နို့စားနွားများတွင်ဖြစ်ပွားသော အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ(HPAI)

Posted_Date

Image

နို့စားနွားများတွင်ဖြစ်ပွားသော အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ(HPAI)

Body

ကြက်ငှက်တုပ်ကွေးရောဂါ (Highly Pathogenic Avian Influenza - HPAI)၊ အထူးသဖြင့် H5N1 ဗိုင်းရပ်ပိုးသည် လက်ရှိအချိန်တွင် ကမ္ဘာ့နေရာအနှံ့၌ စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုတစ်ရပ်အဖြစ်ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကြက်ငှက်များမှအစပြု၍ အိမ်မွေးတိရစ္ဆာန်များနှင့် တောရိုင်းတိရစ္ဆာန်များကို မကြာခဏဆိုသလို ထိခိုက်စေသောကြောင့်ဖြစ်သည်။ အထူးသဖြင့်  အမေရိကန်ပြည်ထောင်စုတွင် နို့စားနွားများအကြား လက်ရှိဖြစ်ပွားနေမှုသည် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၏ စိုးရိမ်မှုများကို မြင့်တက်နေစေသည်။ HPAI ဗိုင်းရပ်သည် အဓိကအားဖြင့် အိမ်မွေးနှင့် တောရိုင်းကြက်၊ ငှက်များကို ထိခိုက်စေသော်လည်း ကုန်းနေနှင့်  ရေနေနို့တိုက်သတ္တဝါများတွင် တွေ့ရှိရမှုများသည်လည်း တိုးပွားလာနေကြောင်း  မကြာသေးမီက ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH)သို့အစီရင်ခံထားသည်။ HPAI (Highly Pathogenic Avian Influenza) ဗိုင်းရပ်၏  အလျားလိုက်ကူးစက်မှု (Horizontal Transmission) ဆိုသည်မှာ ရောဂါပိုးရှိသော အိမ်မွေးတိရစ္ဆာန် သို့မဟုတ် တောရိုင်းတိရစ္ဆာန်တစ်ကောင်မှ အခြားတိရစ္ဆာန်သို့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကူးစက်ခြင်းကိုဆိုလိုသည်။ ဥပမာအားဖြင့် ကြက်ငှက်တုပ်ကွေးဗိုင်းရပ် Avian Influenza H5N1 သည် နွားများ၊ ကြောင်များနှင့် အခြားကြက်၊ ငှက်များအကြား အလျားလိုက်ကူးစက်နိုင်ကြောင်းလေ့လာတွေ့ရှိထားသည်။

-  နွားများမှ အခြားနွားများသို့  ကြက်ငှက်တုပ်ကွေးဗိုင်းရပ်သည် နှာရည်၊ တံတွေး၊ မစင်နှင့် နို့တို့မှတစ်ဆင့် တိရစ္ဆာန်အချင်းချင်း ထိတွေ့မှုဖြင့် ကူးစက်နိုင်သည်။

-   နွားများမှ ကြောင်များသို့ အမေရိကန်ပြည်ထောင်စုတွင် H5N1 ဗိုင်းရပ်ကူးစက်ခံထားရသော နွားနို့ကိုသောက်သုံးမိသည့် ကြောင်များတွင် ဗိုင်းရပ်ပိုးတွေ့ရှိရပြီး ၎င်းတို့မှတစ်ဆင့် အခြားကြောင်များသို့လည်း ကူးစက်နိုင်ကြောင်း အတည်ပြုထားသည်။

-        ကြောင်များမှ ကြက်၊ ငှက်များသို့ ကြောင်များသည် ငှက်များကို ဖမ်းစားတတ်သောကြောင့် ဗိုင်းရပ်ကို သယ်ဆောင်ကာ ကူးစက်စေနိုင်သည်။

-        တိရစ္ဆာန်များမှ လူသို့ (Zoonotic Transmission) H5N1 ကဲ့သို့သော ဗိုင်းရပ်များသည် တိရစ္ဆာန်များမှ လူသို့လည်း ကူးစက်နိုင်ပြီး ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုဖြစ်စေနိုင်သည်။

၂၀၂၄ ခုနှစ်အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၁၇ ခုရှိ နို့စားနွားမွေးမြူရေး လုပ်ငန်းများတွင် H5N1 ဗိုင်းရပ်ကူးစက်မှုများ စတင်တွေ့ရှိခဲ့သည်။ ဤသည်မှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်သည် နို့တိုက်သတ္တဝါများသို့  မျိုးဗီဇပြောင်းလဲကူးစက် နိုင်စွမ်းရှိကြောင်းပြသသည့်  အရေးကြီးသော ဥပမာတစ်ခုဖြစ်သည်။  ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ နို့တိုက်သတ္တဝါမျိုးစိတ် ၃၀ ကျော်သည် HPAI ဗိုင်းရပ်ပိုးကူးစက် ခံထားရပြီဖြစ်ကာ ဤအရေအတွက်သည် ပိုမိုတိုးလာနိုင်သည်ဟုခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အချက်အလက်စနစ် (WAHIS)မှ စုဆောင်းထားသော အချက်အလက်များအရ မြောက်ကမ္ဘာခြမ်းတွင် HPAI ကူးစက်မှုများသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စတင်မြင့်တက်လာပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမြင့်ဆုံးသို့ရောက်ရှိနိုင်သည်ဟု ဖော်ပြနေသောကြောင့်ဖြစ်သည်။ 

ဤဖြစ်ရပ်များသည် ဗိုင်းရပ်၏ မျိုးစိတ်ကွဲများအကြား အတားအဆီးများကို ကျော်လွှားနိုင်စွမ်းနှင့် တောရိုင်းတိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့် ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ထပ်မံအလင်းပြ လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုရှိနို့စားနွားများတွင် ကြက်ငှက်တုပ်ကွေးရောဂါ HPAI စဉ်ဆက်မပြတ် တွေ့ရှိမှုများသည် ကမ္ဘာလုံးဆိုင်ရာစိုးရိမ်မှုများကိုမြင့်တက်စေသည်။

၂၀၂၅ ခုနှစ် အစောပိုင်းအထိ နို့စားနွားများတွင် စမ်းသပ်တွေ့ရှိခဲ့သော ဗိုင်းရပ်အားလုံးသည် H5 clade 2.3.4.4b Genotype B3.13 မျိုးကွဲဖြစ်ခဲ့သော်လည်း ယခုအခါ Nevada နှင့် Arizona ရှိ နို့စားနွားများတွင် ဒုတိယမျိုးကွဲဖြစ်သော D1.1 Genotype ကို အတည်ပြုတွေ့ရှိခဲ့သည်။ 

D1.1 Genotype သည် ၂၀၂၃ ခုနှစ်ဆောင်းရာသီနှင့် ၂၀၂၄ ခုနှစ် ဆောင်းဦးကာလအတွင်း  မြောက်အမေရိကတိုက်ရှိ  ငှက်များ၏ရွှေ့ပြောင်းရာလမ်းကြောင်း (North American Flyways) တွင် အဓိကပျံ့နှံ့ခဲ့သော မျိုးကွဲဖြစ်ပြီး တောရိုင်းငှက်များ၊  နို့တိုက်သတ္တဝါများနှင့် မွေးမြူရေးကြက်များ (Domestic Poultry)တွင် ကူးစက်မှုများတွေ့ရှိရသည်။  နို့စားနွားများတွင် ဗိုင်းရပ်၏မတူညီသော Genotype နှစ်မျိုး (B3.13 နှင့် D1.1) တွေ့ရှိမှုသည် ဗိုင်းရပ်၏ဆက်လက် ပြောင်းလဲနိုင်စွမ်းနှင့် ကူးစက်မှုလမ်းကြောင်း အသစ်များကို ညွှန်းဆိုနေသည်။  Genotype D1.1 မျိုးကွဲသည် နို့စားနွားများတွင် ယခင်က အဓိကဖြစ်ပွားခဲ့သော Genotype B3.13 မျိုးကွဲနှင့် မတူညီပါ။ B3.13 မျိုးကွဲသည် လူသားများကို ကူးစက်ပါက ရောဂါလက္ခဏာအပျော့စားသာ ဖြစ်ပွားစေနိုင်ခဲ့သည်။  Genotype D1.1 သည် H5N1 ဗိုင်းရပ်၏ မျိုးဗီဇအမျိုးအစား(Genetic lade)တစ်ခုဖြစ်ပြီး ငှက်များမှ နွားများသို့ကူးစက်နိုင်စွမ်း (Cross-Species  Transmission)  ပိုမိုမြင့်မားနိုင်သည့် သဘောရှိကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြထားသည်။ Genotype D1.1 ၏ ထူးခြားချက်မှာ  ငှက်များတွင် အဓိကတွေ့ရှိရသော်လည်း နို့တိုက်သတ္တဝါများ (ဥပမာ - နွား၊ ကြောင်)တွင် ကူးစက်နိုင်စွမ်းရှိသည်။

Genotype D1.1 သည် နို့တိုက်သတ္တဝါများသို့ ကူးစက်နိုင်စွမ်းမြင့်မားသည့် အတွက် လူသို့ကူးစက်မှု (Zoonotic Transmission) အန္တရာယ်ကို စောင့်ကြည့်ရန် အရေးကြီးသည်။   ဗိုင်းရပ်၏ မျိုးရိုးဗီဇပြောင်းလဲမှု (Mutation) ဆက်ဖြစ်ပါက လူအချင်းချင်းကူးစက်နိုင်သည့် ကပ်ရောဂါ (Pandemic) အန္တရာယ်သို့ရောက်ရှိ လာနိုင်ပေသည်။

HPAI ကူးစက်ခံရသောနွားများတွင် ရောဂါလက္ခဏာမပြဘဲ သို့မဟုတ် နို့ထွက်နှုန်းကျဆင်းခြင်း၊ နို့အရည်အသွေးပျက်၍ ပျစ်ခဲသောနို့ထွက်ခြင်း၊ အစာစားနှုန်းလျော့ကျခြင်း၊ အားနည်းခြင်း၊ အဖျားတက်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းစသော မပြင်းထန်သည့် ရောဂါလက္ခဏာများသာ ပြသလေ့ရှိသည်။ သေဆုံးနှုန်းမှာလည်း ၂ ရာခိုင်နှုန်းခန့်သာရှိသည်။ ရောဂါကူးစက်ခံရသောနွားများမှ ထွက်ရှိသောနို့စိမ်း (Raw Milk) တွင် ဗိုင်းရပ်ပမာဏအလွန်မြင့်မားကြောင်း ဓာတ်ခွဲစမ်းသပ်မှုများက အတည်ပြုထားသည်။ 

H5N1 သည်  ယခင်က ငှက်များတွင်သာ အဓိကတွေ့ရှိရသော်လည်း ယခုအခါ နွား၊ ဆိတ်၊ ဖျံ စသည့်နို့တိုက်သတ္တဝါများတွင် ကူးစက်လာခြင်းက ဗိုင်းရပ်၏မျိုးဗီဇပြောင်းလဲမှုကို  မြန်ဆန်စေနိုင်သည်။ ၎င်းသည် လူသားများအတွက် ပိုမိုလွယ်ကူစွာကူးစက်နိုင်သော ဗိုင်းရပ်အဖြစ်ပြောင်းလဲနိုင်ခြေ(Zoonotic Adaptation)ကိုမြင့်တက်စေသည်။ လက်ရှိတွင်နွားနို့မှတစ်ဆင့် လူသို့တိုက်ရိုက်ကူးစက်မှု အတည်မပြုရသေးသော်လည်း  ဗိုင်းရပ်၏မျိုးဗီဇ ပြောင်းလဲမှုကြောင့် အန္တရာယ်မြင့်မားနေသည်။

H5N1 ဗိုင်းရပ်၏နွားများအကြား အပြင်းအထန် ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် ကြီးမားသောစိုးရိမ်ဖွယ်ရာ အခြေအနေကို ဖြစ်ပေါ်စေနိုင်သည်။ အမေရိကန် CDC နှင့် WHO ၏ သတိပေးချက်အရ ရောဂါကူးစက်သည့်နွားများမှထုတ်လုပ်သော နို့စိမ်း (Unpasteurized Milk) ကို သောက်သုံးခြင်းသည် H5N1 ဗိုင်းရပ်ကူးစက်နိုင်ခြေ အလွန်မြင့်မားကြောင်း သိပ္ပံနည်းကျ

သက်သေပြချက်များရှိသည်။   နို့ကိုပေါင်းခံခြင်း (Pasteurization) မပြုလုပ်ပါက ဗိုင်းရပ်အသက်ရှင်နိုင်ပြီး လူသို့ကူးစက်နိုင်သည်။  WHO  ၏ဖော်ပြချက်များအရ H5N1 သည် လူသားများတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြင်းထန်ရောဂါများ ဖြစ်စေနိုင်ပြီး သေဆုံးနှုန်း ၅၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများ (WHO, FAO)၏အကြံပြုချက်များမှာ 

-        နို့နှင့်နို့ထွက်ပစ္စည်းများကို သေချာစွာချက်ပြုတ်ပြီးမှသာ စားသုံးပါ။  (Pasteurization လုပ်ထားသော နို့ကိုသာရွေးချယ်ပါ)။ 

-        မွေးမြူရေးခြံများတွင် ဇီဝလုံခြုံရေး (Biosecurity)မြှင့်တင်ခြင်း (ဥပမာ - ကူးစက်နိုင်သော ငှက်များနှင့်ထိတွေ့မှုကို ကန့်သတ်ခြင်း)။ 

-        နွားများနှင့် အခြားမွေးမြူရေးတိရစ္ဆာန်များတွင် H5N1 စောင့်ကြည့်စစ်ဆေးမှု မြှင့်တင်ခြင်း။ 

-        ကူးစက်မှုလက္ခဏာရှိသော တိရစ္ဆာန်များကို ချက်ချင်းသီးသန့်ထားရှိခြင်း။ 

အိမ်မွေးတိရစ္ဆာန်များတွင် H5N1 ကူးစက်မှု

 ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်တွေ့ရှိရသော နို့စားနွားမွေးမြူသည့် ပြည်နယ်တို့ရှိ အိမ်မွေးကြောင်များစွာတွင် H5N1 ဗိုင်းရပ်ပိုးတွေ့ရှိခဲ့ပြီး ကျားသစ်၊ ကျား၊ ခြင်္သေ့နှင့် ဘော့ကတ်ကြောင်ကြီးများ (Bobcats) အပါအဝင်  ကြောင်မျိုးစိတ်များစွာ ကူးစက်ခံခဲ့ရသည်။ 

ကြောင်များတွင်  ရောဂါလက္ခဏာများမှာ ပြင်းထန်ပြီး အာရုံကြောအားနည်းခြင်း၊ နှာရည်/ မျက်ရည်အလွန်ကျခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ်ပေါ် ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်သည်။ 

နိဂုံးချုပ်အားဖြင့်ဆိုသော်  H5N1  ဗိုင်းရပ်၏  နွားများအကြား ကူးစက်မှုသည် လူသားများအတွက် ကပ်ရောဂါအဆင့်အန္တရာယ်ကို မြင့်တက်စေနိုင်သည့် အချက်တစ်ခုဖြစ်သည်။  ထို့ကြောင့် ကြိုတင်ကာကွယ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းများကို အရှိန်မြှင့်၍ဆောင်ရွက်ရန် အရေးကြီးသည်။ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု၊  သုတေသနနှင့် အရေးပေါ်အစီအမံများသည် ဤကပ်ဘေးအန္တရာယ်ကို ကာကွယ်ရန် အဓိကသော့ချက်များဖြစ်သည်။

“ကပ်ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည် ဖြစ်ပွားပြီးမှကုသခြင်းထက် အဆပေါင်းများစွာ ထိရောက်ပါသည်”