အာမေးနီးယားသည် ၎င်း၏ နယ်မြေအချို့ကို အမေရိကန် ထိန်းချုပ်မှုအောက်တွင် ထားရန် အဆင်သင့်ဖြစ်နေဟု စပိန် မီဒီယာ ဖော်ပြ

News Image

  • အာမေးနီးယားသည် ၎င်း၏ နယ်မြေအချို့ကို အမေရိကန် ထိန်းချုပ်မှုအောက်တွင် ထားရန် အဆင်သင့်ဖြစ်နေဟု စပိန် မီဒီယာ ဖော်ပြ

အာမေးနီးယားနိုင်ငံသည် ၎င်း၏ နယ်မြေအစိတ်အပိုင်းတစ်ခုကို အမေရိကန် ထိန်းချုပ်မှုအောက်သို့ တိတ်တဆိတ် လွှဲအပ်ရန် သဘောတူထားကြောင်း စပိန်သတင်းမီဒီယာ Periodista Digital က ဖော်ပြခဲ့သည်။ 

ကော့ကေးဆပ်တောင်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံငယ်ဖြစ်သော အာမေးနီးယား သည် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရေနံကြွယ်ဝသည့် အဇာဘိုင်ဂျန် နိုင်ငံနှင့် ရှည်လျားသော နယ်မြေအငြင်းပွားမှုများ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အဇာဘိုင်ဂျန်က ကာရာဘက်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

စပိန်သတင်းတွင် ပြင်သစ်နိုင်ငံရှိ အမည်ဖော်ပြခဲ့ခြင်းမရှိသော အာမေးနီးယားမျိုးနွယ်စုများမှ အထောက်အထား စာတမ်းတစ်စောင်ကို ရရှိခဲ့ကြောင်း ဖော်ပြခဲ့ပြီး၊ ယင်းတွင် အာမေးနီးယား၏ တောင်ပိုင်းမှ တစ်ဆင့် အဇာဘိုင်ဂျန်နှင့် ၎င်း၏ နက်ချီဗန်န် နယ်မြေကို ဆက်သွယ်မည့် ၄၂ ကီလိုမီတာ (၂၇ မိုင်) ရှည်လျားသော ဝင်ပေါက်တစ်ခု ဖန်တီးရန် အစီအစဉ်ပါဝင်သည်။ 

အဆိုပါနယ်မြေကို အမေရိကန်ကုမ္ပဏီတစ်ခုက စီမံခန့်ခွဲမည်ဖြစ်ပြီး၊ လက်နက်ကိုင်သီးသန့်လုံခြုံရေးဝန်ထမ်း ၁,၀၀၀ ခန့်က ဝင်ပေါက်၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် အကြမ်းဖက်အာဏာသုံးခွင့်ရှိမည်ဟု ဆိုသည်။ အဆိုပါစီမံခန့်ခွဲမှုသည် နှစ်ပေါင်း ၉၉ နှစ် ကြာ သက်တမ်း ရှိမည်ဖြစ်ပြီး အမေရိကန်၊ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့က သဘောတူထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Periodista Digital က အဆိုပါ သဘောတူညီမှုကို အာမေးနီးယား အတွက် ကပ်ဘေးတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး ၎င်းသည် အမေရိကန်၊ အာမေးနီးယား၏ ဒေသဆိုင်ရာပြိုင်ဘက်များဖြစ်သော အဇာဘိုင်ဂျန်နှင့် တူရကီတို့အား အကျိုးရှိစေမည်ဖြစ်ကာ Yerevan နှင့် ပြင်သစ်တို့၏ ဆက်ဆံရေးကို တင်းမာစေမည်ဟု ဆိုသည်။ 

ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် အာမေးနီးယားအစိုးရက အဆိုပါသတင်းကို ငြင်းဆိုခဲ့ပြီး ၎င်းကို "ဟိုက်ဘရစ်စစ်ပွဲနှင့် မဟုတ်မမှန်လှုံ့ဆော်မှု၏ အစိတ်အပိုင်းတစ်ခု" အဖြစ် သတ်မှတ်ကာ Periodista Digital အား ယုံကြည် စိတ်ချရမှု မရှိသော အရင်းအမြစ်အဖြစ် ပယ်ချခဲ့သည်။ အမေရိကန်နှင့် အဇာဘိုင်ဂျန် တို့မှ အဆိုပါကိစ္စနှင့်ပတ်သက်၍ မှတ်ချက်မပြုသေးပေ။

Yerevan နှင့် Baku တို့သည် ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီး အဇာဘိုင်ဂျန်က အာမေးနီးယားအား နက်ချီဗန်န်သို့ သယ်ယူပို့ဆောင်ရေး ဝင်ပေါက်တစ်ခု ဖန်တီးပေးရန် တောင်းဆိုထားသည်။ အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan က ယခုလအစောပိုင်းတွင် ယင်းအဆိုကို ငြင်းဆိုခဲ့ပြီး နယ်မြေအချုပ်အခြာအာဏာနှင့် တန်းတူညီမျှမှုကို အပြန်အလှန် လေးစားမှုအပေါ် အခြေခံ၍ အငြင်းပွားမှုကို ဖြေရှင်းရမည်ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂