ဆွေးနွေးချက်များ

တက်စလာကုမ္ပဏီ၏ မောင်းသူမဲ့စက်ရုပ်တက္ကစီ စမ်းသပ်ယာဉ်

အမေရိကန် လျှပ်စစ်ကားကုမ္ပဏီကြီးဖြစ်သည့် တက်စလာသည် ယာဉ်မောင်းမလိုသည့် စက်ရုပ်တက္ကစီစမ်းသပ်ယာဉ်ကို ထုတ်ဖော်ပြသခဲ့သည်။

အဆိုပါတက္ကစီတွင် စတီယာရင်နှင့် ခြေနင်းများ မပါဝင်ချေ။ တက်စလာက ထုတ်ဖော်ပြသသည့် လျှပ်စစ်ကား စမ်းသပ်ယာဉ်ကို ဆိုက်ဘာကပ်ဘ်ဟု အမည်ပေးထားပြီး အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ် ဘားဘန့်ခ်ရှိ စတူဒီယိုတွင် အောက်တိုဘာ ၁၀ ရက်က ပြသခဲ့သည်။ တက်စလာစီအီးအို အီလွန်မက်ခ်စ်က အဆိုပါကားအတွင်း လိုက်ပါခဲ့သည်။

ကုမ္ပဏီသည် ထိုင်ခုံနှစ်ခုပါ အပြည့်အဝအလိုအလျောက်မောင်းနှင်နိုင်သော တက္ကစီကို အမေရိကန်ဒေါ်လာ ၃၀၀၀၀ အောက်ဈေးနှုန်းဖြင့် ရောင်းချရန် မျှော်မှန်းထားပြီး ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ထုတ်လှုပ်မှုများစတင်မည်ဟု ရည်ရွယ်ထားကြောင်း တက်စလာစီအီးအိုက ပြောသည်။

တက်စလာသည် ယခင်ကလည်း လျှပ်စစ်ကားဝယ်လိုအားကို တိုးမြှင့်ရန် တန်ဖိုးနည်း မော်ဒယ်ထုတ်လုပ်ရန် ပြောကြားခဲ့ဖူးသည်။ တက်စလာကုမ္ပဏီသည် ယခုအခါ မောင်းသူမဲ့တက္ကစီများထုတ်လုပ်ရန် အာရုံစိုက်နေသည်။

အင်န်အိတ်ချ်ကေ

မြေပြိုမှုနှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်စေသည့်အကြောင်းအရင်းနှင့် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ

မြေပြိုမှုဖြစ်စဉ်များကို မြေပြိုမှု (Landslide) ဟု အလွယ်ခေါ်ဆိုကြပြီး အခြားသော တောင်ပြိုခြင်း၊ ပင်လယ်ကမ်းရိုးတန်းမြေပြိုခြင်း၊ မြစ်ကမ်းဘေး နှင့် ချောင်းကမ်းပါးများမြေပြိုခြင်း၊ တောင်စောင်းနှင့် ချောက်ကမ်းပါးများမြေပြိုခြင်း၊ သတ္တုတွင်းများ မြေပြိုခြင်း၊ ဥမင်လိုဏ်ခေါင်းမြေပြိုခြင်း၊ တံတား ချဉ်းကပ်လမ်းမြေပြိုခြင်း၊ စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေပြိုခြင်းများလည်း မြေပြိုမှုမှာအကျုံးဝင် ပါတယ်။ မြေပြိုမှုကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းများမှာ မြေမျက်နှာပြင်ပေါ်ရှိ သဘာဝ အလျောက်ပေါက်ရောက်နေသည့် သဘာဝပေါက်ပင်များ ဆုံးရှုံးခြင်း၊ မြေပြင်ရှိ နိမ့်ရာမှမြင့်ရာသို့ ဒေါင်လိုက်ပေါက်တတ်သော သဘာဝပေါက်ပင်များ၏ ဖွဲ့စည်းမှုပုံစံ၊ မြေသားအတွင်းရှိ အာဟာရဓာတ်များနှင့် မြေသားတည်ဆောက်ပုံများဟာ သစ်တော မီးလောင်မှုများကြောင့် သို့မဟုတ် သတ္တုတူးဖော်မှုများကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မြစ်၊ ချောင်းများ အရှိန်ပြင်းစွာစီးဆင်းမှုကြောင့် မြေသားတိုက်စားခံရခြင်း၊ ဆီးနှင်း များ ကျဆင်းခြင်းနှင့် ရေခဲမြစ်များ အရည်ပျော်ခြင်းတို့က မြေပြင်ပေါ်ရှိ အပေါ်ယံမြေသားတို့အား ဖယ်ရှားပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီလှိုင်းများ မြင့်တက်ခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် လူသားတို့၏ လုပ်ဆောင် မှုများဖြစ်တဲ့ သစ်တောများခုတ်ထွင်ခြင်း၊ စိုက်ပျိုး ရေးလုပ်ငန်းများ ပြုလုပ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လေးလံသော သယ်ယူပို့ဆောင် ရေးယာဉ်များ ဖြတ်သန်းသွားလာမှုမှ တုန်ခါမှု ဖြစ်ပေါ်ခြင်း၊ မြေယာတူးဖော်အသုံးချခြင်း၊ မိုင်းခွဲ ခြင်း၊ စွန့်ပစ်မြေစာစုပုံခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် ချုံနွယ်ပင်များအား မီးရှို့ခြင်းဖြင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသော သဘာဝပေါက်ပင်များအား ဖျက်ဆီးဖယ်ရှားမိခြင်းများသည်လည်း မြေပြိုမှုကို ဖြစ်ပေါ်စေပါတယ်။

မြေပြိုမှုဖြစ်ပွားရာ နေရာတစ်ခုကို အနုစိတ် ပုံဖော်ကြည့်လျှင် ၎င်းနေရာမှာ တည်ရှိနေတဲ့မြေသား၊ သို့မဟုတ် ကျောက်သားတို့ရဲ့ ပြင်ပ သက်ရောက်မှုအားနှင့် အတွင်းမှခုခံတွန်းလှန်အားတို့ အားပြိုင်မှုပေါ်မူတည်ပြီး မြေပြို၊ တောင်ပြိုခြင်း တွေ ဖြစ်လာတာပါ။ အဆိုပါအင်အားနှစ်ခု တူညီနေ သမျှ တောင်ပြို၊ မြေပြိုမှု မဖြစ်နိုင်ပါ။ စာရေးသူ အနေနဲ့ ကင်းသာအနီးဝန်းကျင်မှ မြေပြို၊ တောင်ပြို မှုများကို ဖြစ်ပေါ်စေနိုင်တဲ့ ကျောက်သားတို့ကို လေ့လာတဲ့အခါမှာ ကျောက်သားတို့ရဲ့ ခိုင်မာမှုနဲ့ အတန်းအစား၊ ကျောက်သားများ အဆက်ပြတ် အက်ကွဲရာမှ ပြိုကျပြုတ်ထွက်လာနိုင်တဲ့ ကျောက်သားရဲ့ ထုထည်၊ ပုံသဏ္ဌာန်နှင့် ဖြစ်ပေါ်နိုင်တဲ့ တောင်ပြိုမှုနည်းလမ်းတို့ကို အသေးစိတ် တိုင်းတာလေ့လာ ဆောင်ရွက်ခဲ့ပါတယ်။

ကျောက်သားတို့ရဲ့ အဆက်မပြတ်အက်ကွဲမှုဖြစ်တဲ့နေရာမှာ သဘာဝမူလအရ အက်ကွဲတာ လည်းဖြစ်နိုင်သလို လူတို့၏ ပယောဂဖန်တီးမှုတို့ကြောင့်လည်း အက်ကြောင်းများ ပေါ်ပေါက်လာစေ နိုင်ပါတယ်။ သဘာဝအားဖြင့် အနည်ကျကျောက်နဲ့ အသွင်ပြောင်းကျောက်တို့ဆိုတာဟာ တစ်လွှာပြီး တစ်လွှာ ထပ်လျက်အနေအထားဖြင့် ဖြစ်တည် နေတာဖြစ်ပါတယ်။ အဲဒီလိုလွှာထပ်များကြားနဲ့ ကျောက်သားတို့ရဲ့ အဆက်ပြတ် အက်ကွဲရာများ အတွင်းသို့ ရေများဝင်ရောက်ကာ ကျောက်ခြေမွှခြင်း ဖြစ်စဉ်ကို လျင်မြန်စွာ ဖြစ်ထွန်းစေပြီး ကျောက်သားခိုင်မာမှုအဆင့်အတန်း လျော့ကျလာကာ မြေပြို၊ တောင်ပြိုမှုများ ဖြစ်ပေါ်လာတာဖြစ်ပါ တယ်။ နေပြည်တော် - ပင်လောင်းလမ်း ၆ မိုင် ဝန်းကျင်ဒေသဟာ ရေဝေချောင်းနှင့် ကိုလုံချောင်းဆုံ အနီးမှာ တည်ရှိပြီး ဘူမိဗေဒအနေအထားအရ ရေဝေချောင်းသည် ရေဝေပြတ်ရွေ့ကြောင်း တစ်လျှောက် စီးဆင်းဖြစ်ပေါ်နေတဲ့ချောင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီဒေသမှာ သက်လယ်ကပ် နှောင်းပိုင်းမှ သက်နှောင်းကပ်အစောပိုင်းသက်တမ်းရှိ နှမ်းဖတ်ကျောက်များနဲ့ လိပ်သည်းကျောက်များ ဟာ ပြတ်ရွေ့ထိစပ်ဇုန်အသွင် ဖြစ်ပေါ်နေပါတယ်။

နှမ်းဖတ်ကျောက်များမှာ ကျောက်သားခိုင်မာမှု အလွန်မြင့်မားသော်လည်း ရာသီဥတုကြောင့် ကျောက်ခြေမွှခြင်းဖြစ်စဉ်နဲ့ မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ကျောက်သားအဆက်ပြတ်အက်ကွဲ ကြောင်းများအတွင်း ရေများဝင်ရောက်မှုကြောင့် ကျောက်သားတွဲဆက်ခိုင်မာမှုအား ကျဆင်းလာပြီး ကြီးမားလုံးဝန်းသော ကျောက်တုံးကျောက်ခဲကြီးများ ပြိုကျပြုတ်ထွက်လိမ့်ဆင်းလာရခြင်း ဖြစ်ပါ တယ်။ ဒီလို ကျောက်ခြေမွှခြင်းဖြစ်စဉ်နဲ့ ကျောက်သား အဆက်ပြတ်အက်ကွဲမှုအတွင်း ရေများ ဝင်ရောက်ခဲ့ခြင်းတို့ကြောင့် နေပြည်တော်-ပင်လောင်းလမ်း ၇ မိုင် ပတ်ဝန်းကျင်ဒေသရှိ ရေကြီး ရေလျှံမှုနှင့် မြေပြိုမှုများတွင် တောင်ကျချောင်းရေနဲ့အတူ ကျောက်တုံးကျောက်ခဲကြီးများ မျောပါလာ ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သဘာဝတောတောင်များ တဖြည်းဖြည်းပျောက်ဆုံးလာခြင်း၊ ရာသီဥတုပြောင်းလဲမှု ပြင်းထန်လာခြင်း၊ တောင်ကုန်း၊ တောင်စောင်းများရဲ့ မြေသားတည်ငြိမ် မှုကို မြေကြီးအတွင်းရှိ ရေရဲ့ဖိအားက ပြောင်းလဲစေသဖြင့် ရေကြီးခြင်း၊ တောင်ပြိုခြင်းနှင့် ကမ်းပါး ပြိုခြင်းတို့ ထိခိုက်ခံစားရခြင်း ဖြစ်ပါတယ်။

မြေပြို၊ တောင်ပြိုခြင်းကို ကြိုတင်ကာကွယ် တားဆီးနိုင်ရန် လူတိုင်းအလွယ်တကူ ဆောင်ရွက် နိုင်သော နည်းလမ်းကောင်းမှာ နှစ်ရှည်သစ်ပင်ကြီးများကို မိမိတို့အခြေချနေထိုင်ရာ မြို့ရွာများ၏ အနီးတစ်ဝိုက်၌ စနစ်တကျ စိုက်ပျိုးခြင်းပင်ဖြစ်ပါတယ်။ နှစ်ရှည်သစ်ပင်ကြီးများသည် အပင်အရွယ် အစားနှင့် အပင်အသက်တို့အလိုက် အပင်ပတ်လည် တစ်ဝိုက် ပေပေါင်းရာနှင့်ချီ၍ မြေသားလွှာများကို ကျစ်လျစ်အောင် ကုပ်ယူထိန်းသိမ်းပေးထားနိုင် စွမ်းရှိပြီး မြေဆီလွှာ တိုက်စားခံရခြင်းကိုလည်း ကောင်းစွာကာကွယ်ပေးနိုင်သလို အရှိန်အဟုန် ပြင်းစွာ စီးဆင်းဝင်ရောက်လာသော ရေထုကြီးကိုလည်း ဟန့်တားဆီးကာပေးနိုင်သဖြင့် မြစ်ရေ၊ ချောင်းရေများကြောင့် ရုတ်တရက် ရေကြီးရေလျှံ ဖြစ်ပေါ်ခြင်းကို နှောင့်နှေးကြန့်ကြာအောင် ထိန်းသိမ်း နိုင်စွမ်းရှိပါတယ်။ သို့ဖြစ်၍ လူနေမြို့ရွာများ အတွင်းနှင့် အနီးတစ်ဝိုက်၌ နှစ်ရှည်ပင်ကြီးများကို စနစ်တကျ ရှင်သန်အောင် တိုးချဲ့စိုက်ပျိုးခြင်းနှင့် ရှိပြီးသား နှစ်ရှည်ပင်ကြီးများကို မည်သည့် အကြောင်းနှင့်မျှ ခုတ်လှဲဖြိုဖျက်မှု မပြုကြခြင်း အားဖြင့် သဘာဝဖြစ်စဉ်ကြောင့်ဖြစ်ရသော မြေပြိုခြင်းကို အတိုင်းအတာတစ်ရပ်အထိ ဟန့်တားနိုင်မည်ဖြစ်ပါတယ်။

ဇော်(ဘူမိ)

 

နေပြည်တော်၏ အထင်ကရနေရာများ

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး

မာရဝိဇယ - မာရ်ငါးပါးကို အောင်မြင်တော်မူ ခြင်း (မာရဝိဇယဟူသည် မာရ+ဝိ+ဇယ) ဖြစ်ပြီး မာရဆိုသည်မှာ ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ်ဆိုတဲ့ မာရ်ငါးပါးကို၊ ဝိ-ဝိသေသန အထူးအားဖြင့်၊ ဇယ- အောင်မြင်တော်မူခြင်းလို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ မာရဝိဇယဘုရားကြီးရဲ့ ဉာဏ်တော်အမြင့် ၆၃ ပေနှင့် ပလ္လင်တော်အမြင့်မှာ ၁၈ ပေ စုစုပေါင်း ၈၁ ပေရှိပြီး ဆင်းတုတော်အလေးချိန်က ၁၇၈၂ တန်၊ ပလ္လင်တော်အလေးချိန်တန် ၃၅၁၀ စုစုပေါင်း အလေးချိန် ၅၂၉၂ တန်ရှိပါသည်။ ဘူမိဖဿမုဒြာဟန် စကျင်ကျောက်နဲ့ထွင်းထုပူဇော်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ကြီးဟာ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ထားပြီး မြန်မာနိုင်ငံရှိ စကျင်ကျောက် ရုပ်ပွားတော်တွေအနက် ကမ္ဘာ့အမြင့်ဆုံးနဲ့အလေးချိန်အများဆုံး ထူးမြတ်လှ တဲ့ရုပ်ပွားတော်တစ်ဆူဖြစ်ပါတယ်။

မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး

မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ၃၂ပေရှိ ရပ်တော်မူကိုယ်တော်ကြီးဖြစ်ပြီး တန်ချိန်ပေါင်း ၁၀၉တန်ရှိ၍ စကျင်ကျောက်ရပ်တော်မူဆင်းတုများအနက် ဉာဏ်တော်အမြင့်ဆုံးရုပ်ရှင်တော်မြတ်ကြီးဖြစ်သည်။ ၂၀၁၅ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့တွင် မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးကို ကိန်းဝပ်စံပယ်တော်မူမည့် အောင်မောဠိတောင်ညွန့်သို့ ပင့်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီးသီတင်းသုံးစံမြန်းမည့် ဂန္ဓကုဋိကျောင်းဆောင်နှင့် လိုအပ်သည့်သာသနိက အဆောက်အအုံများကို ဆက်လက်တည်ဆောက်လျက်ရှိသည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး

နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းမကြီးအနီး နေပြည်တော် ပျဉ်းမနားမြို့၏ အနောက်မြောက်ဘက် (၂)မိုင်(၄)ဖာလုံခန့်အကွာတွင် တည်ရှိသည်။ ဤစေတီတော်မြတ်ကြီးကို ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ပုံစံတူဉာဏ်တော် အမြင့်အောက်(၁)ပေလျှော့၍ ဉာဏ်တော်အမြင့် (၃၂၅)ပေရှိ "စေတီတော်မြတ်ကြီး"ကို (၂၈-၇-၂၀၀၆)ရက်နေ့မှ စတင် တည်ထားခဲ့ရာ (၉-၃-၂၀၀၉)ရက်နေ့တွင် သပ္ပါယ်တင့်တယ်စွာ တည်ထားပြီးစီးခဲ့ပါသည်။ စေတီတော်မြတ်ကြီး၏ ဘုန်းတော်ကိုလည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ရဟန်းရှင်လူ ပြည်သူများအားလုံး ဘေးဥပဒ် အန္တရာယ်အသွယ်သွယ်မှ ကင်းဝေးစေပြီးကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာအဖြာဖြာဖြင့် ပြည့်စုံစေရန် ရည်ရွယ်၍ "ဖြစ်ပေါ်တွေ့ကြုံလာသည့်ဘေးအန္တရာယ်အားလုံးငြိမ်းအေးစေခြင်း"ဟု မြန်မာပြန် အနက်အဓိပ္ပါယ်ရသော"ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး"ဟု ပူဇော်သမုတ်ခဲ့သည်။

သံဝေဇနိယလေးဌာနနှင့် သတ္တသတ္တာဟတရားစခန်း

သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)နှင့် သတ္တသတ္တာဟတရားစခန်းတို့သည် နေပြည်တော်ရာဇသင်္ဂဟလမ်းမကြီးအတိုင်းသွားပါက ခွာညိုပန်းအဝိုင်းအလွန် နေပြည်တော်-တပ်ကုန်းလမ်း၏တဖက်တချက်တွင် တည်ရှိသည်။ သတ္တသတ္တာဟစေတီတော်ကို နိုင်ငံတော်ငြိမ်းချမ်းသာယာစေရန် လည်းကောင်း၊ ဂေါတမမြတ်စွာဘုရားရှင်ပွင့်တော်မူရာ အိန္ဒိယသမ္မတနိုင်ငံဂယာမြို့ ဗုဒ္ဓဂယာရှိ သတ္တသတ္တာဟနေရာများကို သွားရောက်ဖူးမြော်ရန် အခက်အခဲရှိသည့် မြန်မာပြည်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်း၌ပင် အလွယ်တကူ ဖူးမြော်ကြည်ညိုသဒ္ဓါပွားများနိုင်ကြစေရန်လည်းကောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း ရည်ရွယ်တည်ဆောက်ပါသည်။

ဓာတုစယ ဓာတ်ပေါင်းစုစေတီတော်

နေပြည်တော်မင်္ဂလကုန်းတော်တွင် တည်ထားကိုးကွယ်သည့် ဓာတုစယဓာတ်ပေါင်းစုစေတီကို ၁၃၆၇ခုနှစ် ပြာသိုလပြည့်ကျော်(၁၃)ရက်နေ့တွင် ပန္နက်တော်တင်၍ ၁၃၆၉ခုနှစ် ကဆုန်လပြည့်ကျော်(၅)ရက်နေ့တွင် ရွှေထီးတော်တင်နှင့် ဗုဒ္ဓဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားများဖြင့် တည်ထားခဲ့ပြီး ဓာတုစယဓာတ်ပေါင်းစုစေတီတော် ဟုဘွဲ့အမည်သမုတ်တော်မူခဲ့ပါသည်။

နေပြည်တော် ရေပန်းဥယျာဉ်

ရေပန်းဥယျာဉ်ကို ပြည်သူများ အပန်းဖြေနားနေနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် နေပြည်တော် တောင်ညိုလမ်းမြို့တော်ခန်းမအနီးတွင် (၂၀၀၇)ခုနှစ် မေလတွင် စတင်တည်ဆောက်ကာ(၂၀၀၈ခုနှစ်ဇန်နဝါရီ(၄)ရက်)လွတ်လပ်ရေးနေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်း

ပျဉ်းမနား-ပင်လောင်း ကားလမ်းပေါ်ရှိ တောင်ကျရွာ အနီးတွင် တည်ရှိပါသည်။ တပ်ကုန်းအနီးရှိ မိုင်တိုင်အမှတ် ၂၇၁/၄တွင် ကင်းသာလမ်းဆုံ ရှိပါသည်။ ထိုကင်းသာလမ်းဆုံမှ ကိုးကွေ့အထိ တောင်ပေါ်လမ်းအတိုင်း (၂၁)မိုင် ရှိပါသည်။ တဖန်ကိုးကွေ့မှ ပျဉ်းမနား-ပင်လောင်းကားလမ်းအတိုင်း ၄ မိုင်၊ ၂ ဖာလုံဆက်၍သွားလျှင် ယခင်တောင်ကျရွာ (ယခုအခေါ်တောင်ပေါ်ရွာ) အလွန်တွင် နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်း တည်ရှိပါသည်။

ဆာဖာရီဥယျာဉ်(နေပြည်တော်)

ဆာဖာရီဥယျာဉ်(နေပြည်တော်)သည် ရန်ကုန်-မန္တလေး ကားလမ်း၏ အရှေ့ဘက် မိုင်တိုင်အမှတ်(၂၅၇/၀)တွင်တည်ရှိပြီး တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ နက္ခတ်တာရာပြခန်း(နေပြည်တော်)တို့နှင့် ဆက်စပ်လျက်ရှိပါသည်။

တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)

တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)သည် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း အရှေ့ဘက် ရေဆင်းဆည်အနီး၌ တည်ရှိပါသည်။

အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)(National Landmark Garden) ကို နေပြည်တော် ပျဉ်းမနားအနီးရှိ ရေဆင်းဆည်နှင့်ထိစပ်လျက် တိရစ္ဆာန်ဥယျာဉ် နက္ခတ်တာရာပြခန်းနှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)၏ မြောက်ဘက်ကပ်လျက် ရန်ကုန်-မန္တလေး ကားလမ်းမကြီးအရှေ့ဘက်တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။

အမျိုးသား ပရဆေးဥယျာဉ်

အမျိုးသား ပရဆေးဥယျာဉ်သည် နေပြည်တော်-တောင်ညိုလမ်းဘေး ဧက၂၀၀ခန့်ကျယ်ဥယျာဉ်ဖြစ်ပြီး ဆေးဖက်ဝင်အပင်များစိုက်ပျိုးခြင်း၊ မျိုးထိန်းခြင်းတို့ကို ဆောင်ရွက်နေပါသည်။

နေပြည်တော်ဘူတာကြီး

နေပြည်တော်ဘူတာကြီးသည် ပုဗ္ဗသီရိမြို့၏ ရန်ကုန်-မန္တလေး မီးရထားလမ်း၏ ရွာတော်ဘူတာနှင့် ကျည်ထောင်ကန်ဘူတာတို့ကြားတွင် တည်ဆောက်ထားပြီး မြန်မာနိုင်ငံအရပ်ရပ်သို့ ခရီးစဉ်များ နေ့စဉ် ဆိုက်ရောက်/ ထွက်ခွာ သွားလာနေပါသည်။ နေပြည်တော် ဘူတာကြီးသို့ နေပြည်တော်မြို့မနှင့် ပျဉ်းမနားတို့မှနေ၍ ခရီးသည်တင် ယာဉ်လိုင်းများ ပြေးဆွဲပေးနေပြီး စင်းလုံးငှားယာဉ်ငယ်များလည်း ငှားရမ်းရန် ရှိနေပါသည်။

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် လယ်ဝေးမြို့နယ် ဧလာမြို့အနီးတည်ရှိပြီး ဝန်ကြီးရုံး ဌာနများနှင့် ဟိုတယ်ဇုန်တို့ဖြင့် ရာဇသင်္ဂဟလမ်းမကြီးဖြင့် ဆက်သွယ်ထားပါသည်။ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ခရီးသည်တင် လေယာဉ်ကြီးများ ဆင်းသက်နိုင်သည့်လေယာဉ်ပြေးလမ်း၊ ခရီးသည် ဆိုက်ရောက်ထွက်ခွာ ခန်းမဆောင်နှင့် လိုအပ်သည့် အဆောက်အဦများဖြင့် ပြည့်စုံစွာ တည်ဆောက်ထားပါသည်။

နက္ခတ်တာရာပြခန်း (နေပြည်တော်)

နက္ခတ်တာရာပြခန်း(နေပြည်တော်)သည် ရန်ကုန်-မန္တလေးကားလမ်းမကြီး၏ အရှေ့ဘက်ရေဆင်းဆည်အနီးရှိ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်အတွင်း၌ တည်ရှိပါသည်။ နက္ခတ်တာရာပြခန်း(နေပြည်တော်)တွင် နိုင်ငံတကာအဆင့်မီစက်များနှင့် အသုံးအဆောင်များကို တပ်ဆင်အသုံးပြုထားပြီး လာရောက်လေ့လာကြည့်ရှုသူ ပြည်သူများ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာစေရန် နက္ခတ်တာရာပြခန်း(နေပြည်တော်)ကို ရေတံခွန်နှင့် မြေယာရှုခင်း အလှဆင်ထားပါသည်။ နက္ခတ်တာရာပြခန်း (နေပြည်တော်)တွင် နက္ခတ်များ၊ ဂြိုလ်များနှင့် ကြယ်တာရာများ အာကာသအတွင်း တည်ရှိနေပုံနှင့် လှည့်ပတ်သွားလာနေပုံများကို လေ့လာနိုင်ပါသည်။

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)

သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ မြန်မာ့ကျောက်မျက် ရတနာပြတိုက်(Gems Museum)(နေပြည်တော်)ကို ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ အကျယ်အဝန်း ၁၂.၅ ဧကတွင် တည်ဆောက်ထားသည့် မြန်မာနိုင်ငံ၏အကြီးဆုံးကျောက်မျက်ရတနာပြတိုက်ကြီးတစ်ခု ဖြစ်ပါသည်။ မြန်မာ့ကျောက်မျက်ရတနာပြတိုက်မှာ အထပ်(၃)ထပ်ပါရှိပြီး မြေညီထပ်တွင် ရုံးခန်း၊ အခြားခန်းများ၊ ကားရပ်နားနိုင်ရန် နေရာပါရှိသည်။ ပထမထပ်တွင် ကျောက်မျက်ရတနာဆိုင်ခန်းများ ၊ ဒုတိယထပ်တွင် ပြခန်းများပါရှိသည်။

မဏိရတနာခန်းမနှင့်ကျောက်စိမ်းဥယျာဉ် (နေပြည်တော်)

မဏိရတနာခန်းမနှင့် ကျောက်စိမ်းဥယျာဉ်တို့သည် ရာဇသင်္ဂဟလမ်း၊ နေပြည်တော် ဟိုတယ်ဇုန်နှင့် သပြေကုန်းအဝိုင်းတို့အကြား မြန်မာ့ကျောက်မျက် ရတနာပြတိုက်(Gems Museum)အနီး သပြေကုန်းစျေး အဝင်လမ်း၏ တစ်ဖက်တစ်ချက်တွင် တည်ရှိပါသည်။ မဏိရတနာခန်းမတွင် ကျောက်မျက်ပြပွဲများ နှင့် လေလံပွဲများ ကျင်းပပြုလုပ်ပြီး လူဦးရေထောင်ကျော်လက်ခံနိုင်ပြီး ခေတ်မီနည်းပညာများ အသုံးပြုတည်ဆောက်ထားသည့် ခန်းမကြီးဖြစ်ပါသည်။ ကျောက်စိမ်းဥယျာဉ်သည် နေပြည်တော်တွင် နောက်ဆုံးတည်ဆောက်ဖွင့်လှစ်လိုက်သည့် အပန်းဖြေဥယျာဉ်တစ်ခု ဖြစ်ပါသည်။ ကျောက်စိမ်းများဖြင့် အဓိကထား အလှဆင်ပြသထားပြီး ရေကန်ငယ်၊ ပန်းအလှပင်များနှင့် မြက်ခင်းများဖြင့် မြေယာရှုခင်း အလှဆင်ထားပါသည်။

နေပြည်တော် ငလိုက်ကန်သာအပန်းဖြေဥယျာဉ်စခန်း

နေပြည်တော်မှ (၇)မိုင်အကွာ၊ ကျွဲရှင်းကျေးရွာအနီးရှိ ငလိုက်ရေလှောင်တမံ၏ ရေစပ်ကမ်းခြေတလျှောက်၌ တည်ဆောက်ထားရှိသည်။ ၂၀၀၈ခုနှစ် ဧပြီလ ၈ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် ငလိုက်ကန်သာ အပန်းဖြေဥယျာဉ်စခန်းသည် ဆည်ရေလှောင်တမံနှင့် သဘာဝပတ်ဝန်းကျင် အေးချမ်းသာယာမှုကို ခံစားနိုင်ရန် တည်ဆောက်ပေးထားခြင်းဖြစ်ပါသည်။ လာရောက်အပန်းဖြေသူများအတွက် အပန်းဖြေနေားနေစရာ ရေချိုးဆိပ်၊ ရေလယ်ကျွန်းနှင့် နားနေစခန်း၊ လှေ၊ ဖောင်ဖြင့် ကြည့်ရှုနိုင်သည့်နေရာများ ပါဝင်ဖွဲ့စည်းထားပါသည်။

ထူးခြားသည့် တော်သလင်းလပြည့်နေ့ မွန်ရိုးရာ ဆွမ်းတော်ကြီး တင်လှူပွဲ

“ဝါတွင်းကာလအတွင်း လအလိုက်ပွဲတော်များ ရှိကြရာ  မွန်လူမျိုးတို့၏  ထူးခြားသည့် ရိုးရာဓလေ့အဖြစ် တော်သလင်းလပြည့်နေ့ ရောက်တိုင်း ကျင်းပသည့် မွန်ရိုးရာဆွမ်းတော်ကြီးတင်လှူပွဲ  သို့မဟုတ်  သင်္ဘောဆွမ်းတော်ကြီး တင်ပွဲတစ်ခုလည်း အပါအဝင်ဖြစ်သည်။ တော်သလင်းလပြည့်နေ့ မရောက်ခင် တစ်ရက်အလိုတွင် ဘုန်းတော်ကြီးကျောင်းများ၌ မိမိတို့ တတ်စွမ်းနိုင်သည့် အလှူငွေ၊ လုပ်အားဒါနများဖြင့် သင်္ဘောပုံစံ ပြုလုပ်ထားရှိပြီး အဆိုပါသင်္ဘော ထဲတွင် ဆွမ်း၊ သစ်သီး၊ မုန့်အမျိုးမျိုး၊ ပန်း၊ ထီး၊ တံခွန် အစရှိသည့် ထောင်နှင့်ချီသော လှူဖွယ်ဝတ္ထုတို့ကို   စုပေါင်းထည့်သွင်းကာ ရွာတွင်းလှည့်လည် အလှူခံ၍ လပြည့်နေ့ နံနက်အရုဏ်တက်ချိန် မြတ်စွာဘုရားရှင်ထံ ဆွမ်းတော် ကြီးတင်လှူကြသည့် မွန်ရိုးရာ ဆွမ်းတော်ကြီးတင်လှူ ပူဇော်ပွဲပင်ဖြစ်ပေသည်။

အလှူအတန်း ရက်ရောလှသည့် မွန်လူမျိုးတို့က ထောင်နှင့်ချီသော လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ် လှူဒါန်းကြသောကြောင့် ဆွမ်းတစ်ထောင်တင်လှူ ပူဇော်ပွဲဟုလည်း ခေါ်ကြသည်။ အချို့ဘုန်းတော်ကြီးကျောင်းများတွင် စက္ကူ၊ ဝါး အစရှိသည်တို့ဖြင့် သင်္ဘောများ ပြုလုပ်ကြသကဲ့သို့ အချို့သော ဘုန်းတော်ကြီးကျောင်းများတွင် သံ၊ စတီး စသည်တို့ဖြင့် နှစ်စဉ်နှစ်တိုင်း အသုံးပြုနိုင်စေရန်အတွက် အခိုင်အမာပြုလုပ် ထားရှိကြပြီး အဖိတ်နေ့ညနေပိုင်းတွင် မြို့အနှံ့၊ ကျေးရွာအနှံ့  စည်ကားသိုက်မြိုက်စွာ တပျော်တပါး လှည့်လည် အပူဇော်ခံကြသည်။

အဆိုပါဓလေ့မှာ ဓမ္မစေတီမင်းတရားကြီး လက်ထက်က အစပြုပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး သက္ကရာဇ် ၈၃၈ ခုနှစ်တွင် သီဟိုဠ် (သီရိလင်္ကာနိုင်ငံ)သို့ မြတ်ဗုဒ္ဓ၏ သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ သန့်ရှင်းပြန့်ပွားစေရေး အတွက် အကျင့်သီလနှင့်ပြည့်စုံသည့် မွန်သံဃာတော် အရှင်သူမြတ် ၄၄ ပါးကို သင်္ဘောနှစ်စင်းဖြင့် ဓမ္မစေတီမင်းက စေလွှတ်တော်မူခဲ့ပြီး သီဟိုဠ်ရှိ ကလျာဏီသိမ်တွင် ရဟန်းအသစ်ကို ထပ်မံ ခံယူစေခဲ့သည်။ သံဃာတော်များ သီဟိုဠ်မှအပြန် ခရီးတွင်မူ ရာမဒူတအမည်ရသည့် သင်္ဘောသာ ပြည်တော်ပြန်နိုင်ခဲ့ပြီး စိတြဒူတအမည်ရသည့် သင်္ဘောမှာမူ လေပြင်းမုန်တိုင်းမိသဖြင့် လမ်းခရီးဆုံးသို့ မရောက်နိုင်သေးဘဲ ရှိနေခဲ့သည်။ ဓမ္မစေတီမင်းနှင့်တကွ တိုင်းသူပြည်သားတို့ ပူဆွေးသောက ရောက်ခဲ့ကြပြီး ပျောက်ဆုံးနေသည့် သင်္ဘောတစ်စင်းပေါ်က ရဟန်းသံဃာတော်များ ဘေးမသီရန်မခဘဲ အမြန်ဆုံးပြန်ရောက်ရှိစေရေး အတွက် ဝတ်ပြု ဆုတောင်းခဲ့ကြသည်။ ထိုသို့ ဆုတောင်းရန်အတွက် အဆိုပါ ပျောက်ဆုံးသွားသည့် စိတြဒူတသင်္ဘော ပုံစံတူတစ်စင်း ဖန်တီး တည်ဆောက်ကာ  မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကို ရည်မှန်းအာရုံပြု၍ သင်္ဘောထဲတွင် ဆွမ်း၊ ပန်း၊ ရေချမ်း စသည့် ဒါတဗ္ဗဝတ္ထု အစုစုတို့ဖြင့် ဘုရားကို ဆွမ်းတော်ကြီးတင်လှူ ပူဇော်ပြီး ဆုတောင်းခဲ့ကြသည်။ ထိုသို့ဆုတောင်းပြီးနောက် တော်သလင်းလဆုတ်  ၂  ရက်နေ့တွင် စိတြဒူတသင်္ဘောကြီးမှာ   ဆိပ်ကမ်းသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ လာခဲ့လေသည်။ ထိုအခါမှ အစပြု၍ မွန်လူမျိုးတို့၏ ရိုးရာဓလေ့တစ်ခု အဖြစ် ယနေ့တိုင် အစဉ်အဆက် ပြုလုပ်လာခဲ့ကြပြီး ဒေသအလိုက် ပုံစံအမျိုးမျိုးဖြင့် ကျင်းပခဲ့ကြသည်။  အချို့ကျေးရွာများတွင် ဒါယကာ၊ဒါယိကာမများက ရဟန်းသံဃာတော်များအား လှူဒါန်းခြင်းများရှိသလို အချို့ကျေးရွာများရှိ ဆရာတော် သံဃာတော်များကလည်း ကျေးရွာနှင့် အနီးဝန်းကျင်ရှိ စားဝတ်နေရေးအခက်အခဲ ရှိသူများအား ဆန်နှင့် ငွေကြေးများကို ပြန်လည် လှူဒါန်းခြင်းများလည်း ရှိသည်။ အချို့ဒေသများတွင်မူ ပျားရည်လောင်းပွဲနှင့် စတုမဓူ ဆွမ်းလောင်းပွဲများလည်း တွဲဖက်ကျင်းပလေ့ ရှိကြသည်။ ဘေးအန္တရာယ် ကျရောက်နေသည့် ရဟန်းသံဃာတော်များအား ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေရေးအတွက် ရည်မှန်းကာ  ဆုတောင်းပြီး ဆွမ်းတော်ကြီးတင်လှူ ပူဇော်ပွဲကျင်းပပြီး ယင်းမှ တစ်ဆင့် ရိုးရာမပျက် မွန်တိုင်းရင်းသား လူမျိုးတို့၏ ထူးခြားသည့် ဓလေ့ရိုးရာ ယဉ်ကျေးမှု အဖြစ် ယနေ့တိုင် ဆက်လက် ထိန်းသိမ်း ထားရှိပေသည်။   ။

သိမ့်ချယ်ရီ-ရေး (ပြန်ဆက်)

ဆွမ်းအိုးမျှောပွဲ ကျင်းပခြင်း

ပြည်သူများက ဆွမ်းအိုးမျှောမည့် မြစ်ကမ်းနားတစ်လျောက်၌ အရုဏ်တက်ချိန် မှစတင်ကာ မိမိတို့ယုံကြည်ကိုးကွယ်ရာဖြစ်သည့် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား ဆွမ်း၊ရေချမ်း၊ ဆီမီးဖရောင်းတိုင်များ အမွေးနံ့သာများဖြင့် ပူဇော်ကန်တော့ကြပြီးနောက် အဆိုပါ ဆွမ်းအိုးများကိုမြစ်အတွင်းမြစ်ရေတက်ချိန်တွင် ဆွမ်းအိုးမျှောပူဇော်ကြပြီး မိမိတို့ အလိုရှိရာဆုမွန်ကောင်းများကို ရှင်ဥပဂုတ္တမထေရ်မြတ်ထံ ဆုတောင်းကြခြင်း ဖြင့်ဆုတောင်းများပြည့်ဝကာ စီးပွားဥစ္စာတိုးပွားကြသဖြင့် ယုံကြည်စွာ နှစ်စဉ်ရိုးရာမပျက် ဆင်ယင်ကျင်းပကြသည်။

မြန်မာ့ဓလေ့နှင့် သီတင်းကျွတ်မီးထွန်းပွဲတော်

မြန်မာလူမျိုးတို့၏ သီတင်းကျွတ်လပြည့်နေ့သည်  နေ့ထူးနေ့မြတ်ဖြစ်သလို အဘိဓမ္မာအခါတော်နေ့လည်း ဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းသံဃာတော်တို့ သည်  ပဝါရဏာပြုပွဲများ  ကျင်းပကြသည်။ မြန်မာဗုဒ္ဓဘာသာဓလေ့အတိုင်း မွန်မြတ်သော စိတ်နေသဘောထားဖြင့်  ဂါရဝေါစ၊ နိဝါတောစ တရားကြီးမားပုံကို ပြသသောအနေဖြင့် ဘိုးဘွား၊ မိဘ၊ ဆရာသမားများကို ပူဇော်ဂါရဝပြုလေ့ရှိကြသည်။

 လွန်းပိုးအိမ်

လူငယ်နဲ့အနာဂတ်

လူငယ်ဆိုတာ နိုင်ငံတော်အတွက် အလွန်တန်ဖိုးကြီးမားတဲ့ လူသားအရင်းအမြစ်ပါ။ မြန်မာနိုင်ငံမှာလူငယ်အရေအတွက် အလွန်ပဲ များပြားလှပါတယ်။ ဒီလိုများပြားလှတဲ့ လူငယ်တွေဟာ စွမ်းရည်အပြည့်အဝ ထုတ်သုံးနိုင်တဲ့ အင်အားရှိသူတွေပဲ ဖြစ်ပါတယ်။ ဒီလူငယ်တစ်ဦးစီရဲ့ ကြိုးစားအားထုတ်မှုတွေဟာ သူ့အတွက်သာ အကျိုးရှိတာမဟုတ်ဘဲ သူ့မိသားစုအသိုင်းအဝိုင်းနဲ့ နိုင်ငံတော်အထိ အကျိုးရှိစေနိုင်ပါတယ်။ လူငယ်တွေကြိုးစားမှုကြောင့်  မြင့်မားတဲ့အနာဂတ်ကိုရရှိပိုင်ဆိုင်နိုင်ရင် ရေမြင့်တော့ကြာမြင့်လာသလို  နိုင်ငံတော်လည်း  တိုးတက်လာမှာပါပဲ။ ဒါ့ကြောင့် လူငယ်တွေရဲ့ အနာဂတ်ကောင်းမွန်ဖို့ အထူးပဲ ကြိုးစားကြဖို့ အရေးကြီးကြောင်း အသိပေးချင်ပါတယ်။

လူငယ်တွေအနာဂတ်အတွက် ဗလငါးတန်ပြည့်စုံအောင် ကြိုးစားသင့်ပါတယ်။ ဗလငါးတန်ရဲ့အခြေခံက “စာရိတ္တဗလ” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံခြင်းပါ။ စာရိတ္တဗလဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့သူကို လူတွေက ချစ်ခင်လေးစားကြပါတယ်။ ဒါ့ကြောင့် “မိတ္တဗလ” ဆိုတဲ့ မိတ်ဆွေသင်္ဂဟကောင်းတွေနဲ့ ပြည့်စုံခြင်းကိုရပါမယ်။ မိတ်ကောင်းဆွေကောင်းတွေနဲ့ ပြည့်စုံတဲ့သူ တွေမှာ စီးပွားဥစ္စာရှာဖွေရလွယ်ကူတဲ့အတွက် “ဘောဂဗလ” ဆိုတဲ့  စီးပွားဥစ္စာနဲ့ပြည့်စုံခြင်းကိုရရှိပါမယ်။ စီးပွားရေးနဲ့ပြည့်စုံရင် ပညာသင်တာပဲဖြစ်ဖြစ်၊ စာအုပ်စာစောင်တွေ ဝယ်ဖတ်တာပဲဖြစ်ဖြစ် လုပ်နိုင်သွားပြီဆိုတော့ “ဉာဏဗလ” ဉာဏ်ပညာနဲ့ ပြည့်စုံခြင်း ကိုရပြီပေါ့။ ဉာဏ်ပညာနဲ့ယှဉ်ပြီး နေထိုင်စားသောက်နိုင်ပြီဆိုရင် “ကာယဗလ” ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ခြင်းနဲ့ ပြည့်စုံပါပြီ။ အဲဒီလို ဗလငါးတန်နဲ့ပြည့်စုံပြီဆိုရင် လောကမှာ အောင်မြင်တဲ့သူဖြစ်နိုင်ပါပြီ။

လူငယ်တွေ ဘဝနှောင့်နှေးရတဲ့ပြဿနာတစ်ခုကတော့ ငွေရေးကြေးရေးပါပဲ။ တချို့က ငွေကြေးမတတ်နိုင်တဲ့အတွက် ပညာတစ်ပိုင်း တစ်စနဲ့ရပ်တန့်ရတယ်။ တချို့ကတော့ ငွေကြေးကိုအလျှံပယ်သုံးပြီး ပျက်စီးကြတယ်။ မိဘကပေးတဲ့ငွေကို စနစ်တကျမသုံးဘဲ အကြွေးတင်ကြတယ်။ လောင်းကစားလုပ်ပြီး ကြွေးတင်နေတဲ့ လူငယ်တွေလည်းရှိတယ်။ ငွေကြေးကိစ္စဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ကြီးကြီးမားမား ထိခိုက်နိုင်တာကြောင့် လူငယ်တွေသတိထား ထိန်းသိမ်းသင့်ပါတယ်။  ကိုယ်မသုံးသင့်တဲ့ငွေကို မသုံးပါနဲ့။ ဘာကြောင့်မှ ကြွေးတင်မခံပါနဲ့။ ခြိုးခြံချွေတာပါ။ ငွေကြေးအရှုပ်အရှင်းကင်းတာဟာ စိတ်ဓာတ်ခွန်အားကို တိုးပွားစေ တာမို့ အနာဂတ်မှာအောင်မြင်ချင်တဲ့ လူငယ်တစ်ယောက်ဖြစ်ချင်ရင် ငွေကြေးကို အမြဲသတိထားဆင်ခြင်သုံးစွဲရမှာဖြစ်ပါတယ်။

အချိန်ဆိုတာ ငွေနဲ့ဆက်ပြီးဝယ်ရတာမဟုတ်တဲ့အတွက် အချိန်ကိုတန်ဖိုးမထားမိကြပါဘူး။ ကိုယ့်အချိန်ကိုပဲဖြစ်ဖြစ်၊ သူများအချိန် ကိုပဲဖြစ်ဖြစ် အလွယ်တကူဖြုန်းတီးလေ့ရှိကြပါတယ်။ “အချိန်နဲ့ဒီရေသည် လူကိုမစောင့်” လို့ အချိန်ကိုမဖြုန်းဖို့ ပြောတတ်ကြသလို၊ “လသာတုန်းဗိုင်းငင်” ဆိုပြီးလည်း အချိန်ကိုအကျိုးရှိရှိ သုံးတတ်အောင် သတိပေးလေ့ရှိကြပါတယ်။ တကယ်တော့ ငွေရှိရင်ရွှေကို ကြိုက်သလောက် ဝယ်လို့ရနိုင်ပေမယ့် ကုန်သွားတဲ့အချိန်တွေကိုတော့ ဘယ်တော့မှ ပြန်ဝယ်လို့မရနိုင်တာ လူငယ်တွေ သိစေချင် ပါတယ်။ ဘဝအတွက်တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးရင်း ကုန်ဆုံးစေမယ့်အစား တန်ဖိုးရှိရှိသုံးစွဲစေချင်ပါတယ်။

အိပ်ချိန်၊ စားချိန်၊ စာဖတ်ချိန်၊ အလုပ်လုပ်ချိန်၊ စာသင်ချိန်ဆိုပြီး ၂၄ နာရီကို သေချာစနစ်ချပြီး သုံးစေချင်ပါတယ်။ ကိုယ်ပိုင်အချိန်ကို စနစ်တကျ သုံးစွဲတတ်မှ အလုပ်လုပ်တဲ့အခါ စနစ်ကျပြီးအောင်မြင်မှုရနိုင်မှာပါ။ အချိန်ကိုတန်ဖိုးမထားတဲ့သူက ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူး။

အလုပ်ကိုနောက်ကျမှသွားတာ၊ အချိန်မတန်ခင်စောပြန်တာတွေက အချိန်ကိုခိုးတာဖြစ်တဲ့အတွက် အဒိန္နဒါန ကံမြောက်တယ်လို့  ဆရာတော်ကြီးတွေ ဟောကြပါတယ်။ အကြီးအကဲက အရေးယူ၊ မယူထက် အကုသိုလ်ကံကိုတော့ ကျူးလွန်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အချိန်သူခိုးမဖြစ်စေဖို့လည်း သတိထားသင့်ပါတယ်။

လူငယ်တွေအနာဂတ်မှာ အောင်မြင်စေဖို့ ပြောပြချင်တဲ့ နောက်တစ်ချက်ကတော့ မိမိကိုယ်ကိုစီမံခန့်ခွဲဖို့ပါ။ မနက်ဘယ်နှနာရီ အိပ်ရာထမယ်။ ရေဘယ်အချိန်ချိုးမယ်။ မနက်စာဘယ်လိုစားမယ်။ ကျောင်းကိုဘယ်အချိန်တက်ရမယ်။ အိမ်က ဘယ်အချိန်ထွက် မယ်။ ဘယ်အချိန်အိမ်ပြန်မယ်။ သူငယ်ချင်းနဲ့ ဘယ်အချိန်တွေ့မယ်ကစပြီး စနစ်ချရပါမယ်။ အိပ်ချင်တဲ့အချိန်အိပ်ပြီး ထချင်တဲ့ အချိန်ထ၊ သွားချင်မှသွားဆိုရင်တော့ အောင်မြင်မှုနဲ့ဝေးကွာနေဦးမှာပါပဲ။

စီမံခန့်ခွဲမှုတွေဆိုတာ အလုပ်ခွင်ရောက်မှသင်ရမှာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲတာနဲ့စကြရမှာပါပဲ။ ကိုယ့်ဘာသာကိုယ် တောင် စနစ်တကျ စီမံချက်ချပြီး  အလုပ်မလုပ်တတ်ရင်  လူငယ်တစ်ယောက်ရဲ့အနာဂတ်အောင်မြင်မှုဆိုတာ ဝေးကွာနေဦးမှာပါလို့ ပြောပြချင်ပါတယ်။

လူငယ်တွေအနေနဲ့ နိုင်ငံ့သမိုင်းနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို သိရပါမယ်။ ကိုယ့်အမျိုးသားအကျိုးစီးပွားကို ထိပါးနှောင့်ယှက် နိုင်တဲ့အကြောင်းအရာတွေကိုလည်း သိထားရပါမယ်။ ကိုယ့်နိုင်ငံရဲ့ရေမြေတောတောင် ပထဝီဝင်ကိုလည်း သိရပါမယ်။ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေဖို့ ဘာတွေလုပ်ဆောင်ရမလဲ။ ဘာတွေလုပ်ရင် နိုင်ငံအတွက်အကျိုးမဲ့သလဲ။ ဒါတွေကို သိထားမှသာ နိုင်ငံ တည်ဆောက်ရေးမှာ  ပါဝင်ဆောင်ရွက်တဲ့အခါ အထောက်အကူပြုပါမယ်။ ဗဟုသုတနည်းရင် တစ်ကိုယ်ကောင်းဆန်ပြီး နိုင်ငံအကျိုး ဖျက်ဆီးသူဖြစ်သွားတတ်ပါတယ်။

ကိုယ်ဘယ်နေရာမှာရပ်တည်သင့်တယ်ဆိုတာကို သေသေချာချာသိနေစေဖို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးတွေ အားလုံးကို သိရှိနေသင့်ပါတယ်။ အနာဂတ်မှာ ခေါင်းဆောင်ရမယ့်လူငယ်တစ်ယောက်အနေနဲ့ ရှိထားတဲ့ ဗဟုသုတ တွေကို အခြေခံစဉ်းစားမှလုပ်သင့်တာ၊ မလုပ်သင့်တာတွေကို ခွဲခြားဆုံးဖြတ်နိုင်ပါမယ်။ ကိုယ်ပြုလုပ်လိုက်တဲ့အပြုအမူက အပြုသဘော ဆောင်သလား၊  အပျက်သဘော ဆောင်သလားဆိုတာကို သေသေချာချာသုံးသပ်နိုင်ဖို့ ပညာဗဟုသုတနဲ့ ပြည့်စုံမှသာ ဖြစ်နိုင်ပါမယ်။

ဗဟုသုတတွေကို ဘယ်လိုရှာမှီးကြမလဲ။ အကောင်းဆုံးကတော့စာဖတ်ခြင်းနဲ့ရှာနိုင်ပါတယ်။  တစ်အုပ်ထဲဖတ်ပြီး   တရားသေမှတ်လို့ တော့မရဘူးနော်။ ဘယ်ဆရာက ဘယ်လိုရေးခဲ့သလဲဆိုတာကို နှိုင်းယှဉ်ပြီးဖတ်ရပါမယ်။ ပြီးရင် မှန်မမှန်ပြန်သုံးသပ်ပြီး ဆုံးဖြတ် ရပါမယ်။ စာစုံဖတ်ရမယ်။ ခရီးထွက်ရမယ်။ ခရီးတွေသွားရင် ဖုန်းသုံးရင်းသွားတာထက် ပတ်ဝန်းကျင်ကိုလေ့လာရမယ်။ ရေမြေတော တောင်၊ ရာသီဥတု၊ မြေပြင်အနေအထား၊ စိုက်ပျိုးတဲ့သီးနှံ၊ ပြောလေ့ရှိတဲ့စကား၊ လေယူလေသိမ်းနဲ့ စားသောက်တဲ့ဓလေ့ထုံးစံတွေက သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ တစ်နိုင်ငံတည်းနေကြတဲ့ တိုင်းရင်းသားတွေအကြောင်းကိုလည်း သိဖို့လိုပါတယ်။ ဒါတွေသိ ထားရင် တစ်နေရာရာမှာတော့ အထောက်အကူပြုမှာပါပဲ။

ပညာဗဟုသုတမပြည့်ဝဘဲ ခံစားချက်ကိုရှေ့တန်းတင်ပြီး ဆုံးဖြတ်ချက်ချရင် မှားတတ်တယ်ဆိုတာ လက်ရှိအခြေအနေတွေက သာဓကပြနေပါတယ်။ လူငယ်တစ်ယောက်ချင်းစီ ကိုယ့်ကိုယ်ကိုယ် အရေးပါတယ်လို့ တွေးစေချင်ပါတယ်။ တစ်ယောက်ချင်းစီ လွဲမှားမှုတွေကနေ နိုင်ငံနဲ့ချီတဲ့ ဆုံးရှုံးမှုတွေဖြစ်တတ်တယ်လို့သတိထားစေချင်ပါတယ်။

လူငယ်တွေရဲ့ အနာဂတ်ရည်မှန်းချက်တွေ ပျက်စီးစေနိုင်တဲ့ မူးယစ်ဆေးဝါးဆိုတဲ့အရာကို လုံးဝရှောင်ရှားကြဖို့လည်း အလေးအနက် ထားပြီးပြောချင်ပါတယ်။

ဒီနှစ်တွေအတွင်းမှာ ဆေးလိပ်သောက်တဲ့လူငယ်တွေ ပိုများလာတာတွေ့ရပါတယ်။ “မူးယစ်ဆေးဝါးအစ ဆေးလိပ်က” မို့ ဆေးလိပ်ကို လုံးဝရှောင်ကြဉ်ရပါမယ်။ ဆေးလိပ်ကတစ်ဆင့် မူးယစ်ထုံထိုင်းစေတဲ့ ဆေးဝါးတွေသုံးစွဲကြရင် လူငယ်ဘဝ အညွန့်ကျိုး တာပါပဲ။ မူးယစ်သားကောင်ဖြစ်သွားရင် ရုန်းထွက်ဖို့အလွန်ခက်ပါတယ်။ စိတ်ကိုနိုင်နင်းလို့ ဆေးဖြတ်နိုင်ရင်တောင် “ဆေးသမား” ဆိုတဲ့ဂုဏ်ပုဒ်က ကျန်နေခဲ့တာကြောင့် လူ့အသိုင်းအဝိုင်းထဲ  ပြန်လည်ဝင်ဆံ့ဖို့ခက်ပါတယ်။

“အာရောဂျံ ပရမံလာဘံ” ကျန်းမာရေး ဟာလာဘ်ကြီးတစ်ပါးလို့ ပြောကြပါတယ်။ ကျန်းမာရင် ဘယ်သွားသွား ဘာလုပ်လုပ် အဆင်ပြေပါတယ်။ လူငယ်တွေ ကျန်းမာရေးကောင်းမွန်အောင် ဂရုစိုက်နေထိုင်မယ်ဆိုရင် စိတ်သွားတိုင်းကိုယ်ပါပြီး လိုရာဆန္ဒတွေနဲ့ ပြည့်စုံမှာပါပဲ။ ကျန်းမာရေးထိခိုက်စေတဲ့ ညအိပ်ချိန်မမှန်တာ၊ အစားမမှန်တာတွေ မဖြစ်သင့်ပါဘူး။ ကိုယ်လက်လှုပ်ရှား အားကစားကို လည်း ဝါသနာပါရာရွေးချယ်ပြီး လုပ်သင့်ပါတယ်။ ဒီခေတ်လူငယ်တွေ တယ်လီဖုန်းအသုံးများတဲ့အတွက် အမြင်အာရုံ ထိခိုက်တာကလည်း ကျန်းမာရေး ပြဿနာတစ်ခုပါပဲ။

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်အောင် အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားရပါမယ်။ ကိုယ်လက်လှုပ်ရှားမှုကိုလည်း ပုံမှန်လုပ်သင့်ပါတယ်။ မခက်ခဲဘဲ လူတိုင်းလုပ်နိုင်တဲ့ အသက်ရှူလေ့ကျင့်ခန်းကိုလည်း မေ့ထားလို့မရပါဘူး။ အသက်ရှူ လေ့ကျင့်ခန်းဟာ ရုပ်ပိုင်းအတွက်ကောင်းမွန်သလို စိတ်ဖိစီးမှုတွေ၊ သောကတွေ၊ ဒေါသတွေကိုလည်း သက်သာစေတာကြောင့် စိတ်ပိုင်းဆိုင်ရာအတွက်လည်း အထူးသင့်တော်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်နေဖို့ကိုလည်း အထူးဂရုစိုက်ရပါမယ်။ ကိုယ်မတတ်နိုင်တဲ့ ပစ္စည်းတွေကို လိုချင်တာ၊ အကောင်းမြင်စိတ် မရှိတာတွေကလည်း စိတ်ကျန်းမာရေးထိခိုက်စေပါတယ်။ တခြားသူတွေကို တန်ဖိုးထားသလို ကိုယ့်ကိုယ်ကိုယ် လည်း တန်ဖိုးထားရပါမယ်။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်မှ ကိုယ်ကျင့်သိက္ခာထိန်းသိမ်းဖို့ သတိရှိပါမယ်။ မလုပ်သင့်တာကို မလုပ်ဖြစ်အောင် ထိန်းချုပ်နိုင်တာကလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလို့ပါပဲ။

အကောင်းမြင်စိတ်ရှိသူကို  လူတွေချစ်ခင်ကြပြီး သူတို့ဟာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေ ဖြစ်ကြပါတယ်။  ပေါင်းသင်း ဆက်ဆံရေးကောင်းတဲ့သူဟာ အများကိုလည်းစိတ်ချမ်းသာစေပြီး ကိုယ်တိုင်လည်း စိတ်ကြည်လင်တော့ လုပ်ကိုင်သမျှအောင်မြင်တဲ့ ဆုကိုရနိုင်ပါတယ်။ လူငယ်များအနေဖြင့် နေ့စဉ်နဲ့အမျှ အတတ်ပညာ၊ အသိပညာတွေကိုသင်ကြားနေတာဟာ လူငယ်တစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်လာအောင် လေ့ကျင့်ကြိုးစားနေတာ ကလည်း နိုင်ငံတော်ကို ကျေးဇူးပြုနေခြင်းပဲဖြစ်ပါတယ်။  အတွေးမှန်၊ အမြင်မှန်၊ အသိတွေမှန်ပြီး မိမိရဲ့အနာဂတ်အောင်မြင်ရေးဟာ နိုင်ငံတော်အတွက်လည်း အထောက်အကူပြု ရမယ်ဆိုတဲ့စိတ်ထားတွေနဲ့ ကြိုးစားအားထုတ်ကြစေချင်ပါကြောင်း မေတ္တာရှေ့ ထားပြီး တိုက်တွန်းလိုက်ပါရစေ။   ။

သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)

အားကစားမြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးရမလဲ။

အားကစားမြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းနှင့်လူငယ်များ၏စိတ်ဓာတ် (Mind Set) ကို ပြုပြင်ပေးခြင်းပင်ဖြစ်သည်။

ယဉ်ကျေးမှုပွဲတော်များကို ဖျက်ဆီးခြင်းသည် တိုင်းပြည်ကို ဖျက်ဆီးခြင်းလော

မြန်မာတို့သည် ရှေးပဝေသဏီဘိုးဘေးဘီဘင်လက်ထက် ကတည်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း၊ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အနုပညာနှင့် အမှီအခိုကင်းစွာ ရပ်တည်လာနိုင်ခဲ့ကြလေသည်။ ဘိုးတော်ဘုရားတောင်းဆိုမှုကြောင့် မြဝတီမင်းကြီးဦးစက စောင်းကြိုးကို ခုနစ်ကြိုးမှ ၁၃ ကြိုးအထိ တီထွင်နိုင်ခဲ့သည်။ ဗုံ ၂၁ လုံးကို ကြီးစဉ်ငယ်လိုက်စီကာ ပတ်စာဖြင့်အသံညှိ၍တီးရသော မြန်မာ့ဆိုင်းဝိုင်းသည် မြဝတီမင်းကြီး ဦးစလက်ထက်မှ အစပြုခဲ့သည်ဟု ရှေးပညာရှိများက ယူဆခဲ့ကြလေသည်။ ထိုကဲ့သို့ ဘိုးဘေးများ ခက်ခက်ခဲခဲတီထွင်ဖန်တီးခဲ့ရသော ရိုးရာယဉ်ကျေးမှုအနုပညာအမွေများကို ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်သွားကြရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်။

ခေတ်မီနည်းပညာများ တိုးတက်နေသောကမ္ဘာကြီးတွင် တိုးတက်မှုမြန်သကဲ့သို့ ဆုတ်ယုတ်မှုလည်း မြန်ဆန်လွန်းလှပါသည်။ နိုင်ငံတော်၏ သယံဇာတနှင့် ပထဝီအနေအထားကို မျက်စိကျနေသော အနောက်နိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဒေါ်လာကိုသာ ချစ်သော ပြည်ဖျက်မီဒီယာများသည် နိုင်ငံ၏စည်းလုံးညီညွတ်မှု ပြိုကွဲစေရန် နည်းမျိုးစုံသုံးပြီး လုပ်ကြံဖန်တီးနေသည်ကို အများသိရှိပြီးဖြစ်ပါသည်။ ဆူလွယ်နပ်လွယ် ယုံလွယ်သော ဆယ်ကျော်သက် လူငယ်လေးများကို နိုင်ငံရေးလုပ်ဇာတ်ခင်းကာ PDF (ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့) ဟူ၍ အမည်နာမပေးပြီး ဗီလိန်ဇာတ်ရုပ်မှ ကခိုင်းနေကြသည်။ ဗီလိန်ဇာတ်ကောင်များကလည်း တည်ငြိမ်အေးချမ်းမှုပြိုကွဲစေရန် ဖျက်ဆီးမှုနည်းမျိုးစုံကို ပြုလုပ်ကြလေသည်။ ယဉ်ကျေးမှုပွဲတော်များ မဖြစ်မြောက်စေရန် အွန်လိုင်းပေါ်မှ ခြောက်လှန့်ကြသည်။ ဘုရားပွဲတော်များသို့ လူအများ စည်စည်ကားကားမသွားနိုင်ရန် အနှောင့်အယှက်ပြုကြလေသည်။ ယဉ်ကျေးမှုပွဲတော်များကို မကျင်းပနိုင်ရန် တားဆီးခြင်းသည် ယဉ်ကျေးမှုအမွေ အနှစ်၏တန်ဖိုးကို မသိခြင်းကြောင့်ပင်ဖြစ်ပေသည်။ ကိုယ့်ယဉ်ကျေးမှုကို လေးစားတန်ဖိုးထားခြင်းမရှိဘဲ ဖျက်ဆီးနေသောသူများသည် တိုင်းပြည်ကိုဖျက်ဆီးနေခြင်းနှင့် အတူတူပင်ဖြစ်ပါသည်။

တန်ဖိုးသိမှ တန်ဖိုးရှိမည်ဖြစ်သည်။ သီတင်းကျွတ်မီးထွန်းပွဲတော်သို့ သွားသောသူသည် သီတင်းကျွတ်မီးထွန်းပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုသိရန်လိုအပ်ပါသည်။ ကထိန်ပွဲဆင်နွှဲသောသူသည် ကထိန်ခင်းရခြင်း၏ရည်ရွယ်ချက်ကို သိရန်လိုပါသည်။ ရရှိနိုင်သော ကောင်းကျိုးချမ်းသာများကိုလည်း သိရန်လိုပါသည်။ ထိုသို့သိမြင် တန်ဖိုးထားတတ်စေရန် မိဘနှင့် ဆရာသမားများက သွန်သင်ဆုံးမ ပြောပြရန်လိုအပ်ပါသည်။ အခြေခံအုတ်မြစ် ကောင်းကောင်းချနိုင်မှသာ ရာသီဥတုဒဏ်ခံနိုင်သော အဆောက်အအုံကောင်းဖြစ်နိုင်သလို မိမိတို့ရင်သွေးငယ်များ၏ နှလုံးသားထဲတွင် ဘာသာတရားနှင့် အမျိုးသားယဉ်ကျေးမှုအမွေကို တန်ဖိုးထားသောစိတ်ဓာတ်များ အုတ်မြစ်ချပေးကြရန်အတွက် မိဘနှင့်ဆရာသမားများတွင် အထူးတာဝန်ရှိသည်ဟု ထင်မှတ်မိပါသည်။

လူမျိုးရှိလျှင် ကိုးကွယ်ယုံကြည်သော ဘာသာတရားရှိကြလေ သည်။ ဘာသာပျောက်လျှင် လူမျိုးပါပျောက်ကွယ်နိုင်သဖြင့် ဗုဒ္ဓဘာသာ ထာဝစဉ်တည်တံ့စေရန် မိမိတို့၏ရင်သွေးငယ်များကို ဘာသာရေးနှင့် ဆက်နွှယ်သောအဆုံးအမများ၊ ငါးရာ့ငါးဆယ်နိပါတ်တော်လာပုံပြင် များဖြင့် အခြေခံအုတ်မြစ်ကောင်းအောင် တည်ဆောက်ပေးသင့်ပါသည်။ နိုင်ငံတော်အစိုးရကလည်း ယဉ်ကျေးလိမ္မာသောလူငယ်များဖြစ်လာ စေရန်ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်တွင် ယဉ်ကျေးလိမ္မာ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါသည်။ နိုင်ငံတော်၏စေတနာကို လေးစားသောအားဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် မိမိတို့၏ ရင်သွေးငယ်များကို ယဉ်ကျေးလိမ္မာသင်တန်းများသို့ ပို့ဆောင်ပေးခြင်းဖြင့် ဘာသာတရားအခြေခံအုတ်မြစ် ခိုင်မာစေခြင်းအကျိုးထူးများ ရရှိနိုင်ပါလိမ့်မည်။ ယဉ်ကျေးသောလူ့စွမ်းအားအရင်းအမြစ်များဖြင့် ဖွဲ့စည်း ထားသော နိုင်ငံ၏အနာဂတ်လမ်းသည်လည်း ဖြောင့်ဖြူးသာယာစွာရှိနေပေလိမ့်မည်။

လမင်းဟံသာ(ပဲခူး)

သတိပြုရမည့် မျောက်ကျောက်ရောဂါ

၂၀၂၄ ခုနှစ်အတွင်း ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် အာဖရိကတိုက်ရှိ နိုင်ငံများ ၌ Mpox (မျောက်ကျောက်ရောဂါ) ကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာပြီး ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ   အရှေ့ပိုင်းတွင် ရောဂါမျိုးကွဲအသစ် (clade Ib) လျင်မြန်စွာကူးစက်လာခဲ့သည်။ နယ်စပ်ဖြတ် ကျော်နှင့်  နိုင်ငံတကာကူးစက်ပျံ့နှံ့မှုများ ရှိနေခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ်  ဩဂုတ်လ  ၁၄  ရက်တွင် မျောက်ကျောက်ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေ အနေအဖြစ်  ကြေညာခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများရှိနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ မျောက်ကျောက်ရောဂါ ကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့်    နယ်စပ် ဝင်/ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုအား နှီးနွှယ်ဝန်ကြီးဌာနများနှင့်    ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။ ထို့ပြင် လူနာတွေ့ရှိပါက ရောဂါကာကွယ်ထိန်းချုပ် ကုသရေးအတွက် သီးခြားလူနာ ဆောင်များထားရှိရန်၊ လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိရန်နှင့် ပြည်သူ လူထုအတွင်း ရောဂါကာကွယ်ရေးနည်းလမ်းများ ကျန်းမာရေးအသိပညာပေးခြင်းတို့အား အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

မျောက်ကျောက်ရောဂါသည် Mon-key pox virus ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွား သောရောဂါဖြစ်ပြီး ကျောက်ကြီး small pox   ဗိုင်းရပ်စ်မိသားစုအတွင်း  ပါဝင်ပါသည်။ ကလေးသူငယ်များနှင့် လူငယ်များ တွင်   မကြာခဏဖြစ်တတ်သော   ရေကျောက်  (chicken   pox)    နှင့်မတူပါ။ တိရစ္ဆာန်မှ  ကူးစက်သော ရောဂါဖြစ်ပြီး နို့တိုက်သတ္တဝါများ၊ မျောက်များ၊ ကြွက် များမှတစ်ဆင့် ကူးစက်ဖြစ်ပွားရပါသည်။ မူလက    မျောက်များတွင်ဖြစ်ပွားသော ရောဂါဖြစ်သောကြောင့် မျောက်ကျောက် ရောဂါဟု သတ်မှတ်ကြ ခြင်းဖြစ်သည်။ အမှန်အားဖြင့် မျောက်ကျောက်ဗိုင်းရပ်စ် ပိုးကို  ၁၉၅၈ ခုနှစ်တွင်  စတင်တွေ့ရှိခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင်  ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၌    မျောက်ကျောက်ရောဂါဝေဒနာရှင်တစ်ဦးကို     စတင်သတိပြုမိခဲ့ကြသည်။  ၂၀၂၂  ခုနှစ်တွင် အာဖရိက အလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံများ၌ ရောဂါ ပြန့်ပွားခဲ့ပြီး ကမ္ဘာ့နိုင်ငံတချို့၌ပါ  ကူးစက်ခံစားခဲ့ရသည်။ ယခု ၂၀၂၄ ခုနှစ်အထိ နိုင်ငံပေါင်း ၁၀၆ နိုင်ငံသို့  ပျံ့နှံ့ဖြစ်ပွားခဲ့ပြီး  ရောဂါဖြစ်ပွားသူ တစ်သိန်းနီးပါးရှိကာ သေဆုံးသူ  ၂၀၀  ကျော်ရှိခဲ့သည်။

ဗိုင်းရပ်စ်အမျိုးအစား နှစ်မျိုးရှိပြီး အာဖရိကအလယ်ပိုင်းတွင် ပျံ့နှံ့ဖြစ်ပွား နေသည့် clade I အမျိုးအစား မှာ ရောဂါ ဝေဒနာပြင်းထန်၍ သေဆုံးမှုနှုန်းလည်း၁၀ ရာခိုင်နှုန်းခန့်အထိရှိသည်။  cladeII အမျိုးအစား မှာ     အနောက်အာဖရိကတွင်   ပျံ့နှံ့ဖြစ်ပွားခဲ့ပြီး   ၂၀၂၂  ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများသို့ပါ      ပျံ့နှံ့ခဲ့သည်။   ရောဂါဝေဒနာ မပြင်းထန်ဘဲ ၉၉ ရာခိုင်နှုန်း သက်သာပျောက်ကင်းကြပါသည်။ မျောက်ကျောက် ရောဂါကို  ကလေးငယ်များ၊   ကိုယ်ဝန်ဆောင်မိခင်များ၊ HIV ရောဂါနှင့် ကိုယ်ခံစွမ်းအား လျော့နည်းသည့် သူများတွင် ရောဂါဝေဒနာပိုမိုပြင်းထန်စွာ ခံစားရနိုင်သည်။

မျောက်ကျောက်ရောဂါသည် ရောဂါပိုး ကူးစက်ခံရသော တောရိုင်းတိရစ္ဆာန်များနှင့် တိုက်ရိုက် ထိတွေ့ခြင်း၊ ရောဂါပိုး ရှိသူနှင့် လိင်ဆက်ဆံခြင်း၊ အရေပြားချင်း ထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ် အချိန်အတော်ကြာတွေ့ဆုံခြင်း၊ လူ၏ အနာများ၊ အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊  ရောဂါပိုး ကပ်ငြိနေသော အရာဝတ္ထုများ၊ အသုံးအဆောင် ပစ္စည်းများကို လက်ဖြင့်ကိုင်တွယ်မိရာမှ တစ်ဆင့်   ရောဂါပိုး ကူးစက်ခံစားရနိုင်ပါသည်။ ရောဂါပိုးစတင်ဝင်ရောက်ပြီး ၁ ရက်မှ  ၂၁ ရက်အတွင်း ရောဂါလက္ခဏာ များ  စတင်ဖြစ်ပွားနိုင်သည်။ ရောဂါ လက္ခဏာများအနေဖြင့် ဖျား၍ မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နှင့် လိင်အင်္ဂါ များတွင် အနီကွက်များနှင့်အတူ အရည် ကြည်ဖုများပေါက်ခြင်း၊     ပြန်ရည်အိတ် (lymph node) များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင် ကိုက်ခဲခြင်း၊       မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခန်းခြင်း စသောလက္ခဏာ များ ခံစားရတတ်သည်။

ရောဂါဝေဒနာ ခံစားနေရသူများတွင် အများစုမှာ ဝေဒနာသက်သာစေသော အဖျားကျဆေး၊     အကိုက်အခဲပျောက် ဆေးများနှင့်ကုသခြင်း၊ ရေများများ သောက်ခြင်းဖြင့် အပြည့်အဝ ပြန်လည် ကျန်းမာနိုင်သည်။    တချို့လူများတွင် ပြင်းထန်သောဝေဒနာ    ခံစားရသဖြင့် ဗက်တီးရီးယား၊   ဗိုင်းရပ်စ် ပိုးသတ်ဆေး များပေး၍ကုသရသည်။ ဦးနှောက်ရောင်၊ မျက်ကြည်လွှာရောင်၊ အဆုတ်ရောင်နှင့် အရေပြားအနာများ ပိုးဝင်ခြင်းတို့ပါ ခံစားရတတ်သည့်အပြင် အမာရွတ်များကျန်ခဲ့ သဖြင့် ကြည့်ရ ဆိုးခြင်း၊ မျက်ကြည်လွှာ ပျက်စီးသွားခြင်းများ တွေ့ကြုံရနိုင်သည်။ ရောဂါရှိ၊ မရှိကို ရောဂါလက္ခဏာ များသာမက အရည်ကြည်များမှ  PCR နည်းပညာသုံး၍ ဗိုင်းရပ်စ်   DNA  ကို ရှာဖွေရသည်။

ရောဂါလက္ခဏာ ခံစားနေရသူများအနေဖြင့် တခြားသူများအား မကူးစက် စေရန်  အရေပြားအနာများ  ကောင်းစွာ မကျက်ခင်အထိ မိမိတစ်ယောက်တည်း သီးသန့်နေထိုင်ခြင်း၊ အစားအသောက်၊ အသုံး အဆောင်များ သီးသန့်သုံးစွဲခြင်း၊ ကိုယ်ခံစွမ်းအား ကျနေသောသူများနှင့် ထိတွေ့မှုရှောင်ကြဉ်ခြင်း၊    အပြင်ခဏ ထွက်ရန်လိုအပ်ပါက ပါးစပ်နှင့်နှာခေါင်း စည်းတပ်ဆင်ခြင်း၊ ခြေလက်များကို အဝတ်များဖြင့် ဖုံးထားရန် လက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်းကို အကာအကွယ်မဲ့ မပြုလုပ်ခြင်း၊ လိင်ဆက်ဆံခြင်းမှ ရှောင် ကြဉ်ခြင်းတို့   လိုက်နာဆောင်ရွက်သင့်သည်။ အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံများမှ လွန်ခဲ့သော ၂၁ ရက်အတွင်း ပြန်လာသူများ၊ ရောဂါလက္ခဏာခံစား နေရသူများ၊ ထိုသူများနှင့် ထိတွေ့မိသူများ အနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းသွား လာမှုများ ရှောင်ကြဉ်သင့်သည်။ နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ ကုသမှုခံယူသင့်သည်။

 မျောက်ကျောက်ရောဂါခံစားရခြင်းမှ ကာကွယ်နိုင်ရန် သံသယလက္ခဏာခံစား ရသူများနှင့် အနီးကပ် တွေ့ဆုံမှုကို ရှောင်ကြဉ်သင့်သည်။ လိင်ဆက်ဆံထိတွေ့ခြင်းအပါအဝင်၊ အရေပြားချင်း ထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ် တွေ့ဆုံခြင်းနှင့် ပါးစပ်မှတစ်ဆင့် အရေပြားသို့ထိတွေ့ခြင်းများကို ရှောင်ကြဉ် ရပါမည်။ အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲ၍ မရပါက လက်အိတ်ဝတ်ဆင်ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း  (mask)   တပ်ဆင်ခြင်း၊   လက်ကို ဆပ်ပြာနှင့်ရေ သို့မဟုတ် လက်သန့်ဆေးရည်အသုံးပြု၍     စနစ်တကျ ဆေးကြောသင့်သည်။ သံသယရောဂါ လက္ခဏာခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် လက်အိတ်ဝတ်ဆင်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်းတို့ဖြင့် ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်မည် ဖြစ်သည်။ ထို့ပြင် ပြည်သူလူထုအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်း၊ နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့်   လုံခြုံစွာ ဖုံးအုပ်ခြင်း၊    ပါးစပ်နှင့်နှာခေါင်းစည်းကို    စနစ်တကျတပ်ဆင်ခြင်း၊   လက်ကိုဆပ်ပြာနှင့်ရေ သို့မဟုတ် ရေမလို လက်သန့်ဆေးရည်အသုံးပြု၍ စနစ်တကျဆေးကြောခြင်း၊ လက်မဆေးဘဲ ပါးစပ်၊    နှာခေါင်းနှင့် မျက်လုံးများ ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ခြင်းများကို လိုက်နာဆောင်ရွက်သင့်သည်။

အသားစိမ်းများကို ကျက်အောင်ချက် စားရမည်ဖြစ်သကဲ့သို့ အရာဝတ္ထု၊ အိပ်ရာ ခင်း၊ မျက်နှာသုတ်ပဝါ၊ အဝတ်အစားများကို သန့်ရှင်းရေးပုံမှန်ပြုလုပ်ရမည်။ လိင်ဆက်ဆံချိန်တွင် ကွန်ဒုံးအသုံးပြုခြင်းသည်   မျောက်ကျောက်ရောဂါ  ကူးစက်ပြန့်ပွားမှုကို မကာကွယ်နိုင်သော်လည်း လိင်မှတစ်ဆင့် ကူးစက်သော ရောဂါတချို့ကို  ကာကွယ်နိုင်သည်။  တစ်ကိုယ်‌ရေသန့်ရှင်းရေးနှင့် မိမိ၏ပတ်ဝန်းကျင် သန့်ရှင်းရေး    ကောင်းမွန်စေရန်လည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။  မျောက်ကျောက်ရောဂါကာကွယ်ဆေး (JYNN-EOS) သည် ကျောက်ကြီးကာကွယ်ဆေး အမျိုးအစားမှ ဆင့်ပွားဖြစ်လာသည့် ကာကွယ်ဆေးဖြစ်ပြီး လေးပတ်ခြားကာ နှစ်ကြိမ်ထိုးရန်လိုအပ်သည်။ ဒုတိယဆေးထိုးပြီး နှစ်ပတ်အကြာတွင် ကာကွယ် မှုရနိုင်သည်။ အထူးသဖြင့် ရောဂါ ဖြစ်ပွားနိုင်ခြေရှိသူများ၊ လိင်ဆက်ဆံဖက်များသူများ၊ ရောဂါရှိသူ များနှင့် ထိတွေ့ခဲ့သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများကို ဦးစားပေး ထိုးနှံရန် လိုအပ်သည်။

မည်သူမဆို မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်သကဲ့သို့ တခြားသူကိုလည်း ကူးစက်နိုင်သဖြင့် ကျန်းမာရေး သတိဖြင့် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။    ရောဂါဝေဒနာများခံစားရပါက သက်ဆိုင်ရာကျန်းမာရေးဌာနသို့ သတင်းပို့ ကုသမှုခံယူပြီး တခြား သူများကို  မိမိထံမှတစ်ဆင့် မကူးစက်စေရန်  သတိထား ဆောင်ရွက်ကြရမည်။ မြန်မာနိုင်ငံအနေ ဖြင့်လည်း    ကျန်းမာရေးဝန်ကြီးဌာန၏   ဦးဆောင်မှုအောက်တွင်     ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်း လိုက်နာဆောင်ရွက်မှုများဖြင့် မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို ကာကွယ်တားဆီးတိုက်ထုတ်ကြရ မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက် ရပါသည်။    ။

ဒေါက်တာ ဥမ္မာစော