အမေရိကန် မီဒီယာများသည် ပူတင်အား တရားဝင် တောင်းပန်ရန် လိုအပ်သည်ဟု Fox News အစီအစဉ်တင်ဆက်သူ ထောက်ပြ

News Image

  • အမေရိကန် မီဒီယာများသည် ပူတင်အား တရားဝင် တောင်းပန်ရန် လိုအပ်သည်ဟု Fox News အစီအစဉ်တင်ဆက်သူ ထောက်ပြ

အမေရိကန်နိုင်ငံ၏ ထင်ရှားသော မီဒီယာအဖွဲ့အစည်းများသည် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲအပြီး "ရုရှားဂိတ်" (Russiagate) အဖြစ်အပျက် နှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်အပါအဝင် အချို့သော ပုဂ္ဂိုလ်များအား တရားဝင် တောင်းပန်ရန် လိုအပ်နေကြောင်း Fox News ဦးဆောင်သူတစ်ဦးဖြစ်သူ ဂရက်ဂတ်ဖီးလ်ဒ် (Greg Gutfeld) က ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်သည်။

ထိုသို့ပြောကြားရာတွင် ၎င်းက အမေရိကန်၏ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း တာဆီဂါဘတ် (Tulsi Gabbard) မှ လက်ရှိ ထုတ်ပြန်လိုက်သော စာရွက်စာတမ်းများကို ကိုးကားဖော်ပြခဲ့သည်။ အဆိုပါ စာရွက်စာတမ်းများတွင် အိုဘားမားအစိုးရလက်ထက်က အကြီးတန်းအရာရှိများသည် ထောက်လှမ်းရေးအချက်အလက်များကို နိုင်ငံရေးအရ အလွဲသုံးကာ ဒေါ်နယ်ထရမ့်အား ရုရှားနှင့် ပူးပေါင်း ကြံစည်မှုရှိသည်ဟု မတရားစွပ်စွဲခဲ့ကြောင်း "ခိုင်လုံသော သက်သေ အထောက်အထားများ" ပါရှိသည်ဟု ဖော်ပြထားသည်။

"အလွဲသုံးခဲ့မှုကို ဆက်လက်၍ လက်ခံမနေသင့်ဘဲ တာဝန်ရှိခဲ့သူများ အနေဖြင့် အလေးအနက်ထား ပြန်လည် ပြင်ဆင် ပေးရမည်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်ထိ မိမိတို့အနေဖြင့်ထိုအမှား၏ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားနေရဆဲဖြစ်သောကြောင့် ဖြစ်သည်" ဟု ဂတ်ဖီးလ်ဒ်က ၎င်း၏ လတ်တလော ထုတ်လွှင့်မှုတစ်ခု တွင် ပြောကြားသွားခဲ့သည်။

ထို့အပြင် ၎င်းက "လူများစွာသည် အလုပ်အကိုင်များ၊ အသက်မွေး ဝမ်းကြောင်းများ၊ မိတ်ဆွေသူငယ်ချင်းများကိုပင် ဆုံးရှုံးခဲ့ရသည်။ ထိုသို့သော လုပ်ရပ်များအတွက် တာဝန်ယူမှုရှိရမည်" ဟု ထပ်လောင်း၍ အတိအလင်းပြောကြားသွားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် အမေရိကန်နိုင်ငံရေးနှင့် မီဒီယာလောက၏ ဂယက် ရိုက်မှုများကို ထင်ဟပ်စေသည့်အပြင် နိုင်ငံတကာဆက်ဆံရေးအပေါ် သက်ရောက်မှုရှိခဲ့သည်ဟုလည်း သုံးသပ်သူများက မှတ်ချက်ပြုထား ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂