ပြည်ပသို့ မြန်မာလုပ်သား တရားမဝင်စေလွှတ်သည့် နယ်စပ်လမ်းကြောင်းများကို ထိန်းချုပ်သင့်ဟုဆို

News Image

  • ပြည်ပသို့ မြန်မာလုပ်သား တရားမဝင်စေလွှတ်သည့် နယ်စပ်လမ်းကြောင်းများကို ထိန်းချုပ်သင့်ဟုဆို

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဂျပန်နိုင်ငံအပါအဝင် အခြားနိုင်ငံများသို့ မြန်မာလုပ်သား စေလွှတ်သည့် တရားဝင်လမ်းကြောင်းများကို ထိန်းချုပ်နေမည့်အစား နယ်စပ်လမ်းကြောင်းများကို ထိန်းချုပ်သင့်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်ကြီးတစ်ဦးက NP News မှ တစ်ဆင့် အကြံပြုပြောကြားထားသည်။ 

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတစ်ဆင့် အလုပ်ကမ်းလှမ်းစာများကို စိစစ်အတည်ပြုပေးပို့ထားသော်လည်း အလုပ်သမားဝန်ကြီးဌာန၏ မူဝါဒများကြောင့် ဂျပန်သို့ အလုပ်သမားစေလွှတ်မှုများ ကြန့်ကြာမှုများ ဖြစ်ပေါ်နေပြီး ဂျပန်ပြည်ဝင်ခွင့်ရရှိထားသည့် လုပ်သားအချို့အနေဖြင့်လည်းသက်တမ်း ကုန်ဆုံးခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတို့သို့ အလုပ်အကိုင်ဖြင့်စေလွှတ်ပေးမည်ဟုဆိုကာ အခကြေးငွေများယူထားသော်လည်း စေလွှတ်နိုင်ခြင်းမရှိသည့်အတွက် အလုပ်သမားဝန်ကြီးဌာနသို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ တိုင်စာသည် ယခင်နှစ်ထက် ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

“ယခုဆိုလျှင် တိုင်စာတွေ များလာပါသည်။ ပိုက်ဆံယူထားပြီး နိုင်ငံခြား မပို့ဘူးဆိုသည့် အလုပ်သမားများကနေ တိုင်သည့် တိုင်စာများက မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှာဆိုရင် နေ့တိုင်းလိုလို တိုင်စာတွေက များနေပါသည်။ ဒီနှစ်မှာတော့ မနှစ်ကထက် အဆပေါင်းများစွာ များပါသည်။ အတိအကျတော့ မတွက်ရသေးပါ။ ဂျပန်ဆိုရင်လည်း ဂျပန်မှာရှိသည့် မြန်မာသံရုံးက အလုပ်ခေါ်စာများ ပို့ပြီးသော်လည်း ဒီဘက်မှာ ဆက်လက်ဆောင်ရွက်ခွင့်မပြုဘူး။ ရပ်ထားပါသည်။ ဂျပန်ဘက်မှာ ပြည်ဝင်ခွင့်တွေက (၃)လ ရသော်လည်း သက်တမ်း သေပါသည်။ ယခုတော့ (၆)လ တိုးပေးသော်လည်း သက်တမ်းသေ ပါသည်။ ဂျပန်ဘက်က လုပ်ငန်းရှင်တွေက မခေါ်တော့ပါ။ ထို့ကြောင့် ယခုနှစ်တိုင်စာက (၅)လတည်းကို မနှစ်က တစ်နှစ်လုံးစာထက် များပါ သည်” ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်ကြီးတစ်ဦးက NP News သို့ ပြောသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ မြန်မာလုပ်သားစေလွှတ်ရာတွင် တရားဝင်လမ်းကြောင်းများကို ထိန်းချုပ်မည့်အစား နယ်စပ်လမ်းကြောင်းများကို ထိန်းချုပ်သင့်ကြောင်းလည်း ၎င်းက အကြံပြုထားသည်။ SOP လုပ်ငန်းစဉ်ဆိုပြီး သတင်းစာမှာ တစ်မျက်နှာလောက် အပြည့်ကြီးထည့်ပြီးတော့ အောက်မှာကြုံတွေ့နေရသည့်လူက ဘာမျှ အထောက်အပံ့မရပါ။ ၎င်းတို့ ချမှတ်ထားသည့် SOP နှင့် လက်တွေ့မှာ ဖြစ်နေသည်က လွဲနေပါသည်။ 

တိုင်းပြည်မှာ လုပ်သားရှားပါး၍ ပြည်တွင်းမှာပဲ လုပ်ကိုင်စေချင်သည် ဆိုလျှင် ထိုမူဝါဒတွေမှာ အသေးစိတ်ပါရမည်။ တရားဝင် လမ်းကြောင်း တွေကို ထိန်းချုပ်စရာမလိုပါ။ နယ်စပ်လမ်းကြောင်းတွေကို ထိန်းချုပ် လိုက်ပါ။ ထိုအချက်က အကောင်းဆုံးပါ။ တာချီလိတ်ကနေ တခြားနိုင်ငံ တွေကိုသွားသည် ဆိုသည်မှာ ပွင့်ပွင့်လင်းလင်းပြောရလျှင် ယခင် ကတည်းက ရန်ကုန်လေဆိပ်ကနေ တင်းကြပ်လိုက်ခြင်းကြောင့်တာချီလိတ်ကနေတစ်ဆင့် သွားကြပါသည်” ဟု ၎င်းက ဆက်လက်ပြောသည်။ ယခင်ကာလကတည်းက အလုပ်သမားဝန်ကြီးဌာန၏ထိန်းချုပ်မှုများကြောင့် မြန်မာလုပ်သားများအနေဖြင့် တာချီလိတ် အပါအဝင် အခြားနယ်စပ်ဂိတ်များမှတစ်ဆင့် တရားမဝင် သွားရောက်မှု များရှိနေပြီး ယခုနောက်ပိုင်း ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

ကိုးကား- NP News