ထူးခြားသည့် တော်သလင်းလပြည့်နေ့ မွန်ရိုးရာ ဆွမ်းတော်ကြီး တင်လှူပွဲ

“ဝါတွင်းကာလအတွင်း လအလိုက်ပွဲတော်များ ရှိကြရာ  မွန်လူမျိုးတို့၏  ထူးခြားသည့် ရိုးရာဓလေ့အဖြစ် တော်သလင်းလပြည့်နေ့ ရောက်တိုင်း ကျင်းပသည့် မွန်ရိုးရာဆွမ်းတော်ကြီးတင်လှူပွဲ  သို့မဟုတ်  သင်္ဘောဆွမ်းတော်ကြီး တင်ပွဲတစ်ခုလည်း အပါအဝင်ဖြစ်သည်။ တော်သလင်းလပြည့်နေ့ မရောက်ခင် တစ်ရက်အလိုတွင် ဘုန်းတော်ကြီးကျောင်းများ၌ မိမိတို့ တတ်စွမ်းနိုင်သည့် အလှူငွေ၊ လုပ်အားဒါနများဖြင့် သင်္ဘောပုံစံ ပြုလုပ်ထားရှိပြီး အဆိုပါသင်္ဘော ထဲတွင် ဆွမ်း၊ သစ်သီး၊ မုန့်အမျိုးမျိုး၊ ပန်း၊ ထီး၊ တံခွန် အစရှိသည့် ထောင်နှင့်ချီသော လှူဖွယ်ဝတ္ထုတို့ကို   စုပေါင်းထည့်သွင်းကာ ရွာတွင်းလှည့်လည် အလှူခံ၍ လပြည့်နေ့ နံနက်အရုဏ်တက်ချိန် မြတ်စွာဘုရားရှင်ထံ ဆွမ်းတော် ကြီးတင်လှူကြသည့် မွန်ရိုးရာ ဆွမ်းတော်ကြီးတင်လှူ ပူဇော်ပွဲပင်ဖြစ်ပေသည်။

အလှူအတန်း ရက်ရောလှသည့် မွန်လူမျိုးတို့က ထောင်နှင့်ချီသော လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ် လှူဒါန်းကြသောကြောင့် ဆွမ်းတစ်ထောင်တင်လှူ ပူဇော်ပွဲဟုလည်း ခေါ်ကြသည်။ အချို့ဘုန်းတော်ကြီးကျောင်းများတွင် စက္ကူ၊ ဝါး အစရှိသည်တို့ဖြင့် သင်္ဘောများ ပြုလုပ်ကြသကဲ့သို့ အချို့သော ဘုန်းတော်ကြီးကျောင်းများတွင် သံ၊ စတီး စသည်တို့ဖြင့် နှစ်စဉ်နှစ်တိုင်း အသုံးပြုနိုင်စေရန်အတွက် အခိုင်အမာပြုလုပ် ထားရှိကြပြီး အဖိတ်နေ့ညနေပိုင်းတွင် မြို့အနှံ့၊ ကျေးရွာအနှံ့  စည်ကားသိုက်မြိုက်စွာ တပျော်တပါး လှည့်လည် အပူဇော်ခံကြသည်။

အဆိုပါဓလေ့မှာ ဓမ္မစေတီမင်းတရားကြီး လက်ထက်က အစပြုပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး သက္ကရာဇ် ၈၃၈ ခုနှစ်တွင် သီဟိုဠ် (သီရိလင်္ကာနိုင်ငံ)သို့ မြတ်ဗုဒ္ဓ၏ သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ သန့်ရှင်းပြန့်ပွားစေရေး အတွက် အကျင့်သီလနှင့်ပြည့်စုံသည့် မွန်သံဃာတော် အရှင်သူမြတ် ၄၄ ပါးကို သင်္ဘောနှစ်စင်းဖြင့် ဓမ္မစေတီမင်းက စေလွှတ်တော်မူခဲ့ပြီး သီဟိုဠ်ရှိ ကလျာဏီသိမ်တွင် ရဟန်းအသစ်ကို ထပ်မံ ခံယူစေခဲ့သည်။ သံဃာတော်များ သီဟိုဠ်မှအပြန် ခရီးတွင်မူ ရာမဒူတအမည်ရသည့် သင်္ဘောသာ ပြည်တော်ပြန်နိုင်ခဲ့ပြီး စိတြဒူတအမည်ရသည့် သင်္ဘောမှာမူ လေပြင်းမုန်တိုင်းမိသဖြင့် လမ်းခရီးဆုံးသို့ မရောက်နိုင်သေးဘဲ ရှိနေခဲ့သည်။ ဓမ္မစေတီမင်းနှင့်တကွ တိုင်းသူပြည်သားတို့ ပူဆွေးသောက ရောက်ခဲ့ကြပြီး ပျောက်ဆုံးနေသည့် သင်္ဘောတစ်စင်းပေါ်က ရဟန်းသံဃာတော်များ ဘေးမသီရန်မခဘဲ အမြန်ဆုံးပြန်ရောက်ရှိစေရေး အတွက် ဝတ်ပြု ဆုတောင်းခဲ့ကြသည်။ ထိုသို့ ဆုတောင်းရန်အတွက် အဆိုပါ ပျောက်ဆုံးသွားသည့် စိတြဒူတသင်္ဘော ပုံစံတူတစ်စင်း ဖန်တီး တည်ဆောက်ကာ  မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကို ရည်မှန်းအာရုံပြု၍ သင်္ဘောထဲတွင် ဆွမ်း၊ ပန်း၊ ရေချမ်း စသည့် ဒါတဗ္ဗဝတ္ထု အစုစုတို့ဖြင့် ဘုရားကို ဆွမ်းတော်ကြီးတင်လှူ ပူဇော်ပြီး ဆုတောင်းခဲ့ကြသည်။ ထိုသို့ဆုတောင်းပြီးနောက် တော်သလင်းလဆုတ်  ၂  ရက်နေ့တွင် စိတြဒူတသင်္ဘောကြီးမှာ   ဆိပ်ကမ်းသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ လာခဲ့လေသည်။ ထိုအခါမှ အစပြု၍ မွန်လူမျိုးတို့၏ ရိုးရာဓလေ့တစ်ခု အဖြစ် ယနေ့တိုင် အစဉ်အဆက် ပြုလုပ်လာခဲ့ကြပြီး ဒေသအလိုက် ပုံစံအမျိုးမျိုးဖြင့် ကျင်းပခဲ့ကြသည်။  အချို့ကျေးရွာများတွင် ဒါယကာ၊ဒါယိကာမများက ရဟန်းသံဃာတော်များအား လှူဒါန်းခြင်းများရှိသလို အချို့ကျေးရွာများရှိ ဆရာတော် သံဃာတော်များကလည်း ကျေးရွာနှင့် အနီးဝန်းကျင်ရှိ စားဝတ်နေရေးအခက်အခဲ ရှိသူများအား ဆန်နှင့် ငွေကြေးများကို ပြန်လည် လှူဒါန်းခြင်းများလည်း ရှိသည်။ အချို့ဒေသများတွင်မူ ပျားရည်လောင်းပွဲနှင့် စတုမဓူ ဆွမ်းလောင်းပွဲများလည်း တွဲဖက်ကျင်းပလေ့ ရှိကြသည်။ ဘေးအန္တရာယ် ကျရောက်နေသည့် ရဟန်းသံဃာတော်များအား ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေရေးအတွက် ရည်မှန်းကာ  ဆုတောင်းပြီး ဆွမ်းတော်ကြီးတင်လှူ ပူဇော်ပွဲကျင်းပပြီး ယင်းမှ တစ်ဆင့် ရိုးရာမပျက် မွန်တိုင်းရင်းသား လူမျိုးတို့၏ ထူးခြားသည့် ဓလေ့ရိုးရာ ယဉ်ကျေးမှု အဖြစ် ယနေ့တိုင် ဆက်လက် ထိန်းသိမ်း ထားရှိပေသည်။   ။

သိမ့်ချယ်ရီ-ရေး (ပြန်ဆက်)