ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းတွင် ပင်းမာကမ်းနှင့် ထမံသီကမ်းအထိ တံတားဆက်ပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့- ပန်ဆပ် – ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်နေခြင်းလည်း ဖြစ်သည်။
ထိုမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နယ်နှင့်လေရှီးမြို့နယ်တို့မှ ဒေသခံပြည်သူများသည် ကူးသန်းသွားလာမှုလွယ်ကူမြန်ဆန်လာမည်လည်း ဖြစ်သည်။
ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည် ၈၀၁ မီတာ၊ အကျယ် ၉.၄ မီတာ၊ တံတားအခန်းပေါင်း ၁၅ ခန်း၊ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL) ဖြင့်တည်ဆောက်နေဆဲဖြစ်သည်။
Source: Popular Myanmar