Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချိုသွေးချိုရောဂါ) အကြောင်း သိကောင်းစရာ
Posted_Date
Image

Body
Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို) က ဘာလဲ
ဆီးချို ဆိုသည်မှာ သွေးတွင်းသကြားဓာတ်များသော ဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ ကမောက်ကမရောဂါအုပ်စု (Metabolic syndrome) တွင် ပါဝင်သောရောဂါ ဖြစ်ပါသည်။ အမျိုးအစား ၁ ဆီးချို သို့မဟုတ် အင်ဆူလင် အပေါ် မှီခိုသောဆီးချိုမှာ ဘဝတစ်သက်တာ ခံစားရမည့်ရောဂါဖြစ်ပါသည်။ တခြားသော ဆီးချိုအမျိုးအစားများနှင့် ကွာခြားသည့်အချက်များမှာ ၎င်းသည် အင်ဆူလင်မရှိခြင်း၊ ကီတိုးဆစ်ဖြစ်နိုင်ခြင်းတို့ ဖြစ်ပါသည်။
အင်ဆူလင်သည် သွေးတွင်းသကြားဓာတ်အား ထိန်းချုပ်ရာတွင် အခရာကျပါသည်။ ဆီးချိုရှိသူများတွင် သွေးတွင်း သကြားဓာတ် များပြားနေသော်လည်း ဆဲလ်များအတွင်းသို့ သကြားဓာတ်မပို့နိုင်ဖြစ်လာရာမှ နှလုံး၊ မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောစနစ်၊ သွားဖုံးနှင့် သွားများတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်လာပါသည်။ အမျိုးအစား ၁ ဆီးချိုအား ကလေးဆီးချိုအဖြစ် ညွှန်းဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ကလေးများနှင့် မြီးကောင်ပေါက် အရွယ် များတွင် စတင်လေ့ရှိသောကြောင့်ဖြစ်သည်။
Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို) က ဘယ်လောက်အဖြစ်များသလဲ
အမျိုးအစား ၁ မှာ ၂ လောက်အဖြစ်မများပါ။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များပြီး အထူးသဖြင့် မုန့်ချိုအိတ်ပြဿနာရှိသူများ၊ အမျိုးအစား ၁ မျိုးရိုးရှိသူများတွင် ပိုဖြစ်လေ့ရှိပါသည်။။ ကလေးငယ်များနှင့် မြီးကောင်ပေါက် အရွယ်များတွင် အတွေ့ရများပြီး အသက် ၄-၇ နှစ်နှင့် ၁၀ -၁၄ နှစ်ကြားတွင် အတွေ့ရများ၏။ အရွယ်ရောက်လာသည် နှင့်အမျှ ၁၄ နှစ်နောက်ပိုင်း၌ ဖြစ်ပွားနှုန်းလျော့ကျသွားပါသည်။
Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို)၏ လက္ခဏာတွေကဘာတွေလဲ
အမျိုးအစား ၁ ဆီးချို ၏ ရောဂါလက္ခဏာများမှာ အချိန်တိုအတွင်း မြန်မြန်ဖြစ်ပွားလာနိုင်ပါသည်။ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ
အမြင်ဝေဝါးခြင်း
မကြာခဏဆီးသွားခြင်း
ရေအလွန်ငတ်ခြင်းနှင့် ဗိုက်အလွန်ဆာခြင်း
မကြာခဏ ပိုးဝင်ခြင်း
အချိန်တိုင်းလိုလို မောပန်းနေခြင်း
အနာကျက်နှေးခြင်း
ခြေထောက်များတွင် ထုံခြင်း ကျင်ခြင်း
ဘာကြောင့်မှန်းမသိ ကိုယ်အလေးချိန်ကျခြင်း
အထက်တွင်ဖော်ပြထားသည့်အထဲတွင် မပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ မိမိတွင် ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့် ပါသည်။
ဘယ်အချိန်မှာ ဆရာဝန်နှင့် သွားရောက်တွေ့ဆုံသင့်သလဲ
သင့်ဆီးတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခု ရှိနေမည်ဆိုပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေ အတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပါ။
Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို)ကို ဘာတွေက ဖြစ်စေသလဲ
အမျိုးအစား ၁ ဆီးချိုမှာ မုန့်ချိုအိတ်ရှိ ဘီတာဆဲလ်များကို ကိုယ်ခံအားမှ ပြန်တိုက်ခိုက်ပြီး ဖျက်ဆီးခြင်းကြောင့် ဖြစ်လာရပါသည်။ အကျိုးဆက်အနေနှင့် အင်ဆူလင်ကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်တော့ပါ။ တစ်နည်း ဆိုရလျှင် သွေးထဲမှ ဂလူးကို့စ်များကို ဆဲလ်အတွင်းသို့ ပို့ဆောင်ရန် အင်ဆူလင် မရှိတော့သောကြောင့် သွေးတွင်း သကြားဓာတ် မြင့်မားလာပါသည်။ တခြားသော အကြောင်းရင်းများမှ မုန့်ချိုအိတ်ကိုထိသော Cystic fibrosis နှင့် မုန့်ချိုအိတ်ရောင်ခြင်းကြောင့် ခွဲစိတ်ဖယ်ရှားလိုက်ရခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။
Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ
အမျိုးအစား ၁ ဆီးချို ဖြစ်ပွားနိုင်ခြေကို မြင့်စေသော အကြောင်းရင်းတချို့မှာ
မျိုးရိုးရှိခြင်း- အမျိုးအစား ၁ ဆီးချိုရောဂါရှိသော မိဘ သို့မဟုတ် မောင်နှမရှိထားလျှင် ဖြစ်နိုင်ခြေ အနည်းငယ် မြင့်နိုင်ပါသည်။
ဗီဇ- တချို့သောဗီဇများ ပါလာခြင်းက အမျိုးအစား ၁ ဆီးချိုဖြစ်နိုင်ခြေကို တိုးစေပါသည်။
အသက်- အမျိုးအစား ၁ ဆီးချိုမှာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း အဖြစ်များဆုံး အသက် အရွယ်နှစ်ခုရှိ၏။ ပထမတစ်ခုမှ အသက် ၄ နှစ်နှင့် ၇ နှစ်ကြားဖြစ်ပြီး ဒုတိယမှာ ၁၀ နှစ်နှင့် ၁၄ နှစ်ကြားတွင် ဖြစ်သည်။
အမျိုးအစား ၁ ဆီးချိုဖြစ်နိုင်သည့် တခြားသော အန္တရာယ်များကို စူးစမ်းလေ့လာထားသော်လည်း သက်သေ မပြရသေးပါ။ ထိုအချက်များမှာ
Epstein-Barr virus, Coxsackie virus, mumps virus and cytomegalovirus တို့လို ဗိုင်းရပ်စ်များနှင့် ထိတွေ့မိခြင်း၊
နွားနို့ကို အသက်ငယ်ငယ်တွင် သောက်သုံးခြင်း၊
ဗီတာမင်ဒီ ပမာဏနည်းခြင်း၊
နိုက်ထရိုက်ပါသောရေကို သောက်ရခြင်း၊
အစောဆုံး ၄ လ မတိုင်ခင် သို့မဟုတ် အနောက်ကျဆုံး ၇ လနောက်တွင် နှံစားသီးနှံများ၊ ဂလူတင်များကို ကလေးအားကျွေးခြင်း၊
ကိုယ်ဝန်ဆိပ်တက်သော မိခင်မှ မွေးသည့်ကလေး၊
အသားဝါနှင့် မွေးလာသောကလေး၊
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမို သောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။
Diabetes Mellitus Type 1ကို ဘယ်လိုအတည်ပြုပါသလဲ
အောက်ပါအချက်များနှင့် တိုက်ဆိုင်လျှင် သင့်၌ဆီးချိုရှိကြောင်း အတည်ပြုနိုင်ပါသည်။
အစားမစားဘဲ ဂလူးကို့စ်စစ်ခြင်း (Fasting blood glucose) – ≥ 7.0 mmol/L (≥ 126 mg/dL)
ဆီးချိုလက္ခဏာများနှင့် ကျပန်းဂလူးကို့စ်လယ်ဗယ်စစ်ခြင်း (Random blood glucose)– ≥ 11.1 mmol/L (≥ 200 mg/dL)
အစာစားပြီး ၂ နာရီခြား ဂလူးကို့စ်လယ်ဗယ် သို့မဟုတ် oral glucose tolerance test လုပ်ရာတွင် ≥ 11.1 mmol/L (≥ 200 mg/dL)
Hemoglobin A1c >6.5% (HbA1c test)
သင့်၌ အမျိုးအစား ၁ ဆီးချိုကို အတည်ပြုပြီးပါက ဆရာဝန်နှင့် ပုံမှန်ပြသရမည်။ ထိုမှသာအောက်ပါတို့ကိုလုပ်နိုင်မည်ဖြစ်သည်။
ဆီးချိုကြောင့် အာရုံကြောထိခြင်းကို စစ်ဆေးခြင်း၊
သွေးပေါင်ချိန်ကို စစ်ဆေးခြင်း၊
မျက်လုံးနောက်ဖက်အား အလင်းပါကိရိယာတစ်မျိုးဖြင့် စစ်ဆေးခြင်း၊
HbA1C အားစစ်ဆေးခြင်း။ (ဆီးချိုထိန်းနိုင်ခြင်းရှိ၊ မရှိ ၆ လတစ်ကြိမ်စစ်ဆေးရမည်)
အောက်ပါစစ်ဆေးမှုများက သင့်ဆီးချိုရောဂါကို စောင့်ကြည့်ခြင်းနှင့် နောက်ဆက်တွဲများအား ကာကွယ်ခြင်းတို့ အတွက် ဆရာဝန်အား အထောက်အကူပြုပါသည်။ ထို့အပြင် အောက်ပါတို့ကို တစ်နှစ်တစ်ကြိမ်စစ်ဆေးသင့်၏။
ကိုလက်စ်ထရောနှင့် ထရိုင်ဂလစ်စရိုက်လယ်ဗယ် စစ်ဆေးခြင်း
ကျောက်ကပ်လုပ်ငန်းစဉ် စစ်ဆေးခြင်း (Glomerular filtration rate – eGFR, blood urea nitrogen – BUN, microalbuminuria and serum creatinine)
သွားကျန်းမာရေးအတွက် ၆ လတစ်ကြိမ် သွားဆရာဝန်နှင့်ပြသခြင်း။ထိုဆရာများကိုလည်း သင့်တွင် ဆီးချိုရှိကြောင်း ပြောပြထားရမည်။
Diabetes Mellitus Type 1 ကို ဘယ်လိုကုသပါသလဲ
အမျိုးအစား ၁ ဆီးချိုမှာ မြန်မြန်ဆန်ဆန်စတင်တာကြောင့် လက္ခဏာများကလည်း ပြင်းထန်နိုင်သည်။ လတ်တလော မှ ရောဂါကို အတည်ပြုထားသည်ဆိုလျှင် ဆရာဝန်နှင့် ပုံမှန်ပြသင့်ပါသည်။ သွေးတွင်းသကြားဓာတ်အား ကောင်းကောင်း မထိန်းနိုင်မချင်း ခပ်စိတ်စိတ်ပြသသင့်ပါသည်။
အမျိုးအစား ၁ ဆီးချိုအတွက် ကုထုံးများ
အင်ဆူလင်
ယခုလက်ရှိတွင် အမျိုးအစား ၁ ဆီးချိုအား အရှင်းပျောက်အောင် မကုသနိုင်ပါ။ ထို့ကြောင့် အင်ဆူလင်မှာ သွေးတွင်း သကြားဓာတ်အားထိန်းရန် အကောင်းဆုံးဖြစ်သည်။ အိမ်မှာပင် အင်ဆူလင်ကို တစ်ရက် ၂-၃ ကြိမ် ထိုးနိုင်ပါသည်။ သွေးတွင်းသကြားဓာတ်နှင့်တိုက်ပြီး အင်ဆူလင်ပမာဏကို ချိန်ညှိရန် ဆရာဝန်နှင့်တိုင်ပင်ပါ။
အင်ဆူလင်များသွားလျှင် သွေးတွင်းသကြားဓာတ် ကျသွားနိုင်ပြီး အန္တရာယ်ရှိပါသည်။ အင်ဆူလင်အား အမျိုးမျိုး ရရှိနိုင်ပါသည်။ (အာနိသင် မြန်မြန်သက်ရောက်ခြင်း၊ အချိန်ကြာကြီးသက်ရောက်ခြင်း၊ နှစ်ခုအရော) သင့်အခြေအနေနှင့် ကိုက်ညီသည်ကို ဆရာဝန်မှ ညွှန်ကြားပါလိမ့်မည်။
ကိုးကား- Hello ဆရာဝန်