ဂျာမနီနိုင်ငံ၊ ခရစ်စမတ်ဈေးပွဲတော်ရှိ လူအုပ်ကြီးကို ကားဖြင့် ဝင်တိုက်ရာ လူ ၅ ဦး သေဆုံးပြီး လူ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိ

News Image

  • ဂျာမနီနိုင်ငံ၊ ခရစ်စမတ်ဈေးပွဲတော်ရှိ လူအုပ်ကြီးကို ကားဖြင့် ဝင်တိုက်ရာ လူ ၅ ဦး သေဆုံးပြီး လူ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိ

ဒီဇင်ဘာ ၂၀ ရက်နေ့ညနေပိုင်းက ဂျာမနီနိုင်ငံ အရှေ့ဘက်၊ Magdeburg မြို့၏ ခရစ်စမတ်ဈေးပွဲတော်ရှိ လူအုပ်ကြီးကို ကားဖြင့်ဝင်ရောက် တိုက်ခိုက်မှု ဖြစ်စဥ်‌ကြောင့် လူ ၅ ဦးသေဆုံး၍ လူပေါင်း ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း၊ ဒဏ်ရာရရှိသူများအနက် ဒီဇင်ဘာ ၂၁ ရက်နေ့အထိ လူ ၄၀ ခန့်မှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်အတွက် သံသယရှိသူမှာ အသက် ၅၀ အရွယ်၊ Taleb al-Abdulmohsen အမည်ရှိ၊ ဆော်ဒီအာရေဗျနိုင်ငံသားတစ်ဦးကို ဖမ်းဆီးထားကြောင်း အာဏာပိုင်များက ပြောကြားထားပါသည်။ ၎င်းသည် ဆရာဝန်တစ်ဦးဖြစ်ပြီး ၂၀၀၆ ခုနှစ်ကတည်းက ဂျာမနီနိုင်ငံသို့ ရောက်ရှိနေသူ တစ်ဦးဖြစ်ပါသည်။ 

အဆိုပါတိုက်ခိုက်သူ၏ လူမှုကွန်ယက်တွင် တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကို ခြိမ်းခြောက်သည့်အစွန်းရောက်အမြင်များ ရေးသားထားသည်ကို ဆော်ဒီအာရေဗျနိုင်ငံက တွေ့ရှိပြီးနောက် ဂျာမနီနိုင်ငံရှိ တာဝန်ရှိသူများကို သတိပေးခဲ့ကြောင်း ဆော်ဒီသတင်းအရင်းအမြစ်တစ်ခုက ရိုက်တာသို့ ပြောကြားထားသည်။

ဂျာမနီဝန်ကြီးချုပ် Olaf Scholz က သူငယ်ချင်းများ၊ မိသားစုများနှင့် ခရစ်စမတ်ဈေးပွဲတော်လောက် အေးချမ်းမှုရှိပြီး ပျော်ရွှင်စရာကောင်းသည့် ပွဲတော် မရှိပါကြောင်း၊ ယခုကဲ့သို့ လူသေစေသည့် တိုက်ခိုက်မှုမှာ ပြင်းထန်ဆိုးရွားပြီး ရူးနှမ်းသည့်လုပ်ရပ်ဖြစ်ကြောင်း  ပြစ်တင်ပြောဆိုလိုက်ပါသည်။

ကိုးကား(The Guardian)