အစကောင်းမှ အကြောင်းလှမယ်
Posted_Date
Image

Body
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ မိဘပြည်သူ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ စည်ကားလှုပ်ရှားနေကြသည့် မြင်ကွင်းများကို တွေ့မြင်ရတော့မည်ဖြစ်သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိ ကလေးများ ကျောင်းအပ်နှံကြရေးအတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်ဖြင့် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ရာ မိမိတို့၏ ရင်သွေးကလေးများ ကျောင်းနေအရွယ်တွင်ရောက်ရှိနေပါက ကျောင်းအပ်နှံကြရန် တာဝန်ရှိသော မိဘအုပ်ထိန်းသူများ မဖြစ်မနေ မြန်မြန်ဆန်ဆန်ကျောင်းအပ်နှံပေးကြဖို့လိုသည်။ ပညာသင်ကြားခြင်းသည် ကလေးတို့၏ ဘဝရှေ့ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်သည်ကို မိဘတိုင်းက ရိုးရှင်းစွာရှုမြင်ကြရန်လိုပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံ၍ ပညာသင်ယူနိုင်ရေးသည် မိဘတိုင်း၏ တာဝန်သာဖြစ်ပေသည်။ မိမိကလေး လူတန်းစေ့နေနိုင်ရေး၊ ဘဝတိုးတက်ကောင်းမွန်ရေး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တို့အတွက် ပညာသည်သာ အခရာဖြစ်သည်။
နိုင်ငံတော်အစိုးရက “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” လူမှုရေးဦးတည်ချက်ကို ချမှတ်ထားသည်။ ထို့ပြင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” လူမှုရေးဦးတည်ချက်ကိုလည်း ချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်၏ အနာဂတ်အတွက် ရည်မှန်းချက်များ အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ကျောင်းဖွင့်ချိန်နီးလာပြီဆိုတော့ အများသူငါ သိပြီးသားဖြစ်တဲ့ ပုံပြင်တစ်ပုဒ်ကို သတိရလာတယ်။ပုံပြင်ဆိုတာ “အစဉ်အဆက်ကပြောလာသော အဖြစ်အပျက်၊ ဇာတ်ကြောင်း”လို့ မြန်မာအဘိဓာန်ထဲမှာ အဓိပ္ပာယ်ဖွင့်ဆိုပေးထားပါတယ်။ သတိရလာတဲ့ပုံပြင် တစ်ပုဒ်ကတော့ “ကုဋေရှစ်ဆယ်သူဌေးသား” ပုံပြင်ပါပဲ။ ဒီပုံပြင်က စိတ်ကူးယဉ်ဇာတ်လမ်းဆင်ပြီး ရေးထားတဲ့ပုံပြင်မျိုးမဟုတ်ပါဘူး။ တစ်ချိန်တစ်ခါက ဖြစ်ခဲ့ဖူးတဲ့ဖြစ်ရပ်မှန်အဖြစ်အပျက် အကြောင်းအရာပါ။ အခုပုံပြင်ရဲ့သက်တမ်းက အချိန်ကာလကြာမြင့်နေပါပြီ။ ဒါပေမဲ့ ယနေ့ထိတိုင်အောင် မရိုးနိုင်သေးပါဘူး။
ပုံပြင်ထဲကအဖြစ်အပျက်မျိုးက ယနေ့ထိတိုင်အောင် ရှိနေဆဲမို့ မရိုးနိုင်သေးတာပါပဲ။“ကုဋေရှစ်ဆယ်သူဌေးသားပုံပြင်”ထဲမှာပါတဲ့ ကုဋေရှစ်ဆယ်သူဌေးသားက ဆင်းရဲပြီး ဘဝပျက်သွားတယ်။ တောင်းရမ်းစားသောက်နေရတဲ့ သူတောင်းစား ဘဝအထိရောက်သွားတယ်။ လူသူမနီးတဲ့တောထဲမှာ တိရစ္ဆာန်တစ်ကောင် သေဆုံးရသလို အသေဆိုးနဲ့ သေဆုံးပြီး ဘဝနိဂုံး အဆုံးသတ်ရရှာတယ်။ ဒီလိုဘဝဆိုးကို အလိုလိုရောက်သွားတာ မဟုတ်ပါဘူး။
အစမကောင်းခဲ့လို့ အကြောင်းမလှဖြစ်သွားရတာပါပဲ။ “ကုဋေရှစ်ဆယ်သူဌေးသား” က ကျောင်းနေရမယ့် အရွယ်မှာကျောင်းမနေခဲ့ဘူး၊ စာသင်ရမယ့်အချိန်မှာ စာမသင်ခဲ့ဘူး။ သူဌေးကြီးကလည်း တစ်ဦးတည်းသောသားကို ကျောင်းထားပေးရမှန်း၊ စာသင်ပေးရမှန်းမသိခဲ့ဘူး။ အဆုံးအမ၊ အသင်အပြမခံရဘဲ ကြီးပြင်းလာခဲ့တဲ့ သားဖြစ်သူက အရှေ့မှန်း၊ အနောက်မှန်း၊ တောင်မှန်း၊ မြောက်မှန်းမသိပါဘူး။ သားဖြစ်သူအရွယ်ရောက်ခါနီးမှာ သူဌေးလင်မယားက ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားကြတယ်။ သားဖြစ်သူကကုဋေရှစ်ဆယ်ကြွယ်ဝချမ်းသာတဲ့ အမွေပုံပေါ်မှာ တစ်ကောင်ကြွက်တစ်မျက်နှာနဲ့ တစ်ယောက်တည်း ယောင်ချာချာ ကျန်ရစ်ခဲ့တာပေါ့။
သူဌေးသားကဖခင်သူဌေးကြီးရဲ့အမွေကို ဆက်ခံရတာပါ။ ဖခင်သူဌေးကြီးလက်ထက်မှာ ခိုင်းစေထားခဲ့တဲ့ အခိုင်းအစေတွေကိုပဲဆက်ပြီး ခိုင်းစေထားပါတယ်။ ခိုင်းစေထားတဲ့ အခိုင်းအစေတွေက သူဌေးသား စာမတတ်မှန်းသိတော့ လိမ်ညာကြတယ်။ မှားမှန်းမှန်မှန်း၊ ကောင်းမှန်းဆိုးမှန်းမသိတဲ့ သူဌေးသားကို လှည့်ပတ်ကြတယ်။ အမှတ်သညာမရှိမှန်းသိတော့ သူဌေးကြီးသိုဝှက်ထားခဲ့တဲ့ ပစ္စည်းဥစ္စာရတနာတွေရဲ့ နေရာကိုမပြောပြကြဘူး။ မြှောက်ပင့်ပေးတာကို သဘောကျနှစ်သက်မှန်းသိတော့ မြှောက်ပင့်ပေးကြတယ်။ အမြှောက်ကြိုက်တဲ့သူဌေးသားကို နည်းအမျိုးမျိုးနဲ့ ဖြားယောင်းသွေးဆောင်မြှူဆွယ်ကြတယ်။ သူဌေးသားက မစဉ်းစားမဆင်ခြင်နိုင်ပါဘူး။
အခိုင်းအစေတွေပြောသမျှ သဘောကျနေတော့တာပါပဲ။အချို့အခိုင်းအစေတွေက အပျော်အပါးနဲ့မြှူဆွယ်တယ်။ အသောက်အစားနဲ့ ဖြားယောင်းတယ်။ လောင်းကစားနဲ့သွေးဆောင်တယ်။ မစဉ်းစား၊မဆင်ခြင်၊ မချင့်ချိန်နိုင်တဲ့သူဌေးသားက မြှူဆွယ်တာကိုပျော်မွေ့နေပြီ။ ဖြားယောင်းတာကိုနှစ်သက်နေပြီ။ သွေးဆောင်တာကို စွဲမက်နေပြီ။ မကောင်းတဲ့ဘက်မှာ ခြေလွန်လက်လွန်ဖြစ်နေတယ်။ ဖခင်သူဌေးကြီးထားခဲ့တဲ့ ကုဋေရှစ်ဆယ်က တိုးပွားမလာတဲ့အပြင် တစ်နေ့တခြား လုံးပါးပါးလာတယ်။
နောက်ဆုံးတော့ ထန်းလျက်ခဲခွေးလျက်သလို ပြောင်တလင်းခါသွားတော့တာပါပဲ။ပစ္စည်းဥစ္စာရတနာတွေ တစိုးတစိမှမကျန်အောင် ဆင်းရဲလာတော့ နေထိုင်တဲ့အိမ်ကိုပါ ရောင်းပစ်လိုက်ရတယ်။ အိမ်ရောင်းလို့ရတဲ့ငွေကလည်း ကြာရှည်မခံပါဘူး။ ကုန်တာပါပဲ။ ထုခွဲရောင်းချစရာလည်းမရှိတော့ပါဘူး။ ဝမ်းရေးအတွက် ခက်ခဲလွန်းမက ခက်ခဲလွန်းလာတယ်။ မဝရေစာစားပြီး အသက်ရှင်နေရတာဆိုတော့ အရိုးပေါ်အရေတင် ကိုယ်ခန္ဓာက ပိန်လှီချည့်နဲ့လာတယ်။ မတတ်သာတဲ့အဆုံးမှာတော့ ရှက်ကြောက်မနေတော့ဘူး။ ခွက်တစ်လုံးနဲ့ရွာရိုးတစ်လျှောက် အိမ်ပေါက်စေ့ဝင်ပြီး “ထမင်းကျွေးပါ၊ ရေပေးပါ”လို့ တောင်းရမ်း စားသောက်ရတဲ့ သူတောင်းစားဘဝ ရောက်သွားတော့တာပါပဲ။
ကုဋေရှစ်ဆယ်ကြွယ်ဝချမ်းသာတဲ့ သူဌေးကြီးကသားဖြစ်သူကို ကုဋေရှစ်ဆယ် အမွေပေးထားခဲ့တာပါ။ဒါပေမဲ့ ကုဋေရှစ်ဆယ်သူဌေးသားက မိဘအမွေကိုမထိန်းသိမ်းနိုင်ခဲ့ပါဘူး။ မထိန်းသိမ်းနိုင်ခဲ့တဲ့ အကြောင်းရင်းရဲ့ဇာစ်မြစ်က သူဌေးသား ကိုယ်တိုင်ကျောင်းနေအရွယ်မှာ ကျောင်းနေပြီးစာမသင်ခဲ့လို့ပါပဲ။ သူဌေးကြီးကိုယ်တိုင်ကလည်း ကျောင်းနေအရွယ်ရောက်လာတဲ့သားဖြစ်သူကို ကျောင်းအပ်နှံပြီး စာသင်မခိုင်းခဲ့လို့ပါပဲ။ သူဌေးသားခမျာ ကျောင်းနေအရွယ်မှာကျောင်းမနေခဲ့တော့ သင်ပြလမ်းညွှန်သွန်သင် ဆုံးမပေးမယ့်ဆရာနဲ့ မတွေ့ခဲ့ရပါဘူး။ ဆရာနဲ့လွတ်နေပါတယ်။
“မျဉ်းလွတ်တော့ကိုင်း၊ ဆရာလွတ်တော့ရိုင်း” လို့ဆိုတဲ့မြန်မာဆိုရိုးစကားအတိုင်းပါပဲ။ ဆရာလွတ်တဲ့သူဌေးသားက မယဉ်ကျေးပါဘူး။ အင်မတန်ရိုင်းစိုင်းပါတယ်။ မလိမ္မာပါဘူး။ အင်မတန်မိုက်ကန်းပါတယ်။
စာမသင်ခဲ့တော့စာမတတ်ပါဘူး။ စာမတတ်တော့ မျက်စိကန်းနေတဲ့သူလိုပါပဲ။ အမှန်တရားကိုသိမြင်နိုင်စွမ်း မရှိပါဘူး။ စဉ်းစားမြော်မြင်ဆင်ခြင်နိုင်စွမ်းမရှိပါဘူး။ လောကအရေး၊ ရာဇအရေး၊ ဓမ္မအရေးစတဲ့အရေးကိစ္စ ဘာတစ်ခုမျှမသိမမြင်နိုင်ပါဘူး။ ကျောင်းနေအရွယ်မှာကျောင်းမနေဘဲ စာမသင်ခဲ့ရင်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါပဲ။
မိဘတွေကသူတို့ရဲ့သားသမီးတွေကို ကုဋေရှစ်ဆယ် သူဌေးသားလိုမျိုး မဖြစ်စေချင်ကြဘူး။ ဖြစ်လာမှာကိုစိုးရိမ်ကြတယ်။ ကုဋေရှစ်ဆယ်ကြွယ်ဝ ချမ်းသာတဲ့သူဌေးကြီးလို မိဘမျိုးအဖြစ်မခံနိုင်ဘူး။ မိဘဝတ္တရားငါးပါးလုံး ကျေပွန်အောင် ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးကြတယ်။ သားသမီးတွေငယ်ရွယ်စဉ် ကလေးဘဝကတည်းက မိဘဝတ္တရားငါးပါးထဲမှာပါတဲ့ “မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ”ဆိုတဲ့ ပထမ ဝတ္တရား သုံးပါးကို အပျက်မခံတော့ဘူး။ မကောင်းတဲ့ဘက်မရောက်အောင် ပဲ့ပြင်ဆုံးမတားမြစ်ကြတယ်။ ကောင်းတဲ့ဘက်ရောက်အောင် သွန်သင်နည်းပြလမ်းညွှန်ကြတယ်။ သားသမီးတွေကျောင်းနေအရွယ် ရောက်ပြီဆိုတာနဲ့ စာသင်ဖို့ ကျောင်းထားပေးတော့တာပါပဲ။
ကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမတွေကလည်းမိဘတွေလိုပါပဲ။ ကျောင်းနေအရွယ်လူငယ်တွေကိုအသိပညာ၊ အတတ်ပညာတွေ တတ်မြောက်ကျွမ်းကျင်အောင်ဆရာစားမချန်ဘဲ သင်ကြားလေ့ကျင့်ပေးကြတယ်။ လမ်းလွဲရောက်ပြီး မတိမ်းစောင်းအောင် ထိန်းကျောင်းတည့်မတ်ပေးကြတယ်။ ကိုယ်ကာယကြံ့ခိုင် သန်စွမ်းစေတဲ့၊ ဉာဏ်ရည်ဖွံ့ဖြိုးထက်မြက်စေတဲ့၊ အကျင့်စာရိတ္တ ကောင်းမွန်စေတဲ့၊ ကိုယ်ချင်းစာခံစားတတ်စေတဲ့၊ အသက်မွေးဝမ်းကျောင်းမှု အတတ်ပညာကိုရရှိစေတဲ့ “ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ရသသက်မွေးဘက်စုံပညာရေး” ရဲ့ ပန်းရောင်စုံကို ခူးဆွတ်ပန်ဆင်ပေးကြပါတယ်။ အဲဒါကကျောင်းနေ အရွယ်လူငယ်တွေအားလုံးကို “ပညာပြည့်ဝနှလုံးလှ” သူတွေဖြစ်အောင် ပုံသွင်းမွေးမြူပေးနေကြတာပါပဲ။
အခြေခံပညာကျောင်းတွေက ကျောင်းနေအရွယ်ကလေးတွေအားလုံးကို “ပညာပြည့်ဝနှလုံးလှ” တဲ့ သူတွေဖြစ်အောင် သင်ကြားလေ့ကျင့်ပေးနေသလို အဆင့်မြင့်ပညာရပ်အသီးသီးကို ဆက်လက်သင်ယူနိုင်ဖို့၊ “ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ” ဆိုတဲ့ ဗလငါးတန်နဲ့ပြည့်စုံဖို့ ပညာအခြေခံကောင်းတွေကိုပါ သင်ကြားလေ့ကျင့်ပေးနေတာပါ။ ယနေ့ကျောင်းနေအရွယ် ကလေးတွေအနေနဲ့ အခြေခံပညာသင်ကျောင်းတွေက သင်ကြားလေ့ကျင့်ပေးနေတဲ့ ပညာအခြေခံကောင်းတွေကို ပိုင်နိုင်တတ်မြောက် ကျွမ်းကျင်အောင် သင်ယူလေ့လာဆည်းပူးနိုင်တဲ့ အခွင့်အလမ်းကောင်းတွေ ရရှိနေပါတယ်။ ရရှိနေတဲ့အခွင့်အလမ်း ကောင်းတွေကို မိမိရရ ဆုပ်ကိုင်ထားရမှာပါ။ ဒီအခွင့်အလမ်းကောင်းတွေနဲ့အခွင့်သာခိုက်၊ အခွင့်သာဆဲ၊ အခွင့်သာတုန်းအချိန်အခါမှာ လက်လွှတ်ဆုံးရှုံး မခံသင့်ပါဘူး။ လက်လွှတ်ဆုံးရှုံးခံလိုက်မယ်ဆိုရင်တော့ လယ်တီဆရာတော်ကြီးရဲ့ နိဗ္ဗိန္ဒတေးထပ်ထဲမှာပါတဲ့အတိုင်း “ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား” ၊“ခွင့်သာဆဲကမှ မခဲချင်လျှင် အလွဲနင့်ပြင်ရှိသေးလေလိမ့်လား”၊“ခွင့်သာတုန်းကမှ မရုန်းချင်လျှင် အရှုံးနင့်ပြင်ရှိသေးလေလိမ့်လား” လို့ဆိုရမှာပါပဲ။ဘယ်မိဘမဆို သားသမီးတွေရဲ့နောင်ရေး စိတ်အေးချင်ကြပါတယ်။ လူတစ်လုံးသူတစ်လုံးနဲ့ဆင်စီးမြင်းရံနေတဲ့သားသမီးတွေကိုပဲမြင်ချင်ကြပါတယ်။ သားသမီးတွေရဲ့ နောင်ရေး စိတ်အေးရဖို့၊ ပြောင်ပြောင်ရောင်ရောင် လူတစ်လုံးသူတစ်လုံးနဲ့ ဆင်စီးမြင်းရံနေတာကိုမြင်ရဖို့ဆိုရင် ပစ္စည်းဥစ္စာရတနာရွှေငွေတွေကို အမွေပေးတာထက် ပညာအမွေပေးတာက အကောင်းဆုံးပါပဲ။
ပစ္စည်းဥစ္စာစိန်ရွှေရတနာတွေက အကြောင်းမသင့်ရင် ရုတ်ခြည်းပျက်စီးဆုံးရှုံးနိုင်ပါတယ်။မတည်မြဲပါဘူး။ ပညာကတော့ မပျက်မစီးဘဲတည်မြဲနေပါတယ်။တည်မြဲတဲ့ပညာက ဘဝတစ်သက်တာလုံး သုံးစွဲလို့ မကုန်ခန်းနိုင်ပါဘူး။ မိဘတွေကသားသမီးတွေကို မကုန်ခန်းနိုင်တဲ့ပညာ အမွေကိုပေးကြရမှာ ဖြစ်ပါတယ်။ ပစ္စည်းဥစ္စာရတနာရွှေငွေတွေကိုသာ အမွေပေးပြီး ပညာအမွေကို မပေးဘူးဆိုရင်တော့ လက်သစ်ကုဋေရှစ်ဆယ် သူဌေးကြီးတွေနဲ့လက်သစ်ကုဋေရှစ်ဆယ်သူဌေးသားတွေ ပေါ်ပေါက်လာဦးမှာမလွဲပါဘူး။
ယနေ့မိဘတိုင်းကလည်း ကုဋေရှစ်ဆယ်သူဌေးလို မိဘမျိုးမဖြစ်အောင် မိဘဝတ္တရားကို ကျေပွန်ကြရမှာပါ။ သားသမီးတွေကိုလည်း လက်သစ်ကုဋေရှစ်ဆယ် သူဌေးသားမျိုးမဖြစ်အောင် ထိန်းကျောင်း စောင့်ရှောက် မွေးမြူပေးကြရမှာပါ။ မိဘတိုင်းအနေနဲ့ကျောင်းနေအရွယ် သားသမီးရတနာတွေကို ကျောင်းအပ်နှံပြီး စာသင်ခိုင်းကြမယ်ဆိုရင် ကုဋေရှစ်ဆယ်သူဌေးသားလို သားသမီးမျိုး ဖြစ်ပေါ်မလာတော့ပါဘူး။
ကုဋေရှစ်ဆယ်သူဌေးလို မိဘမျိုးလည်းဖြစ်ပေါ်မလာတော့ပါဘူး။ အစကောင်းရင် အကြောင်းလှမှာပဲဖြစ်ပါတယ်။ ။