပြီး ချည်ထည်များ ရက်လုပ်နိုင်သည် အထိ    တိုးတက်ဖွံ့ဖြိုး လာခဲ့ကြသည်။  မြန်မာတို့သည်လည်း   ထိုနည်းတူပင်ဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်ခန့်က   မြန်မာနိုင်ငံတွင် ထွန်းကားခဲ့သော  ကြေးခေတ်-သံခေတ်ဒေသများ၌ တူးဖော်ရရှိခဲ့သည့် ကြေးထည်ပစ္စည်းများပေါ်တွင် ကပ်တင်ကျန်ရစ်သော အဝတ်စအရာ အထောက်အထားများကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်  ချည်ထည်ရက်လုပ်သည့် အတတ်ပညာသည်  လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ခန့်ကပင် ထွန်းကားနေပြီကို လေ့လာသိရှိနိုင်သည်။

ထို့နောက်  သမိုင်းစဉ်တစ်လျှောက် ပေါ်ထွန်းခဲ့သည့် ခေတ်များဖြစ်ကြသော  ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်တွင်လည်း မြန်မာ့ရက်ကန်းလက်မှု အနုပညာ တိုးတက်ထွန်းကားခဲ့သည်။ သဘာဝဆိုးဆေးများကို အသုံးပြု၍ အဝတ် အထည်များကို ဒီဇိုင်းအမျိုးမျိုး ထွင်ကာ ရိုးရာမပျက် ရက်လုပ်ဝတ်ဆင်ခဲ့ကြကြောင်းကို ရုပ်တု၊ ရုပ်ကြွများ၊ သမိုင်းမှတ်တမ်းများ၊ ကျောက်စာများ၊ နံရံဆေးရေး ပန်းချီအထောက်အထားများအရ သိရှိနိုင်ကြောင်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော စာစောင်ပါ မြန်မာလက်မှုအနုပညာသမိုင်း အကျဉ်းတွင် ရေးသားဖော်ပြထားသည်ကို လေ့လာဖတ်ရှုရသည်။

မြန်မာနိုင်ငံ၏ခေတ်အဆက်ဆက် အဝတ်အထည်ရက်လုပ်ခြင်း ယဉ်ကျေးမှုကို   လေ့လာမည်ဆိုပါက မြန်မာ့ ရက်ကန်း လက်မှုအနုပညာကို ချန်ထား၍မရပေ။ ဝါဂွမ်းစိုက်ပျိုးခြင်း၊ ရက်ကန်းလုပ်ငန်းနဲ့အတူ အထည်ချော ရက်လုပ်သော အတတ်ပညာတို့မှာ ရှေးနှစ်ပေါင်း များစွာကတည်းကပင် မြန်မာနိုင်ငံတွင်  တွင်ကျယ်ခဲ့သည်။

ရှေးမြန်မာအိမ်များတွင် ဝါ(ဂွမ်း)ပင်နှင့်အတူ မဲပင်၊ နီပါးဆေးပင်၊   သီတင်းပင်များကို စိုက်ပျိုးခဲ့ကြပြီး မြန်မာအိမ်ရှင်မများမှာ   ဝါကြိတ်၊ ဝါဖန်၊ ဗိုင်းလိပ်၊ ဗိုင်းငင့်၊ ဆေးရောင်စုံဆိုးအတတ်၊ ရက်ကန်း အတတ်တို့ကို    ကျွမ်းကျင်တတ်မြောက် လုပ်ကိုင်ကြပါရသည်။

ထိုခေတ်ကာလများက “မိန်းမများသည် ရက်ကန်း မတတ်လျှင်  အကျိုးနှင့်တူသည်၊ ယောကျ်ားများ သည်  စာမတတ်လျှင်  အကန်းနှင့်တူသည်” ဆိုသော ဆိုရိုးစကားပင်    ပေါ်ထွန်းခဲ့သည်။  ထို့ပြင် “ဗိုင်းကောင်း ကျောက်ဖိ” “လသာတုန်းဗိုင်းငင့်” ဟူသောစကားပုံများလည်း ပေါ်ထွန်းခဲ့သည်။

ထို့ပြင် မြန်မာ့ကျေးလက်ရိုးရာ တေးကဗျာများတွင် ရက်ကန်းရက်ရင်း  သီဆိုကြသော တေးကဗျာလေးများ ပေါ်ထွန်းခဲ့သည်။

“မန်ကျည်းငုတ်တို ရွက်နုပေါက်မှ ချဉ်ရည်သောက်စို့ မလေးရယ် ဘုရားငုတ်တို ရောင်တော်လွှတ်မှ ပုံတော်ဝတ်စို့ မလေးရယ်” ဟူသော ကဗျာလေးအပြင်

“ ရွှေချည်ငွေချည် တန်းပါလို့

ရက်ကန်းကိုယ်စီ တန်းကိုယ်စီ

လက်ခတ်ကယ် ကျွန်းဖိုသား

သောင်းတိုင်က ကြားသလေလေး” ဟူ၍

ဆရာဦးသော်ဇင်စီစဉ်ပြုစုသော   ကျေးလက်တောရွာတေးကဗျာ  စာအုပ်တွင်  လေ့လာဖတ်ရှုရသည်။

အထက်ပါကဗျာလေးများကို ကိုးကားထည့်သွင်း၍ တေးပြုစာဆို စိန်ဝေလျှံကလည်း မလေးလက်ခတ်သံ ဟူသောတေးသီချင်းလေးတွင်

“ဘုရားငုတ်တိုရောင်တော်လွှတ်မှ

  ပုံတော်စင်ဝတ်    ကြပါစို့ မောင်ကြီးရေတော့

  အောက်ပြည်ဆို လှေတော်ထိုး

  ပိုးမှာလိုက်တယ်  လေလေ့

 အနားတစ်ဖက်တစ်ချက်ရယ်က စိမ်းနုခြယ်  စိမ်းနုခြယ်

  အလယ်ခေါင် သံယောင်ကွက်ကယ် ချစ်တဲ့သူယက်ခဲ့တယ်

  လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ

  လက်ခတ်သံ လက်ခတ်သံ ပျိုလေး လက်ခတ်သံ

 လက်ခတ်သံကျွန်းဖိုသား သောင်းတိုင်ကကြား သလေလေ့ ”

ဟူ၍ သာယာနာပျော်ဖွယ်ကောင်းသော တေးသီချင်းလေးကို ရေးသားကာ  လူထုကြားတွင်  တွင်ကျယ်စေခဲ့သည်။

မြန်မာ့ရက်ကန်းလက်မှုအနုပညာမှာ  ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းကပင် ရိုးရာလက်မှုပညာရပ် တစ်ခုဖြစ်ခဲ့သည်။ အလွန်ပါးလှပ်ချောမွတ် လှသည့်အထည်များကိုလည်း ရှေးမြန်မာဘုရင်များ လက်ထက် ကတည်းကပင် ထုတ်လုပ်နိုင်ခဲ့ကြောင်းကို စာပေမှတ်တမ်းများတွင် လေ့လာဖတ်ရှုနိုင်သည်။

ဂျီ၊ အီးဟာဗေး၏ ၁၈၂၄ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ သမိုင်းအကြောင်း ရေးသားထားသည့် History of Burma စာအုပ်တွင် “မြန်မာဘုရင်၏ တိုင်းပြည်တွင် တွေ့ရှိရသော အဝတ်အထည်မျိုးကို အခြားအရပ်ဒေသများတွင် မတွေ့ရချေ။ ထိုအထည်သည် အလွန်ပါးလှပ်ချောမွတ်သောကြောင့် ယင်းဖြင့် ချုပ်လုပ်ထားသော အင်္ကျီကို  လက်စွပ်ကွင်းထဲသို့ပင် ထည့်သွင်းနိုင်လေသည်။ ထိုအထည်ကို ဝါဂွမ်းဖြင့် ရက်လုပ်ထား၏။ ကျွန်ုပ်တို့ ကိုယ်တိုင် ထိုအထည်မျိုးကို တွေ့ရဖူးသည်” ဟု ရေးသားဖော်ပြထားသဖြင့် ရှေးခေတ်မြန်မာတို့၏ ရက်ကန်း အတတ်ပညာ အရည်အသွေး အဆင့်အတန်းမြင့်မားသည်ကို ခန့်မှန်း သိရှိနိုင်လေသည်။

မြန်မာ့ယဉ်ကျေးမှုတွင်     ခိုင်မာဖွံ့ဖြိုးခဲ့သည့် ခေတ်အဆက်ဆက် ထိန်းသိမ်းသင့်သော   မြန်မာ့ရက်ကန်း လက်မှု အနုပညာများကို    မျိုးဆက်သစ်များ လေ့လာကာ   ဝံသာနုစိတ်၊  ဇာတိသွေး၊ ဇာတိမာန် ထက်သန် ကာ  မိမိတို့၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဂုဏ်ယူခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်များ လက်ဆင့်ကမ်း အမွေပညာဖြန့်ဝေပေးသင့်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်သောမြန်မာ့ရက်ကန်း လက်မှု အနုပညာများကိုလည်း မပျောက်ပျက်ဘဲ   ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ မြန်မာတိုင်း တွင်  တာဝန်ရှိသည်။

ရှေးအစဉ်အဆက်ကပင် အဆင့်အတန်းမြင့်မားခဲ့သည့် မြန်မာ့ရက်ကန်းလက်မှု အနုပညာများ မတိမ်ကော မပပျောက်စေရန် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကိုလည်း အားပေးကြရန် လိုအပ် ကြောင်း   ဆန္ဒပြုတိုက်တွန်း ရေးသားလိုက်ရပါသည်။     ။

Source-www.moi.gov.mm

အမည်မသိ
ဂုဏ်ယူဖွယ်ရာ မြန်မာတို့၏ ရက်ကန်းလက်မှု အနုပညာ

ဤကမ္ဘာမြေပြင်ပေါ်တွင် လူသားမျိုးနွယ်တို့ ကာလကြာရှည်  ရှင်သန်နေထိုင်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအချက်များမှာ စားသောက်ရေး၊ ဝတ်ဆင်ရေးနှင့် လုံခြုံသော အမိုးအကာအောက်တွင် နေထိုင်နိုင်ရေးတို့ပင်ဖြစ်သည်။ ထိုအခြေခံအချက်များပြည့်စုံစေရန်  ကြိုးစားတီထွင်ကြရင်း လူသားမျိုးနွယ်စု ၏  ယဉ်ကျေးမှုများမှာ  တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်လာကြသည်။ ထို့အတူနိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုကို   လေ့လာကြမည် ဆိုပါလျှင်  ထိုအခြေခံလိုအပ်ချက်များကို ပိုမိုဖူလုံပြည့်စုံလာစေရန် အားထုတ် ကြိုးစားကြရင်း နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ပိုမိုမြင့်မားခို

Article
-

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း  မှီတင်းနေထိုင်ကြသော ကချင်၊ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုး ၁၀၀ကျော် တို့သည် ရှေးနှစ်ပေါင်းများစွာကပင် စည်းလုံးညီညွတ်စွာ အတူလက်တွဲနေထိုင်ခဲ့ကြပါသည်။ တောင်တန်း ပြည်မ ဒေသ မတူ၊ ဘာသာစကားမတူ၊ ကိုးကွယ်ယုံကြည်မှု၊ ဝတ်စားဆင်ယင်မှုမတူ ကွဲပြားကြသော်လည်း မြန်မာပြည်သားဟူသော စိတ်ဓာတ်တူညီမှုဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့ကြပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း  မှီတင်းနေထိုင်ကြသော ကချင်၊ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုး ၁၀၀ကျော် တို့သည် ရှေးနှစ်ပေါင်းများစွာကပင် စည်းလုံးညီညွတ်စွာ အတူလက်တွဲနေထိုင်ခဲ့ကြပါသည်။ တောင်တန်း ပြည်မ ဒေသ မတူ၊ ဘာသာစကားမတူ၊ ကိုးကွယ်ယုံကြည်မှု၊ ဝတ်စားဆင်ယင်မှုမတူ ကွဲပြားကြသော်လည်း မြန်မာပြည်သားဟူသော စိတ်ဓာတ်တူညီမှုဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့ကြပါသည်။
       ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ပထဝီအနေအထား ယဉ်ကျေးမှုကြီး မားသော အိန္ဒိယယဉ်ကျေးမှုနှင့် တရုတ်ယဉ်ကျေးမှုတို့အကြားတွင် တည်ရှိနေသော်လည်း ယနေ့အထိခိုင်မာသော မြန်မာ့ယဉ်ကျေးမှု တည်ဆောက်နိုင်ခဲ့ပေသည်။ ထိုသို့မြန်မာ့ ယဉ်ကျေးမှု တည်တံ့ခိုင်မာစွာ တည်ဆောက်နိုင်ခြင်းမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားပေါင်းစုံ၏ ယဉ်ကျေးမှုအဖုံဖုံတို့ ပေါင်းဆုံခြင်းမှ ကမ္ဘာ့အလယ်တွင် မြန်မာ့ယဉ်ကျေးမှု ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
        ပညာရပ်များ လေ့လာသင်ကြားရာတွင်လည်း မတူညီသောအရာများ ပေါင်းစပ်မှု၊ သီအိုရီ အရ ဘာသာရပ်များကို ပေါင်းစပ်လေ့လာရာမှ ပိုမိုကျယ်ဝန်းသော စွမ်းရည်များ  ပေါ်ထွက်လာသည်ကို တွေ့ရှိရပါသည်။ ယခုခေတ် လေ့လာသင်ယူနေသော သိပ္ပံပညာ ရပ်များ၊ ဝိဇ္ဇာပညာရပ်များသည် ဘာသာရပ်တစ်ခုချင်းအလိုက် သီးခြားဂုဏ်ထူး ဝိသေသများရှိသော်လည်း ၎င်းဘာသာရပ်များကို လိုအပ်သလို ပေါင်းစပ်လိုက်သောအခါတွင် ပိုမိုကျယ်ဝန်းသော စွမ်းရည်များပေါ်လာသည်။ သိပ္ပံပညာရပ် အချင်းချင်း၊ ဝိဇ္ဇာပညာရပ် အချင်းချင်း ဆက်နွယ်ပေါင်းစပ်လေ့လာနိုင်သလို သိပ္ပံပညာရပ်နှင့် ဝိဇ္ဇာပညာရပ်များကိုလည်း လိုအပ်ပါက ပေါင်းစပ်လေ့လာရပေသည်။ သိပ္ပံပညာရပ်များဖြစ်သော ဇီဝဗေဒနှင့် ဓာတုဗေဒ ပေါင်းစပ်သောအခါ Biochemistry ဟူသော ဘာသာရပ် ဖြစ်ပေါ်လာပြီး ရူပဗေဒနှင့် ဓာတုဗေဒ ပေါင်းစပ်သောအခါ Nuclear chemistry ဟူသော ဘာသာရပ်အသစ်များ ပေါ်ပေါက်လာပေသည်။
         ထို့အတူ နိုင်ငံတစ်နိုင်ငံ(သို့မဟုတ်) လူမျိုးတစ်မျိူး၏ Socioeconomy (လူမှုစီးပွားဘဝ) ကို လေ့လာလိုပါက ဝိဇ္ဇာပညာရပ်များဖြစ်သော သမိုင်း၊ ပထဝီဝင်၊ ဘောဂဗေဒ စသည့် ဘာသာရပ်များ ပေါင်းစပ်လေ့လာရပေသည်။ နိုင်ငံတစ်နိုင်ငံ၏ မဟာဗျူဟာ အချက်အချာကျမှုကို သိရှိရန် သမိုင်းနှင့်ပထဝီကိုပေါင်းစပ်ပြီး Geopolitic ဟူသော ပထဝီနိုင်ငံရေးရှုထောင့်မှ လေ့လာရပေမည်။ ထို့အပြင် သမိုင်းဘာသာရပ်နှင့် မြန်မာစာဘာသာရပ်များကိုလည်း လိုအပ်ပါက ယှဉ်တွဲလေ့လာသင့်ပေသည်။ ဥပမာအားဖြင့် - ဒသမတန်းတွင်  သင်ကြားသည့် ကဗျာတစ်ပုဒ်ဖြစ်သော အချုပ်တန်းဆရာဖေ ရေးသားသည့် "ဆောင်းရတုပွဲ" ကဗျာကို လေ့လာလျှင် မြန်မာစာ အရေးအသားရှုထောင့်မှ လေ့လာရုံသာမက ထိုကဗျာပေါ်ထွန်းလာသော ခေတ်အခြေအနေကို သမိုင်းရှုထောင့်ကပါ ပေါင်းစပ်လေ့လာပါက စာဖတ်သူအတွက် ပိုမိုပြည့်စုံသော ခံစားချက်များ ပေးစွမ်းနိုင်မည်ဖြစ်သည်။
         ထိုကဲ့သို့ပင် မတူညီသော ပညာရပ်များကို လိုအပ်သလို ပေါင်းစပ်လေ့လာပါက လူ့လောကအတွက် ပိုမိုအကျိုးရှိစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယခုကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် မတူညီသောအရာများကို ပေါင်းစပ်ရာမှ စွမ်းအင်များ ပေါ်ထွက်လာကာ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ထိရောက်စွာ ဆောင်ရွက်ပေးရန် ကြိုးပမ်းနေပြီဖြစ်သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် နယ်စပ်ဒေသများ၌ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များ တည်ထောင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ ထိုဒီဂရီကောလိပ်များ တက်ရောက်ရန်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သော နယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသားလူငယ်များအား သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ရွေးချယ်ပြီး ဝိဇ္ဇာဘွဲ့(B.A)၊ သိပ္ပံဘွဲ့ (B.Sc)၊ အင်ဂျင်နီယာ ဒီပလိုမာဘွဲ့ (AGTI) အတွက် သင်ကြားပို့ချလျက် ရှိပါသည်။
    ဝိဇ္ဇာဘွဲ့အတွက် သင်ကြားရသော ဘာသာရပ်များမှာ စီးပွားရေးပညာ၊ မနုဿဗေဒ၊ မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း၊ အင်္ဂလိပ်စာ၊ စိတ်ပညာတို့သင်ကြားပေးပြီး သိပ္ပံဘွဲ့အတွက် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနှင့် အင်ဂျင်နီယာဘွဲ့အတွက် မြို့ပြ၊ အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှု့စွမ်းအား ဘာသာရပ်များသင်ကြားရပြီး ကျောင်းသားအားလုံး အနေဖြင့် ကွန်ပျူတာသိပ္ပံ၊ ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်နှင့် ယဉ်ကျေးမှု ဘာသာရပ်များကိုလည်း သင်ကြားပေးသည်။ ထို့ကြောင့် ဤဒီဂရီကောလိပ်များမှ ကျောင်းသားများသည် သက်ဆိုင်ရာစာပေ ဘာသာရပ်ပေါင်းစုံ၏ အခြေခံသဘောတရား များကို ခြုံငုံလေ့လာနိုင်သောကြောင့် အတွေးအမြင်များ ကျယ်ပြန့်စွာ တွေးခေါ်နိုင်သကဲ့သို့ လက်တွေ့ဘာသာရပ်များ ဆောင်ရွက်ရာတွင်လည်း ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ပေမည်။ ဤဒီဂရီကောလိပ်တို့မှ အရည်အချင်းမှီသူများသည် ဘွဲ့လွန်သင်တန်းများကို သက်ဆိုင်ရာ တက္ကသိုလ်များတွင်  ဆက်လက်တက်ရောက်နိုင်ပြီး မဟာဘွဲ့၊ မဟာသုတေသနဘွဲ့၊ ပါရဂူဘွဲ့များ အသီးသီးရရှိနိုင်ပါသည်။ ထို့အပြင် အင်ဂျင်နီယာ ဒီပလိုမာရရှိပြီးသော သူများတွင်လည်း ထူးချွန်ထက်မြက်သော သူများကို ဆက်လက်ပညာဆည်းပူးခွင့်ရအောင် စီစဉ်ပေးသဖြင့် အင်ဂျင်နီယာဘွဲ့(B.E) မဟာအင်ဂျင်နီယာဘွဲ့(M.E) များရရှိရန် ဆက်လက်ကြိုးစားခွင့်ရှိပါသည်။
       ဤဒီဂရီကောလိပ်များတွင် မြန်မာနိုင်ငံ၏ ဒေသပေါင်းစုံမှ တိုင်းရင်းသားများဖြစ် သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားလူငယ်များ လာရောက်ပေါင်းစုံ၍ ပညာသင်ယူလျက်ရှိသည်။ ထိုတိုင်းရင်းသားလူငယ်များသည် မိမိတို့၏ ကျောင်းစာများသာမက     တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းကြီး (ရန်ကုန်)က   ကြီးမှူး ကျင်းပသော အာဂုံဆောင်စာပြန်ပွဲများ၊ သာသနာရေးဝန်ကြီးဌာနက ကျင်းပသော အဘိဓမ္မာ စာမေးပွဲများ၊ ကျောင်းတွင်းအားကစားလှုပ်ရှားမှုနှင့် အခြားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး ထူးချွန်ဆုများ ရရှိခဲ့သည်။
     ဤဒီဂရီကောလိပ်ကျောင်းများတွင် တိုင်းရင်းသားရေးရာဌာန ဖွင့်လှစ်ထားပြီး ပြည်ထောင်စုစိတ်ဓာတ်  ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်များကို ပထမနှစ်မှ စတုတ္ထနှစ်အထိ သင်ကြားပို့ချလျှက်ရှိပါသည်။ မျက်မှောက်ခေတ် မြန်မာ့ရေးရာသာမက ကမ္ဘာ့ရေးရာများကိုလည်း သင်ကြားပို့ချပေးပါသည်။ ထိုသို့သင်ကြားရသည့်အတွက် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာ လာပြီး တိုင်းရင်းသားအချင်းချင်း နားလည်မှုရှိပြီး စည်းလုံးညီညွတ်မှုခိုင်မြဲစေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံအနေဖြင့် ပြောင်းလဲလာသော အခြေအ‌နေများနှင့်အညီ ကမ္ဘာ့နိုင်ငံများနှင့် ကူးလူးဆက်ဆံရာတွင် ဝန်းရံထိုးဖောက် လာသော  Cultural Globalization များကို ဘေးတွင်အကာ အဖြစ်သာထားပြီး မျိုးချစ်ပြည်ချစ်စိတ်နှင့် ညီညွတ်မှုရှိသော ပြည်ထောင်စု စိတ်ဓာတ်(Union Spirit) ကို အနှစ်အဖြစ်ထားကာ ကိုယ်ပိုင်ယဉ်ကျေးမှုအင်အားကို ဖြည့်ဆည်းရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများနှင့်  ခေတ်မီရင်ဘောင်တန်းနိုင်ရန် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ် သည့် ပြည်ထောင်စု စိတ်ဓာတ်(Union Spirit) သည်သာ အဓိကစွမ်းအားဖြစ်ပေသည်။ ထို့ကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန်အတွက် တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်ကျည်စွာမွေးမြူရန် အထူးလိုအပ် ပါသည်။ သို့မှသာ ပတ်ဝန်းကျင်က ရိုက်ခတ်လာသော ဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကြီး တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြရပေမည်။
        ဤဒီဂရီကောလိပ်များမှ ကျောင်းဆင်းသော ပညာတတ်လူငယ်များသည် ဒို့တာဝန်  အရေးသုံးပါးကို အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်ရှိခြင်း၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာ၍ ပြည်ထောင်စုဖြိုခွဲမည့်ရန်သူများအား ဖယ်ရှားပြီး ကာကွယ်လိုစိတ်ရှိခြင်း၊ တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများ မပျောက်ပျက်အောင် ထိန်းသိမ်းလိုစိတ်ရှိခြင်း၊ တစ်အူထုံဆင်း ညီရင်းအစ်ကိုများပမာ ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်လိုခြင်း၊ အနာဂါတ်တွင် တိုင်းရင်းသား လူမျိုးအချင်းချင်း တစ်ဦးနှင့်တစ်ဦးနားလည်ပြီး အေးအတူပူအမျှ အေးချမ်းသာယာသော လူ့ဘောင်လောက ဖော်ဆောင်လိုခြင်းစသော တရားများပြည့်ဝသည့် လူကောင်းလူတော် နိုင်ငံသားကောင်းများဖြစ်ပေါ်လာရန် စနစ်တကျ လေ့ကျင့်ကြိုးပမ်းခဲ့သူများဖြစ်သည်။ ဤဒီဂရီကောလိပ်များမှသင်ကြားသော ပညာရပ်များနှင့် လေ့ကျင့်ပျိူးထောင်ပေးသော လက်တွေ့သင်ခန်းစာ များကြောင့် ကျောင်းတော်သားများသည် ဘာသာရပ်ပေါင်းစုံ၏ စုပေါင်းမှု စွမ်းအားကိုရရှိပေသည်။ ကျောင်းတော်သားများသည် ကျောင်းတော်ကြီးက သင်ကြားပေးလိုက်သော ပညာရပ်အရောင်အသွေးများဖြင့် စုံလင်သောသက်တန့် ရောင်စဉ်များ လွှမ်းခြုံနေသောသူများဖြစ်ကြောင်း တင်စားကာ ဆိုလိုက်ချင်ပါသည်။ သက်တန့်ရောင်စဉ်များသည် ဤဒီဂရီကောလိပ်များမှ စတင်ပေါ်ထွက်လာပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းလုံး၏ နယ်နိမိတ်အဆုံးတိုင် တံတားသဖွယ် ဆက်သွယ်နိုင်ပေသည်။ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာပြည့်ဝသော ပညာရပ်အမြင် ကျယ်ပြန့်သော တိုင်းရင်းသားလူငယ်များသည် ဘွဲ့ရကျောင်းသားလူငယ်များ အဖြစ်ဖြင့် နိုင်ငံတော်၏ အစွန်အဖျားဒေသအသီးသီးတွင် နိုင်ငံတာဝန်ကို အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေပြီဖြစ်ရာ  သက်တန့်ရောင်စဉ်များ နိုင်ငံတစ်ဝန်းထွန်းလင်းဖြာလျက်  ရှိနေပေ တော့သည်။ 
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အပေါင်း ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရများက အစဉ်တစိုက် ရှေ့ရှုဆောင်ရွက်ခဲ့ကြသည်။ ထိုဆောင်ရွက်ချက်များ၏ အသီးအပွင့်များအဖြစ် ပေါ်ထွန်းလာခဲ့သည်မှာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၊ (စစ်ကိုင်း) ကျောင်းများ စသည်ဖြင့် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် လျက်ရှိနေပြီဖြစ်ပေသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများအား လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်အတွက် ဝန်ထမ်းကောင်း၊ ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပေသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားပေါင်းစုံ စည်းလုံးတူယှဉ်ကာ ပွင့်လန်းနေသော ပန်းဥယျာဉ်ကြီးသာ ဖြစ်ပေတော့သည်။ မြန်မာပြည်ဖွားတိုင်းရင်းသားတို့၏ ချစ်ကြည်ပေါင်းစည်းမှုကို ဖော်ဆောင်သော ကဗျာတစ်ပုဒ်ဖြင့် ဂုဏ်ပြုတင်ပြအပ်ပါသည်။

မြောက်ဖျားမြန်မာ
ကချင်ပြည်မှာ
မေခ မလိခပေါင်းစုံကာ
တောလည်းတောင်သာ
ဖြတ်ကျော်တော့
ဧရာဝတီဖြစ်တည်ပေါ့။
ချင်းပြည်နယ်လည်းဖြတ်သန်းလာ
ဧရာချင်းတွင်းပေါင်းစုံကာ
မေတ္တာရေတွေ တိုးကာပွား
တောင်ပေါ်မြေပြန့် ညီအစ်ကိုများ။
ရှမ်းပြည်နယ်မှ
ကိုရွှေလီ ဧရာဝတီနဲ့
ပေါင်းစုံသည်
မြန်ပြည်အလှတိုးကာပွား
တစ်အူတုံဆင်းညီအစ်ကိုများ။

ရခိုင်ဒေသ ကစ္စပနဒီ
စီးဆင်းလာသည့် မြန်ရွှေပြည် ၊
ညီပုကလေးစစ်တောင်းလည်း
အားဖြည့်ကာပင် စီးဆင်းမြဲ။
ရွှေသံလွင်လည်း မနေသာ
ကရင်၊ ကယား ၊ မွန်  မကျန် သယ်ဆောင်လာ
မြန်ပြည်အင်အားတိုးကာပွား
အေးအတူ ပူအမျှ ညီအစ်ကိုများ။
ဤသို့သာပင်
မြန်ပြည်တခွင်
မြစ်နဒီတို့ အလှဆင်
ကချင်လည်းချစ် ချင်းလည်းချစ်
ရခိုင် မွန် ကယား ရှမ်းပါချစ်
တိုင်းရင်းသားတို့ မေတ္တာဝေ
တောင်တန်းမြေပြန့် မခွဲခြားပေ 
ပေါင်းစုံလာလို့ ချစ်ကြည်မဆုံး
မြန်ပြည်သားတို့ တစ်ပြုံးပြုံး
သွေးစည်းကြမည် တစ်သက်လုံး။     ။

Source- Myawady Webportal

မြတ်နိုးမေ
ပေါင်းစည်းတူယှဉ် ပြည်ထောင်စုဥယျာဉ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း  မှီတင်းနေထိုင်ကြသော ကချင်၊ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုး ၁၀၀ကျော် တို့သည် ရှေးနှစ်ပေါင်းများစွာကပင် စည်းလုံးညီညွတ်စွာ အတူလက်တွဲနေထိုင်ခဲ့ကြပါသည်။ တောင်တန်း ပြည်မ ဒေသ မတူ၊ ဘာသာစကားမတူ၊ ကိုးကွယ်ယုံကြည်မှု၊ ဝတ်စားဆင်ယင်မှုမတူ ကွဲပြားကြသော်လည်း မြန်မာပြည်သားဟူသော စိတ်ဓာတ်တူညီမှုဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့ကြပါသည်။