AA က ရခိုင်လူငယ်များကို ပြည်နယ်ပြင်ပထွက်ခွင့်ပိတ်ပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေ

News Image

  • AA က ရခိုင်လူငယ်များကို ပြည်နယ်ပြင်ပထွက်ခွင့်ပိတ်ပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေ

AA အနေဖြင့် ရခိုင်ပြည်နယ်ရှိ ၎င်းတို့ ထိန်းချုပ်ထားရာဒေသများတွင် နေထိုင်သူ လူငယ်များအား ပြည်နယ်ပြင်ပသို့ ထွက်ခွာခွင့်ပိတ်ခြင်းမှာ အတင်းအဓမ္မစစ်မှုထမ်းခိုင်းရန် ကြိုးပမ်းလုပ်ဆောင် လာခြင်းဖြစ်ကြောင်း ရခိုင့်အရေးသုံးသပ် လေ့လာသူတစ်ဦးကဆိုသည်။ AA ထိန်းချုပ်ထားရာ ဒေသများမှ ပြည်သူများအနေဖြင့် AA အဖွဲ့၏ ဥပဒေအရ စစ်မှုထမ်းရန် အကျုံးဝင်ကြောင်းနှင့် စစ်မှုမထမ်းလို၍ ပြည်နယ် ပြင်ပသို့သွားလာသူများ အားလုံးကို သွားလာခွင့်မပြုတော့ကြောင်း မေလ (၂၂) ရက်တွင် ထုတ်ပြန် ထားသည်။ ရခိုင်ပြည်နယ်မှ တိုက်ပွဲများအတွင်း AA ဘက်တွင် သေဆုံးသူ များပြားခဲ့ပြီးနောက် အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယခုကဲ့သို့ သွားလာခွင့်ပိတ်လိုက်ခြင်းမှာ ၎င်းတို့ လိုအပ်ချိန်တွင် ပြည်သူ များကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရန်အတွက် ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ သုံးသပ်သူက NP News သို့ ပြောသည်။ “ AA က နိုင်နေရင် ဘယ်သူမဆို ဝင်ချင်မှာပဲလေ။ ဒါပေမဲ့ အခုအခြေအနေအရက သူတို့နေရာအစုံမှာ တိုက်နေရတော့ သူတို့လူလိုလာပြီဗျာ။ တိုက်ပွဲ ဆိုတာက တစ်ဖက်တည်းပဲ ကျတာမှမဟုတ်တာ။ ဒီတော့ သူတို့တွေ လူအင်အားလိုလာတဲ့အတွက် ရတဲ့နေရာကလူတွေကိုဆွဲဖို့အတွက် အခုလိုအသက်အရွယ် အပိုင်းအခြားအလိုက် ပြည်နယ်ပြင်ပကို မထွက် ခိုင်းတော့တာ။ ဒီလိုကန့်သတ်ပြီးရင် အတင်းအဓမ္မ စစ်မှုထမ်းခိုင်း တာတွေ ထပ်လာဦးမှာပဲ” ဟု ၎င်းက သုံးသပ်ပြောဆိုထားသည်။ ယခု ကဲ့သို့ သွားလာခွင့်ပိတ်ပင်လိုက်ခြင်းသည် အခြားလက်နက်ကိုင်များ နည်းတူ လုပ်ဆောင်လာခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်လာသည့်အတွက် ဒေသတွင်းပြည်သူများ၏ ကျန်းမာရေးနှင့် ပညာရေး ဆိုင်ရာကိစ္စများ အပြင် လူမှုဘဝများအပေါ် များစွာသက်ရောက်နိုင်ကြောင်း ရခိုင်ပြည်နယ် အရေး လေ့လာသုံးသပ်သူကဆိုသည်။ “အသက် ၁၈၊ ၁၉ ဆိုတာက ပညာသင်နေရမယ့်အရွယ်တွေဖြစ်တယ်။ ဒီလိုပညာသင်ရမယ့် အရွယ်မှာ မသင်ရဘဲ စစ်မှုထမ်းခိုင်းလိုက်ရင် ဒီပြည်နယ်ရဲ့ လူ့စွမ်းအားအရင်းမြစ် တွေ ဘာဖြစ်သွားမလဲ ဆိုတာကို စဉ်းစားသင့်တယ်။ နောက်ပြီး အရင် တုန်းက KNU ၊ KIA စတဲ့ လက်နက်ကိုင်တွေဘက်မှာလည်း ဒါတွေ ဖြစ်ဖူးတာပဲ။ အခုအဲဒီဒေသက လူတွေဘာဖြစ်သွားလဲ။ နောက်ပြီး အိမ် တစ်အိမ်မှာရှိတဲ့ ယောကျာ်းသားတွေကို စစ်မှုထမ်းဖို့ခေါ်သွားရင် အဲဒီ မိသားစု ဘယ်လိုစားသောက်ကြရမှာလဲ” ဟု ၎င်း ကဆိုသည်။ ပြင်းထန် ရောဂါရှိသော လူနာများနှင့် အသက်အန္တရာယ်စိုးရိမ်ရသော လူနာများမှ လွဲ၍ အသက် (၁၈) နှစ်မှ (၄၅) နှစ်အတွင်းရှိ အမျိုးသားများ နှင့် အသက် (၁၈) နှစ်မှ (၂၅) နှစ်အတွင်းရှိသော အမျိုးသမီးများအားလုံးကို ထွက်ခွင့် မပေးတော့ခြင်းလည်း ဖြစ်သည်။ ထို့အပြင် ပြည်နယ်ပြင်ပသို့ ထွက်ခွာ လိုသူများကို ကုန်းလမ်း၊ ရေလမ်းမှ အခကြေးငွေယူကာ ပို့ဆောင်ပေးနေ သူများကိုလည်း အရေးယူမည်ဟု AA က ခြိမ်းခြောက်ထားသည်။ AA အနေဖြင့် ၎င်းတို့ သိမ်းယူထားသောဒေသများမှ ပြည်သူများကို ကလေး မိခင်ပါမချန် စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ဆောင်ခြင်း၊ ပြည်မသို့ ထွက်ခွာကာ အလုပ်လုပ်ကိုင်မည့်လူငယ်များကို ဖမ်းဆီးကာ စစ်မှုထမ်း စေခြင်းများ လုပ်ဆောင်လျက်ရှိနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ကိုးကား- NP News