သဘာဝဘေးများနှင့် လျှပ်စစ်အန္တရာယ်
Posted_Date
Image

Body
သဘာဝဘေးအန္တရာယ်ကျရောက်လာပါက နိုင်ငံတော်မှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများကယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပြန်လည်နေရာချထားရေးကိစ္စတို့ကို ကြိုတင်စီစဉ်ဆောင်ရွက်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မိုးလေဝသသတင်းများကို အခါမလပ် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့်သတင်းစာများမှ ကြိုတင်အသိပေးကြေညာခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
စာရေးသူအနေဖြင့် မကြာခင်ကဖြစ်ပွားခဲ့သောရာဂိမုန်တိုင်းကဲ့သို့သော ရေကြီးရေလျှံခြင်းမျိုး မကြာသေးမီကဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးကဲ့သို့သောငလျင်ကြီးမျိုး စသည့်သဘာဝဘေးအန္တရာယ် မျိုးဖြစ်ပွားလာပါက ဖြစ်နိုင်ဖွယ်ရာရှိသော လျှပ်စစ်အန္တရာယ်များကို ဘေးသင့်ဒေသရှိပြည်သူများ သိရှိရှောင်ရှားကာကွယ်နိုင်ကြစေရန် ရေးသားတင်ပြလိုသည်။
ပထမဦးစွာရေကြီးရေလျှံချိန်တွင်ရေဝင်နစ်မြုပ်နေသည့် နေအိမ်အဆောက်အအုံများ၌ဆက်သွယ်တပ်ဆင်အသုံးပြုနေသည့် လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများ၊ ရေနစ်မြုပ်နေသည့် ထရန်စဖော်မာများ၊ ရေနစ်မြုပ်နေသည့်ဓာတ်တိုင်များ၊ ဓာတ်အားလိုင်းများသည် လျှပ်စစ်ဓာတ်အားရှိနေပါက ဓာတ်လိုက် မှုအန္တရာယ် ဖြစ်ပေါ်နိုင်ပေသည်။ သို့ဖြစ်၍လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ငလျင်ကြောင့် တိုင်ပြိုလဲမှုရှိသည့်နေရာများ ရေလွှမ်းမိုးမှုဒဏ်ခံနေရသည့်နေရာဒေသများကို လျှပ်စစ်ဓာတ်အားခေတ္တဖြတ်တောက်(ဓာတ်အားပိတ်)ထားရသည်။ ပြည်သူတို့ အသက်အန္တရာယ်ဖြစ်မည်စိုး၍ ပိတ်ပေးထားရခြင်းသာဖြစ်သည်။
ထိုသို့ အချိန်နှင့်တစ်ပြေးညီ လျှပ်စစ်ဓာတ်အားပိတ်ထားနိုင်ရန်အတွက်လည်း ရပ်ကွက်အတွင်းရှိ တာဝန်ရှိပြည်သူများက မိမိတို့ရပ်ကွက်၌ ရေကြီးရေလျှံ၍ လမ်းများ၊ အိမ်များ၊ လျှပ်စစ်ပစ္စည်းများ ရေနစ်မြုပ်ပါက သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးများသို့ ဆက်သွယ်အကြောင်းကြားကြရန်လိုအပ်လှသည်။
ထို့အတူ မိုးဒဏ်၊ လေဒဏ်၊ ရေတိုးသည့်ဒဏ်များနှင့်ငလျင်ဘေးဒဏ်များကြောင့် ဓာတ်တိုင်များ ယိုင်လဲခြင်း၊ ဓာတ်အားလိုင်းကြိုးများပြတ်ကျခြင်း၊ ဓာတ်အားလိုင်းကြိုးများ လျော့ကျအိကျနေခြင်း၊ ပြတ်ကျနေသောဓာတ်ကြိုးများ သစ်ပင်သစ်ကိုင်းပေါ်တင်နေခြင်း၊ ရေထဲသို့ကျနေခြင်း စသည့် အကြောင်းများကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်လိုက်မှုအန္တရာယ်များ ဖြစ်ပေါ်လာ နိုင်သည်။
ရေပတ်လည်ဝိုင်းရံနေသော၊ ရေဝင်နစ်မြုပ်နေသော ဘုရား၊ တန်ဆောင်း၊ ကျောင်း စသည့် သာသနိကအဆောက်အအုံများ၊ ရုံးများ၊ ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ လူနေအိမ်များရှိ လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများကို ရေစိုနေလျှင် သို့မဟုတ် ရေနစ်မြုပ်နေလျှင်၊ ရေဝင်နေလျှင် ကျန်နေသောအခြားလျှပ်စစ်ဓာတ်အားသုံးပစ္စည်းများကို လုံးဝမသုံးပါနှင့်၊ လျှပ်စစ်မီးခလုတ်များကို မဖွင့်ပါနှင့်၊ မီးခလုတ်ကို ပိတ်ထားပါ၊ ဓာတ်အားမပိတ်ထားမီအချိန်တွင် လျှပ်စစ်ဓာတ်ကြိုးများ၊ အသုံးပြုနေသော လျှပ်စစ်ပစ္စည်းများသည် လျှပ်စစ်ဓာတ်အားရှိနေသည်ဟု မှတ်ယူကြရမည်။
ရေကြီးရေလျှံနေ၍ဖြစ်စေ၊ ငလျင်ကြောင့်မနေရဲ၍ဖြစ်စေ မိမိတို့နေအိမ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာနေရာသို့ ခေတ္တပြောင်းရွှေ့လျှင်လည်း မိမိတို့နေအိမ်ရှိ လျှပ်စစ်မီးခလုတ်များနှင့် မိန်းခလုတ်များကို ပိတ်သွားရန်လိုအပ်သည်။ ရေပြန်ကျ၍ မိမိတို့နေအိမ်သို့ပြန်လာစဉ် အိမ်ထဲတွင်ရေမရှိတော့သော်လည်း လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများဖြစ်သည့် ပလပ်ပေါက်များ၊ မီးခလုတ်များ၊ မော်တာများ၊ မီးအားမြှင့် စက်များ၊ အင်ဗာတာများ ရေဝင်နေလျှင်၊ ရေစိုနေလျှင်၊ ရေငွေ့များရိုက်ထားလျှင်၊ ရွှံ့ညွန်များ၊ အမှိုက်များပေနေလျှင်၊ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့လျှင် ကိုယ်တိုင်ကိုင်တွယ်ပြုပြင်ခြင်း၊ မီးခလုတ် နှင့်လျှပ်စစ်ခလုတ်များ ဖွင့်ခြင်းမပြုသေးဘဲ လျှပ်စစ်ကျွမ်းကျင်သူကို ခေါ်ယူပြသ၍ လိုအပ်သလို ဆောင်ရွက်ပြီး လျှပ်စစ်အန္တရာယ် ရှိ/မရှိ စစ်ဆေးကာ အန္တရာယ်ကင်းရှင်းမှသာ လျှပ်စစ်ခလုတ်များ ကိုဖွင့်ကြရန် သတိပေးလိုသည်။ လျှပ်စစ်ဓာတ်အားသုံးလိုဇောဖြင့် မစစ်ဆေးဘဲမဖွင့်မိကြစေရန် အထူးသတိပြုကြစေလိုသည်။
ရေဘေးသင့်ဒေသများ၌ ရေပြန်ကျသွား၍ ရပ်ကွက်ရှိ ပြည်သူများအနေဖြင့် ညဘက်သွားလာကြရာ၌ လက်နှိပ်ဓာတ်မီးများကို မဖြစ်မနေယူဆောင်သွားသင့်သည်။ ယူဆောင်သွားသောလက်နှိပ် ဓာတ်မီးများဖြင့် ပြတ်ကျနေသောဓာတ်ကြိုးများ၊ အိကျနေသောဓာတ်ကြိုးများနှင့် မြွေများ၊ ကင်းများ၊ ရေနှင့်အတူ ပါလာတတ်သော အဆိပ်ရှိသည့်သတ္တဝါများကို မြင်အောင်ကြည့်၊ လွတ်အောင်ရှောင်၍ရေကြီးပါကဖြစ်လာနိုင်သော လျှပ်စစ်အန္တရာယ်များလွတ်ကင်းအောင် ဆင်ခြင်တုံတရားဖြင့် သတိထားကြစေလိုသည်။
သဘာဝဘေးအန္တရာယ်များကြောင့် နေအိမ်များထိခိုက်မှုများရှိပြီးနောက် မူလအတိုင်း လျှပ်စစ်ကို ပြန်လည်သုံးစွဲနိုင်ခဲ့လျှင်လည်း အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်ကြသည်-
(၁)အိမ်တွင် လျှပ်စစ်ပစ္စည်းများ၊ မီးခလုတ်/ မီးပလပ်နှင့်ဝိုင်ယာကြိုးများကို ကလေးများ မကစားစေရန် သွန်သင်ပေးသင့်သည်။ ဖြစ်နိုင်ပါက ထိုအရာများကို ကလေးများလက်လှမ်းမမီသည့်နေရာတွင် ထားသင့်သည်။
(၂) နေအိမ်ရှိလျှပ်စစ်ပစ္စည်းများအား တစ်ပြိုင်တည်း ဝန်ပိုသုံးစွဲခြင်းမပြုသင့်ပါ။ ယနေ့အချိန်အခါတွင် လျှပ်စစ်ကိုအလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးလျက်ရှိရာ နေအိမ် အများစုသည် ဓာတ်အား ပြန်မပြတ်တောက်ခင် မလုပ်လိုက်ရမရှိစေရန် ဓာတ်အားရလျှင်ရချင်း လျှပ်စစ်ပစ္စည်းအားလုံးကို တစ်ပြိုင်တည်းအသုံးပြုကြလေ့ရှိသည်မှာ အလွန်အန္တရာယ်များလှသည်။
(၃) လျှပ်စစ်ပစ္စည်းများအား သုံးနေစဉ်ဓာတ်အားပြတ်တောက်သွားပါက ခလုတ်ပိတ်ထားသင့်သည်။ ဖြစ်နိုင်လျှင် လျှပ်စစ်ပစ္စည်းများ၏ ပလပ်ခေါင်းများကို ဖြုတ်ထားသင့်သည်။ ပလပ်ဖြုတ်သည့် အခါတွင်လည်း ပလပ်ခေါင်းမှ ကိုင်၍ ဖြုတ်ပါ၊ ကြိုးမှကိုင်၍ ဆွဲမဖြုတ်သင့်ပါ။
(၄) လျှပ်စစ်ပစ္စည်းများအားဆော့ကတ်ပေါက်မှထမ်းဆောင်နိုင်သော ဝန်အားထက်ပို၍ မသုံးစွဲသင့် ပါ။
(၅) လျှပ်စစ်ပစ္စည်းများ၊ မီးပလပ်၊ ခလုတ်၊ဝိုင်ယာကြိုးများ ပေါက်ပြဲ၊ ပျက်စီး၊ ဆွေးမြည့်နေပါက ဆက်မသုံးတော့ဘဲ လဲလှယ်သင့်သည်။
(၆) မီးလုံး၊ မီးချောင်းများ လဲလှယ်ရာတွင် သက်ဆိုင်ရာ မီးခလုတ်အား ပိတ်ပြီးမှ ဆောင်ရွက်သင့်သည် ။ အိမ်သုံးလျှပ်စစ်ပစ္စည်းများ လျှပ်စစ်ပြုပြင်လိုပါက လုံးဝပင်မခလုတ် (Main Switch)ကိုပိတ်ပြီးမှ ပြုလုပ်ဆောင်ရွက်သင့်သည်။
(၇)ရေစိုနေသောလက်ဖြင့်ခလုတ်ဖွင့်/ပိတ်လုပ်ခြင်း၊ ပလပ်ဖြုတ်/တပ်ခြင်းတို့မပြုလုပ်သင့်ပါ။ ထို့အတူ ရေစိုနေသောနေရာများတွင် လျှပ်စစ်ပစ္စည်းများထားရှိအသုံးပြုခြင်းမပြုလုပ်သင့်ပါ။
(၈) လိုအပ်သည်ဖြစ်စေ/ မလိုအပ်သည်ဖြစ်စေ မီးချောင်း၊ ပန်ကာ၊ လေအေးပေးစက်များကို ဆက် တိုက်ဖွင့်ထားခြင်းကိုမပြုလုပ်သင့်ပါ၊ မီတာခ ပိုကုန်ကျသည့်အပြင် အပူလွန်ကဲစေနိုင်သဖြင့် မီးလောင်စေတတ်သည်။
(၉) ဟန်းဖုန်းများ၊ ကွန်ပျူတာများ အားသွင်းရာတွင် လိုအပ်ချိန်ထက် ပိုမိုကြာမြင့်စွာ အားမသွင်းထားသင့်ပါ။
(၁၀) လျှပ်စစ်ပစ္စည်းများနှင့် ဝိုင်ယာကြိုးများတွင် လျှပ်စစ်ဓာတ်အား ရှိ၊ မရှိ မသေချာပါက ဓာတ်အားရှိနေသည်ဟု မှတ်ယူပြီး ဂရုစိုက်သင့်သည်။
(၁၁) အရည်အသွေးကောင်းမွန်သော လျှပ်စစ်ပစ္စည်းများကိုသာ စနစ်တကျ တပ်ဆင်သုံးစွဲသင့်သည်။
(၁၂) နေအိမ်မှ မိသားစုလိုက် ပြင်ပထွက်သည့်အခါ ပင်မမီးခလုတ်အား ပိတ်သွားသင့်သည်။
(၁၃) မီးကြိုးများကို ပူသည့်အရာများအနီးတွင်မထားသင့်ပါ၊ ယာယီမီးကြိုးသွယ်တန်းလျှင် ကြမ်းပြင်ပေါ်မချထားဘဲ အမြင့်မှနေ၍သာ သွယ်တန်းသင့်သည်။
(၁၄) မတော်တဆ လျှပ်စစ်ပစ္စည်းများ၊ မီးကြိုး များမီးလောင်ပါက ရေလောင်းခြင်းမပြုလုပ်ရပါ။ ပင်မမီးခလုတ်ကိုသာအမြန်ပိတ်သင့်သည်။
(၁၅) တစ်ဦးဦးဓာတ်လိုက်ခံရပါက ၎င်းကို ချက်ချင်းသွားမထိသင့်ပါ၊ ပင်မမီးခလုတ်ကိုသာအမြန် ပိတ်သင့်သည်။
ထို့ပြင် သဘာဝဘေးကျရောက်ပြီးနောက်ပိုင်း နေအိမ်တွင်းလျှပ်စစ်လိုင်းများကို ပြုပြင်ဆောင်ရွက်သည့်အခါတွင်လည်း နားလည်တတ်ကျွမ်းသူများဖြင့်သာ ဆောင်ရွက်သင့်သည်။ လျှပ်စစ်တပ်ဆင်ရေး ဆောင်ရွက်သူများအနေဖြင့် သင်တန်းများသေချာစွာတက်ပြီးမှ ဆောင်ရွက်သင့်သလို လိုက်နာရမည့် လျှပ်စစ်သဘောတရားများကိုလည်း အပြည့်အဝလိုက်နာဆောင်ရွက်ကြရန်လိုသည်။ သဘာဝဘေး ကျရောက်ပြီးသည့်နောက် အသစ်ပြန်လည်တည်ဆောက်ရေးများ ဆောင်ရွက်သည့်အခါတွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှအစ နေအိမ်များအဆုံး လျှပ်စစ်ပစ္စည်းများအသုံးပြုသည့်အခါ Load အတိုင်းအတာအလျောက် Cable နှင့် Breaker များကို သင့်လျော်သည့်အရွယ်အစားဖြင့်သာ စနစ်တကျတပ်ဆင် အသုံးပြုသင့်ကြပါကြောင်းနှင့် သဘာဝဘေးကျရောက်ပြီးချိန်များတွင် လျှပ်စစ် အန္တရာယ်ကိုအထူးသတိပြုဆောင်ရွက်သင့်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။ ။
Photo - Vector Stock