ဖွံ့ဖြိုးတိုးတက်ဖို့ စာပေဖတ်ကြစို့
Posted_Date
Image

Body
လူတစ်ဦးတစ်ယောက်ချင်းစီမှာ ကိုယ်ခန္ဓာကြံ့ခိုင်ထွားကျိုင်းဖို့လိုသလို သန်စွမ်းကျန်းမာဖို့လည်းလိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာကြံ့ခိုင်ထွားကျိုင်းပြီး သန်စွမ်းကျန်းမာဖို့အတွက် အာဟာရဖြစ်စေတဲ့အစားအစာတွေကိုစားသုံးကြရတယ်။ ဒါကလည်း တစ်ရက်တလေစားသုံးကြရတာမဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်းစားသုံးနေကြရတဲ့ နိစ္စဓူဝကိစ္စပါ။ စားသုံးနေကြရတဲ့ အစားအစာတွေထဲမှာရှိနေတဲ့ အရသာကလည်းအမျိုးမျိုးပါပဲ။ အချို၊ အချဉ်၊ အငန်၊ အစပ်၊ အဖန်၊ အခါးစတဲ့အရသာတွေပါ။ အဲဒီအရသာတွေကိုလျှာကပဲသိပါတယ်။ အဲဒီအရသာတွေက ကိုယ်ခန္ဓာဖွံ့ဖြိုးဖို့ကို ဖြည့်ဆည်းပေးနေတာပါ။ ကိုယ်ခန္ဓာဖွံ့ဖြိုးလာတာနဲ့အမျှ ကြံ့ခိုင်ထွားကျိုင်းလာသလို သန်စွမ်းကျန်းမာလာတော့တာပါပဲ။
အရသာရှိတဲ့အစားအစာတွေထဲမှာ ရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်ပေးတဲ့စားစရာအစားအစာတွေ၊ အင်အားဖြစ်စေတဲ့စားစရာအစားအစာတွေ၊ ခန္ဓာကိုယ်ကြီးထွားစေတဲ့စားစရာအစားအစာတွေဆိုပြီးအမျိုးမျိုးရှိတယ်။ ဒန့်သလွန်ရွက်၊ မြင်းခွာရွက်၊ မုန်ညင်းရွက်၊ ကန်စွန်းရွက်၊ ဘူးညွန့်၊ ဟင်းနုနယ်၊ ပဲပင်ပေါက်၊ ပဲတောင့်ရှည်၊ မုန်လာဥနီ၊ သံပရာသီး၊ ပဲစောင်းလျားသီး၊ ရွှေဖရုံသီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းချဉ်သီး၊ ဆီးဖြူသီး၊ သရက်သီး၊ သင်္ဘောသီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ မာလကာသီးစတာတွေက ရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်ပေးတဲ့ စားစရာအစားအစာတွေပါပဲ။ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ခေါက်ဆွဲ၊ ပြောင်းဖူး၊ မုန့်ဖက်ထုပ်၊ ကောက်ညှင်းထုပ်၊ ပေါင်မုန့်၊ နံပြား၊ ထောပတ်၊ သကြား၊ ဆီ၊ ကြံသကာ၊ ထန်းလျက်၊ ဘီစကွတ်စတာတွေကတော့အင်အားဖြစ်စေတဲ့စားစရာအစားအစာတွေပါ။ အသား၊ ငါး၊ အသည်း၊ ပုစွန်ခြောက်၊ ငါးကလေး၊ပုစွန်တုပ်၊ ပုစွန်ဆိတ်၊ ငါးကလေးခြောက်၊ ပဲပြား၊ တိုဟူး၊ ဘဲသွေး၊ ဘဲဥ၊ ကြက်ဥ၊ ငုံးဥ၊ ပဲလွမ်း၊ မြေပဲ၊ကုလားပဲ၊ ပဲနီလေး၊ ပဲကြီး၊ ပဲပုပ်စတဲ့အစားအစာတွေကတော့ ခန္ဓာကိုယ်ကြီးထွားစေတဲ့စားစရာအစားအစာတွေပဲဖြစ်ပါတယ်။
ကြံ့ခိုင်ထွားကျိုင်းပြီးသန်စွမ်းကျန်းမာဖို့အတွက် ကိုယ်ခန္ဓာဖွံ့ဖြိုးစေတဲ့အာဟာရဖြစ်အစားအစာတွေက အရေးကြီးလှသလို အတွေးအခေါ်မြင့်မားပြီး အမြော်အမြင်ကျယ်ပြန့်ဖို့၊ အသိနဲ့သတိတွဲယှဉ်ပြီးဆင်ခြင်တုံတရားရှိဖို့၊ အကြောင်းနဲ့အကျိုး၊ အကောင်းနဲ့အဆိုး၊ အမှားနဲ့အမှန်ကိုကွဲကွဲပြားပြားခွဲခြားနိုင်ပြီး အမှားကိုရှောင်ဖို့၊ အမှန်ကိုဆောင်ဖို့၊ စာရိတ္တသီလနဲ့ဝါရိတ္တသီလကို လုံခြုံအောင်စောင့်ထိန်းပြီး ကိုယ်ကျင့်တရားကောင်းမွန်ဖို့၊ မိမိဘဝကိုမိမိကိုယ်တိုင်တည်ဆောက်နိုင်ပြီး ဘဝလမ်းကြောင်းမတိမ်းစောင်းအောင်ထိန်းကျောင်းနိုင်ဖို့အတွက် နှလုံးသားနဲ့ဦးနှောက်ကိုအာဟာရဖြစ်စေမယ့် အစာကလည်းအရေးကြီးလှပါတယ်။နှလုံးသားနဲ့ဦးနှောက်ကိုအာဟာရဖြစ်စေတဲ့ အစာကတော့ “စာပေ”ပါပဲ။
ကြံ့ခိုင်ထွားကျိုင်းပြီးသန်စွမ်းကျန်းမာဖို့အတွက် ကိုယ်ခန္ဓာဖွံ့ဖြိုးစေတဲ့အာဟာရဖြစ်အစားအစာတွေထဲမှာအရသာတွေရှိနေသလို နှလုံးသားနဲ့ဦးနှောက်ကိုအာဟာရဖြစ်စေတဲ့ “စာပေ”တွေထဲမှာလည်းအရသာတွေရှိနေပါတယ်။ “စာပေ”တွေထဲမှာရှိနေတဲ့အရသာတွေကကိုးမျိုးတောင်ရှိပါတယ်။ အဲဒီအရသာကိုးမျိုးကိုတော့ “ချစ်၊ ရွှင်၊ သနား၊ တည်ကြား၊ ကြမ်းကြုတ်၊ စက်ဆုပ်၊ ကြောက်ရွံ့၊ ရဲဝံ့၊ အံ့ဩနောအရသာ၊ ကျမ်းဂန်လာ”လို့ ရှေးစာဆိုမြန်မာပညာရှိတွေက ဆိုထုံးပြုခဲ့ကြပါတယ်။
“ချစ်”ဆိုတာက ချစ်ခင်မြတ်နိုးစိတ်ဖြစ်ပေါ်လာပြီး ခံစားလိုက်ရတဲ့ “သိင်္ဂါရရသ”၊ “ရွှင်”ဆိုတာကစိတ်ရွှင်ကိုယ်လန်းလာကာ ရယ်ရွှင်ချင်စိတ်ဖြစ်ပေါ်လာပြီး ခံစားလိုက်ရတဲ့ “ဟဿရသ”၊ “သနား”ဆိုတာက ကိုယ်ချင်းစာနာ၊ ငဲ့ညှာထောက်ထားသနားကြင်နာစိတ်တွေဖြစ်ပေါ်လာပြီးခံစားလိုက်ရတဲ့ “ကရုဏာရသ”၊“တည်ကြား” ဆိုတာကတည်ကြည်ငြိမ်းအေးစိတ်ဖြစ်ပေါ်လာပြီး ခံစားရတဲ့“သန္တရသ”၊ “ကြမ်းကြုတ်”ဆိုတာက ရုန့်ရင်းရက်စက်ခက်ထန်တာတွေကိုတွေ့ပြီး ခံစားရတဲ့“ရုဒ္ဒရသ”၊ “စက်ဆုပ်”ဆိုတာကစက်ဆုပ်ရွံရှာလာကာ အော့နှလုံးနာရအောင်ခံစားရတဲ့ “ဝီဘစ္ဆရသ”၊ “ကြောက်ရွံ့” ဆိုတာက ထိတ်လန့်ကြောက်ရွံ့လာအောင်ခံစားရတဲ့ “ဘယာနကရသ”၊ “ရဲဝံ့”ဆိုတာကရဲသွေးရဲမာန်တွေနိုးကြားတက်ကြွလာပြီး အားထုတ်ကြိုးစားလိုစိတ်တွေထက်သန်လာအောင်ခံစားရတဲ့ “ဝီရရသ”၊ “အံ့ဩ”ဆိုတာက ဖြစ်တန်ကောင်းတယ်လို့ ထင်မှတ်မထားဘဲ ထူးဆန်းအံ့ဩစရာတွေကိုတွေ့ရပြီးခံစားရတဲ့ “အဗ္ဘုတရသ”ဆိုတဲ့ရသကိုးမျိုးပါ။ အဲဒီရသကိုးမျိုးက “စာပေ”တွေထဲမှာပဲရှိပါတယ်။
“စာပေ”ထဲမှာပဲရှိတဲ့ ရသကိုးမျိုးက နှလုံးသားနဲ့ဦးနှောက်ကိုခွန်အားဖြစ်စေတဲ့ အာဟာရတွေပါပဲ။စာပေတွေထဲမှာရှိနေတဲ့ရသကိုးမျိုးက ကိုယ့်ဆီကိုအလိုလိုရောက်မလာပါဘူး။ စာပေထဲမှာရှိနေတဲ့ ရသကိုးမျိုးကို ကိုယ်ကိုယ်တိုင်တွေ့အောင်ရှာဖွေရမှာပါ။ ဘယ်လိုရှာဖွေရမလဲဆိုရင်တော့စာပေတွေကိုဖတ်မှတ်လေ့လာပြီး ရှာဖွေရမှာပဲဖြစ်ပါတယ်။ စာတစ်အုပ်ကိုပဲဖတ်ဖတ်၊ ကဗျာတစ်အုပ်ကိုပဲဖတ်ဖတ်၊ စာတစ်ပုဒ်ကိုပဲဖတ်ဖတ်၊ ကဗျာတစ်ပုဒ်ကိုပဲဖတ်ဖတ် ဖတ်ပြီးတာနဲ့အနည်းဆုံးရသတစ်မျိုးမျိုးကိုတော့ခံစားရမှာမလွဲပါဘူး။သိင်္ဂါရရသကိုခံစားရတော့ချစ်ခင်မြတ်နိုးတန်ဖိုးထားတဲ့စိတ်ဖြစ်ပေါ်လာတယ်။ အဲဒီစိတ်ဖြစ်ပေါ်လာတော့မုန်းတီးတဲ့စိတ်၊ ဝန်တိုတဲ့စိတ်၊ ရန်လိုတဲ့စိတ်ဖြစ်ပေါ်မလာတော့ဘူး။ သိင်္ဂါရရသက မုန်းတီးတဲ့စိတ်၊ ဝန်တိုတဲ့စိတ်၊ ရန်လိုတဲ့စိတ်ကိုတားဆီးနိုင်တယ်။ ဟဿရသကိုခံစားလိုက်ရတော့ညစ်ညူးနောက်ကျုနေတဲ့စိတ်ကကြည်လင်လန်းဆန်းလာတယ်။
တင်းမာနေတဲ့အကြောအခြင်တွေကလည်းပျော့ပျောင်းလာတယ်။ မျက်နှာပြင်မှာ ပြုံးရိပ်သန်းလာတယ်။ ပြုံးရိပ်သန်းလာရာကနေရယ်ချင်လာတယ်။ ရယ်ချင်လာလို့ရယ်လိုက်ရတော့ ပေါ့ပါးသွက်လက်လာတယ်။ “ရယ်သောသူအသက်ရှည်၏” လို့ဆိုတဲ့အတိုင်း ဟဿရသကရလာတဲ့အသက်ရှည်ဆေးပါပဲ။ ကရုဏာရသကိုခံစားလိုက်ရတော့ သနားကြင်နာတတ်တဲ့စိတ်၊ ထောက်ထားငဲ့ညှာတဲ့စိတ်၊ ကိုယ်ချင်းစာနာတဲ့စိတ်တွေဖြစ်ပေါ်လာတယ်။ အဲဒီစိတ်တွေဖြစ်ပေါ်လာတော့ တစ်ဖက်သားနစ်နာပျက်စီးတာတွေကိုမလိုလားဘူး။ တစ်ဖက်သားရဲ့ကောင်းကျိုးချမ်းသာကိုပဲလိုလားလာတယ်။ထောင်လွှားမောက်မာစိတ်မရှိတော့ဘူး။ စိတ်ကနူးညံပျော့ပျောင်းလာတယ်။
ယဉ်ကျေးသိမ်မွေ့လာတယ်။ အဲဒါကရုဏာရသကရလာတဲ့ကောင်းကျိုးပါပဲ။သန္တရသကိုခံစားလိုက်ရတော့ အေးငြိမ်းတည်ကြည်တဲ့အရသာကိုတွေ့လာတယ်။ အေးငြိမ်းတည်ကြည်တဲ့အရသာကစိတ်ကို ကြည်လင်လန်းဆန်းစေတယ်။စိတ်ပျိုကိုယ်နုဖြစ်လာတော့တာပါပဲ။ ဒီတော့ သန္တရသကို စွဲမက်နှစ်သက်လာတာပေါ့။ သန္တရသကို စွဲမက်နှစ်သက်လာတာနဲ့အမျှဆူဆူညံညံပွက်လောရိုက်နေတာတွေ၊ ကယောက်ကယက်ဖြစ်နေတာတွေကိုကြားလည်းမကြားချင်၊မြင်လည်း မမြင်ချင်တော့ဘူး။ တည်ငြိမ်အေးချမ်းတာတွေကိုပဲ မြင်ချင်ကြားချင်နေတယ်။ ကိုယ်ကိုယ်တိုင်ကလည်း တည်ငြိမ်အေးချမ်းတာကိုလိုလားလာသလို သူတစ်ပါးကိုလည်း တည်ငြိမ်အေးချမ်းစေချင်လာတယ်။ အဲဒါသန္တရသကပေးတဲ့ငြိမ်းချမ်းရေးလမ်းစပါပဲ။
စာပေရေးသားပြုစုကြရတဲ့စာရေးဆရာတွေက ဇာတ်ကောင်တွေရဲ့စရိုက်လက္ခဏာတွေကိုပီပြင်အောင်ရေးဖွဲ့ကြရတယ်။ အချို့ဇာတ်ကောင်တွေရဲ့စရိုက်လက္ခဏာကကြမ်းကြုတ်တယ်။ နှစ်သက်စရာမကောင်းဘူး။ မုန်းတီးဖို့ကောင်းတယ်။ အဲဒါကရုဒ္ဒရသကနေရလာတဲ့ခံစားမှု အသိပါပဲ။ အချို့ဇာတ်ကောင်တွေရဲ့ စရိုက်လက္ခဏာတွေကစက်ဆုပ်ရွံရှာဖို့ကောင်းတယ်။ အဲဒါက ဝီဘစ္ဆရသကပေးလို့ရလာတဲ့ခံစားမှုအသိပဲပေါ့။ အချို့ဇာတ်ကောင်တွေရဲ့စရိုက်လက္ခဏာကျတော့ ကြောက်ရွံ့ထိတ်လန့်စရာကောင်းတယ်။ ဘယာနကရသကနေပေးလို့ရလာတဲ့ခံစားမှုအသိပါပဲ။ အဲဒီအသိတွေရလာတော့ကြမ်းကြုတ်တာတွေ၊ စက်ဆုပ်စရာတွေ၊ ထိတ်လန့်ကြောက်ရွံ့စရာတွေကိုမကျူးလွန်တော့ဘူး။ မကျူးလွန်မိအောင်ရှောင်ကြဉ်ရမယ်ဆိုတဲ့အသိက စိုးမိုးနေလို့ပါပဲ။ဘဝခရီးလမ်းဆိုတာက ဖြောင့်တန်းမနေဘူး။ အကွေ့အကောက်တွေရှိတယ်။ အတက်အဆင်းတွေရှိတယ်။ ပြေပြစ်ချောမွေ့မနေဘူး။ ကြမ်းတမ်းတဲ့အခက်အခဲတွေရှိတယ်။ ပိတ်ဆို့ကာဆီးဟန့်တားနေတဲ့ဆူးငြောင့်ခလုတ်တံသင်းတွေရှိတယ်။ ဒါတွေကို ဘယ်သူမှရှောင်လွှဲလို့မရပါဘူး။ ဘယ်သူမဆိုတွေ့ကြုံကြရမှာပါ။ ရင်ဆိုင်ကျော်လွှားဖြတ်သန်းကြရမှာပါပဲ။ ဒီအခါမှာ နိုးကြားတက်ကြွဖို့လိုတယ်၊ ဇွဲထက်သန်ဖို့လိုတယ်၊ စိတ်ဓာတ်ခိုင်မာဖို့လိုတယ်၊ လုံ့လဝီရိယရှိဖို့လိုတယ်၊ဖြောင့်မတ်တည်ကြည်ဖို့လိုတယ်၊ ရဲရင့်တဲ့သတ္တိရှိဖို့လိုတယ်။ အဲဒီလိုအပ်ချက်တွေကိုတော့ စာပေတွေထဲမှာရှိနေတဲ့ ဝီရရသရဲ့အရသာကဖြည့်ဆည်းပေးနိုင်ပါတယ်။
မဖြစ်နိုင်လောက်ဘူးလို့ထင်ထားတာတွေက အံ့ဩစရာကောင်းအောင်ဖြစ်လာတယ်။ အံ့ဩစရာကောင်းအောင်ဖြစ်ပေါ်လာတာကိုမြင်ပြီး အားကျတဲ့စိတ်၊ ကြိုးစားချင်တဲ့စိတ်ဖြစ်ပေါ်လာတယ်။ အဲဒီစိတ်တွေဖြစ်ပေါ်လာအောင်လှုံ့ဆော်ပေးနေတာကတော့စာပေထဲမှာရှိနေတဲ့ အဗ္ဘုတရသပါပဲ။ စာပေထဲမှာရှိနေတဲ့အရသာတွေကိုနှစ်သက်မြတ်နိုးလာတာနဲ့အမျှ ကောင်းတာတွေကိုဆောင်ဖို့၊ မကောင်းတာတွေကိုရှောင်ဖို့၊ စိတ်ထားဖြူစင်ဖို့အသိတွေရရှိလာတာပေါ့။ အဲဒီအသိတွေကိုစာပေထဲကရရှိနိုင်ပါတယ်။
စာပေဆိုတဲ့ဝေါဟာရကို “ အကြောင်းအရာ၊ အဖြစ်အပျက်၊ အတွေးအခေါ်တို့ကို ရသမြောက်အောင်၊ သုတပွားအောင်ရေးဖွဲ့ထားသည့်စာ”လို့ မြန်မာအဘိဓာန်ထဲမှာ အဓိပ္ပာယ်ဖွင့်ဆိုပေးထားပါတယ်။ ရသမြောက်အောင်ရေးဖွဲ့ထားတဲ့စာပေကို ရသစာပေလို့ခေါ်ဆိုပါတယ်။ ရသပေါ်အောင်ဖွဲ့နွဲ့ရေးသားထားတဲ့ကဗျာလင်္ကာ၊ စကားပြေစတာတွေက ရသစာပေအမျိုးအစားထဲမှာပါတာပါ။ သုတပွားအောင်ရေးဖွဲ့ထားတဲ့စာပေကိုတော့ သုတစာပေလို့အမည်တွင်ပါတယ်။ ဗဟုသုတဖြစ်ဖွယ်ရေးသားထားတဲ့စာတွေက သုတစာပေအမျိုးအစားထဲမှာပါတာပါပဲ။
သုတစာပေထဲမှာကနည်းပညာရပ်ဆိုင်ရာ အတတ်ပညာတွေစုံနေတာပဲ။ ကိုယ်နှစ်သက်တဲ့နည်းပညာရပ်တွေကို ရှာဖွေစုဆောင်းလို့ရတယ်။ရှာဖွေစုဆောင်းလို့ရတဲ့နည်းပညာရပ်ဆိုင်ရာအတတ်ပညာတွေက အသက်မွေးဝမ်းကျောင်းပြုလို့ရတယ်။ ကြီးပွားတိုးတက်အောင်လုပ်ဆောင်နိုင်တယ်။ အဲဒါသုတစာပေတွေကိုဖတ်မှတ်ရာကနေရလာတဲ့ အကျိုးကျေးဇူးတွေပါပဲ။ ရသစာပေအမျိုးအစားကိုပဲဖတ်ဖတ်၊ သုတစာပေအမျိုးအစားကိုပဲဖတ်ဖတ် ဖတ်တဲ့စာပေတွေကအကျိုးပြုတာချည်းပါပဲ။ ဖတ်တဲ့အခါမှာ ဖတ်ရုံနဲ့မပြီးဘူး။ ဖတ်သမျှကိုမှတ်ထားရမယ်။ ဖတ်ပြီးမှတ်ထားတာတွေကိုလည်းအသုံးချရဦးမှာပါ။
ရသစာပေကိုဖတ်ပြီးမှတ်တော့ “အသိပညာ”တွေ ကြွယ်ဝတိုးပွားလာတယ်။ သုတစာပေကိုဖတ်ပြီးမှတ်တော့ “အတတ်ပညာ” တွေ ကြွယ်ဝတိုးပွားလာတယ်။ ဖတ်ပြီးမှတ်ထားတဲ့ “အသိပညာ”တွေနဲ့ “အတတ်ပညာ”တွေကိုအလဟဿမဖြစ်စေရဘူး။ အဲဒါတွေက ဘဝတစ်သက်တာလုံးအတွက်အသုံးကျတယ်၊ အသုံးဝင်နေတယ်။ ဒါကြောင့်ဖတ်ရာမှတ်ရာကနေ ကြွယ်ဝတိုးပွားလာတဲ့ “အသိပညာ”နဲ့ “အတတ်ပညာ”တွေကိုအကျိုးရှိအောင်အသုံးချပေးရမယ်။ အသုံးမချရင်တော့အလဟဿဖြစ်သွားမှာပေါ့။ အသုံးချရင်တော့ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ပြီး ကြီးပွားချမ်းသာနေမှာဖြစ်သလို လူနေမှုအဆင့်အတန်းကလည်း ဖွံ့ဖြိုးပြီးတိုးတက်မြင့်မားနေမှာပါ။ လူနေမှုဘဝနဲ့ လူနေမှုအဆင့်အတန်းကို ကြီးပွားဖွံ့ဖြိုးပြီး တိုးတက်မြင့်မားအောင် စွမ်းဆောင်နိုင်တဲ့သူတွေကတော့ လူကောင်းလူတော်၊ လူတော်လူကောင်းတွေပါပဲ။
ကိုယ့်ကိုယ်ကိုယ်လူကောင်းဖြစ်အောင်ကြိုးစားကြရမှာဖြစ်သလို လူတော်ဖြစ်အောင်လည်းကြိုးစားကြရမှာပါ။ ရသစာပေကိုဖတ်မှတ်လေ့လာဆည်းပူးရင်လူကောင်းဖြစ်လာနိုင်သလို သုတစာပေကိုဖတ်မှတ်လေ့လာဆည်းပူးရင်လူတော်ဖြစ်လာနိုင်ပါတယ်။
လူကောင်းဆိုတာက စိတ်ရင်းဖြူစင်တဲ့လူ၊ ဖြောင့်မတ်တည်ကြည်တဲ့လူ၊ရိုးသားတဲ့လူကိုခေါ်တာ။ အဲဒီလူကောင်းတွေက သာယာငြိမ်းအေးအောင် ဆောင်နှင်းပေးနိုင်တယ်။ ဉာဏ်ရည်ထက်မြက်တဲ့လူ၊ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့လူ၊ အတွေးအခေါ်မြင့်မားတဲ့လူကိုတော့ လူတော်လို့ခေါ်တာပေါ့။ လူတော်လို့ခေါ်ရတဲ့ တော်တဲ့လူကဖွံ့ဖြိုးတိုးတက်အောင်စွမ်းဆောင်ပေးနိုင်တယ်။
ကောင်းလည်းကောင်း၊တော်လည်းတော်တဲ့ လူကောင်းလူတော်တွေကသာ သာယာငြိမ်းအေးဖို့နဲ့ဖွံ့ဖြိုးတိုးတက်ဖို့ နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်းဆောင်ရွက်ပေးနိုင်တာပါ။ အဲဒီနှစ်မျိုးလုံးဖြစ်ပေါ်လာအောင်တစ်ပြိုင်နက်တည်း စွမ်းဆောင်ပေးနိုင်တဲ့လူကောင်းလူတော်၊ လူတော်လူကောင်းတွေကို “ပညာပြည့်ဝနှလုံးလှ” သူတွေလို့ ချီးမွမ်းဂုဏ်ယူထောမနာပြုကြတယ်။ “ပညာပြည့်ဝနှလုံးလှ”သူက အသိပညာနဲ့အတတ်ပညာနှစ်မျိုးလုံးကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တယ်။ ဒါ့အပြင် စိတ်ရင်းကောင်းရှိပြီး စိတ်ထားဖြူစင်တယ်။ ရသစာပေနဲ့သုတစာပေကိုဖတ်ရာမှတ်ရာကနေရရှိလာတဲ့ “ပညာပြည့်ဝနှလုံးလှ”သူရဲ့အရည်အသွေးတွေပါပဲ။ ပညာပြည့်ဝနှလုံးလှတဲ့သူတွေကတော့ သီလနဲ့ပညာပြည့်ဝကြသူများလည်းပဲဖြစ်ပါတယ်။
လူတစ်ယောက်မှာမရှိမဖြစ်ရှိနေရမှာက “သီလ”နဲ့ “ပညာ”ပါ။ သီလလုံပြီးပညာပြည့်စုံတဲ့လူက အမြတ်ဆုံးလူသားပါလို့ဗုဒ္ဓရှင်တော်ဘုရားက “သောဏဒဏ္ဍသုတ္တန်တော်”ထဲမှာ မိန့်ဖော်မြွက်ကြားတော်မူခဲ့ပါတယ်။ အမြတ်ဆုံးလူသားဖြစ်ချင်ရင်တော့ သီလကိုလုံခြုံအောင်စောင့်ထိန်းဆောက်တည်ရမှာဖြစ်သလိုယနေ့ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့နည်းပညာအရပ်ရပ်ကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်အောင်သင်ယူလေ့လာဆည်းပူးကြရမှာပဲဖြစ်ပါတယ်။ သင်ယူလေ့လာဆည်းပူးနည်းတွေကလည်းအများကြီးပါ။စာပေဖတ်ရှုလေ့လာဆည်းပူးမှတ်သားတာကလည်း သင်ယူလေ့လာဆည်းပူးနည်းတစ်မျိုးပါပဲ။လူတကာနှစ်မြို့သဘောကျတဲ့နှလုံးလှသူဖြစ်ရုံနဲ့တော့ ကောင်းကျိုးချမ်းသာမရနိုင်သေးပါဘူး။
မကြီးပွား၊မတိုးတက်နိုင်သေးပါဘူး။ အသက်မွေးဝမ်းကျောင်းပြုလို့ရနိုင်တဲ့အတတ်ပညာတစ်ရပ်ရပ်ကို ကျွမ်းကျင်တတ်မြောက်ထားရဦးမှာပါ။ ကျွမ်းကျင်တတ်မြောက်ထားတဲ့အသက်မွေးဝမ်းကျောင်းပညာနဲ့ မိမိဘဝကိုတည်ဆောက်နိုင်ပါတယ်။ ကျွမ်းကျင်တတ်မြောက်ထားတဲ့အတတ်ပညာကိုအမှီသဟဲပြုပြီး အသက်မွေးဝမ်းကျောင်းပြုရင် ကောင်းကျိုးချမ်းသာရရှိလာမှာဖြစ်သလို ကြီးပွားတိုးတက်လာမှာလည်း အသေအချာပါပဲ။ အတတ်ပညာဟူသမျှက သေးငယ်တယ်၊ ကြီးမားတယ်လို့ပြောမရပါဘူး။ အမှန်တကယ်ကျွမ်းကျင်တတ်မြောက်ထားရင် ကောင်းကျိုးပြုတာချည်းပါပဲ။ ဒါပေမဲ့ ကောင်းတဲ့အတတ်ပညာဖြစ်ဖို့တော့လိုတာပေါ့။ ကောင်းတဲ့အတတ်ပညာကသာ ကောင်းတဲ့အသက်မွေးဝမ်းကျောင်းပြုနိုင်တာပါ။
ကောင်းတဲ့အတတ်ပညာလား၊မကောင်းတဲ့အတတ်ပညာလားဆိုတာကိုတော့ ကိုယ်ကိုယ်တိုင်စဉ်းစားချင့်ချိန်ရမှာပါ။ စဉ်းစားချင့်ချိန်နိုင်ဖို့ကိုတော့ အသိပညာလိုပါတယ်။
“ကြားမြင်ရာမှဖြစ်စေ၊ ဖတ်ရှုလေ့လာရာမှဖြစ်စေ ရသောပညာ”ကို အသိပညာလို့ခေါ်ပါတယ်။အဲဒီအသိပညာက အမှားနဲ့အမှန်၊ အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုးကို ခွဲခွဲခြားခြား၊ ကွဲကွဲပြားပြားသိမြင်နိုင်စွမ်းရှိပါတယ်။ နာယူမှတ်သားလေ့လာခြင်း၊ ဖတ်ရှုမှတ်သားလေ့လာခြင်းကနေ အသိပညာကိုရယူနိုင်ပါတယ်။ အသိပညာကြွယ်ဝလာတာနဲ့အမျှ ကောင်းတဲ့အတတ်ပညာလား၊ မကောင်းတဲ့အတတ်ပညာလားဆိုတာကို သိမြင်နိုင်ပါတယ်။ ကောင်းတဲ့အတတ်ပညာကိုသင်ယူနိုင်ဖို့အတွက် အသိပညာကြွယ်ဝအောင် လေ့လာဆည်းပူးပြီးဖြည့်ဆည်းနေကြရမှာပါပဲ။ အသိပညာကြွယ်ဝပြီး ကောင်းတဲ့အတတ်ပညာကျွမ်းကျင်တတ်မြောက်တဲ့သူကို ပညာပြည့်ဝတဲ့သူလို့ခေါ်ပါတယ်။
နှလုံးသားဖြူစင်လှပနေလင့်ကစား ကောင်းကျိုးပြုနိုင်တဲ့အတတ်ပညာမတတ်မြောက်ရင် အသုံးမတည့်နိုင်ပါဘူး။ အလားတူပါပဲ။ အတတ်ပညာကို ကမ်းကုန်အောင်တတ်မြောက်ကျွမ်းကျင်နေလင့်ကစား နှလုံးသားကမဖြူစင်၊ မလှပရင်လည်း အသုံးမတည့်နိုင်ပါဘူး။ ဖြူစင်လှပတဲ့နှလုံးသားနဲ့အတူ ကျွမ်းကျင်တတ်မြောက်နေတဲ့ အတတ်ပညာက ဒွန်တွဲနေမှသာအသုံးတည့်ပါတယ်။ ပညာပြည့်ဝပြီးနှလုံးသားလှဖို့နဲ့ နှလုံးသားလှပြီးပညာပြည့်ဝဖို့က အရေးကြီးလွန်းလှပါတယ်။ “ပညာပြည့်ဝနှလုံးလှ”တဲ့သူတွေဖြစ်အောင် ကြိုးစားကြရပါမယ်။
ရသစာပေနဲ့သုတစာပေကိုဟန်ချက်ညီအောင်ဖတ်မှတ်လေ့လာဆည်းပူးထားတဲ့သူက “ပညာပြည့်ဝနှလုံးလှ”တဲ့သူတွေဖြစ်လာတာပါပဲ။ “ပညာပြည့်ဝနှလုံးလှ”တဲ့သူတွေကသာ မိမိအတွက်ရောအများတကာအတွက်ပါကောင်းကျိုးချမ်းသာရရှိအောင်၊ ကြီးပွားတိုးတက်အောင်ဆောင်ရွက်နိုင်ကြပါတယ်။ပညာပြည့်ဝနှလုံးလှသူတွေဖြစ်ဖို့အတွက် ရသစာပေနဲ့သုတစာပေကိုဟန်ချက်ညီအောင် ဖတ်မှတ်လေ့လာဆည်းပူးကြရမှာပဲမဟုတ်ပါလား။ ။
Source: https://myawady.net.mm/stories
Photo - ICS career GPS