ရုရှား စစ်ဘက်ဆိုင်ရာ ကုမ္ပဏီများထံသို့ တရုတ်က ပစ္စည်းများ ပေးပို့နေကြောင်း သတင်းရရှိထားသည်ဟု ယူကရိန်းဆို
တရုတ်သည် ရုရှားစစ်ဘက်ဆိုင်ရာ ကုမ္ပဏီများထံသို့ ယမ်းမှုန့်နှင့် အခြားပစ္စည်းများ ထောက်ပံ့ပေးနေသည်ဟု ယူကရိန်း နိုင်ငံခြားထောက်လှမ်းရေးဌာန အကြီးအကဲ Oleh Ivashchenko က အရိပ်အမြွက် ပြောကြား ခဲ့ပါသည်။
စက်ကိရိယာများ၊ အထူးဓာတုပစ္စည်းများ၊ ယမ်းမှုန့်နှင့် ဆက်စပ် အစိတ်အပိုင်းပစ္စည်းများကို တရုတ်က ရုရှားကုမ္ပဏီများကို ထောက်ပံ့ပေးနေကြောင်း ဖော်ပြထားသည့် အချက်အလက်များ ရှိနေသည်ဟု ယူကရိန်း နိုင်ငံပိုင်သတင်းဌာနက တနင်္လာနေ့ (မေ ၂၆) ၌ ထုတ်ပြန်ခဲ့သော တွေ့ဆုံ မေးမြန်းမှုအစီအစဉ်တွင် မစ္စတာ Ivashchenko က ပြောဆိုခဲ့ပါသည်။
၎င်း၏အဖွဲ့သည် ရုရှားစက်ရုံပေါင်း ၂၀ နှင့် သက်ဆိုင်သော အချက်အလက်များကို အတည်ပြုခဲ့သည်ဟု ဆိုပါသည်။
၂၀၂၅ ခုနှစ် အစပိုင်းအထိ ရုရှားဒရုန်းများတွင် အသုံးပြုထားသည့် အရေးကြီး အီလက်ထရောနစ်ပစ္စည်းများထဲမှ ၈၀ ရာခိုင်နှုန်းသည် တရုတ် နိုင်ငံထုတ်ပစ္စည်းများဖြစ်သည်ဟု မစ္စတာ Ivashchenko က ပြောပါသည်။ မိုက်ခရိုအီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ရန် လိုအပ်သည့် ဆက်စပ် ပစ္စည်းအားလုံးကို အယောင်ဆောင်ကုမ္ပဏီများမှတစ်ဆင့် တရုတ်ဘက်မှ ပေးပို့ခဲ့သည်ဟု ၎င်းက မှတ်ချက်ပြုခဲ့ပါသည်။
ရုရှားကို တရုတ်က လက်နက်များ ထောက်ပံ့ပေးနေသည်ဆိုသည့် သတင်းကို ယူကရိန်းက ရရှိထားကြောင်း ဧပြီလက ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောကြားခဲ့ပါသည်။ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပြီး တရုတ်အစိုးရအနေဖြင့် ထောက်ပံ့မှုများကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ပါသည်။
တရုတ်ဘက်က ယူကရိန်း၏ ပြောဆိုချက်များသည် “အခြေအမြစ် မရှိသည့် စွပ်စွဲချက်” ဖြစ်သည်ဟု ဆိုကာ ငြင်းပယ်ခဲ့ပါသည်။
ကိုးကား-NHK World