ထရမ့်က တီဟီရန်တွင် နေထိုင်သူအားလုံး ထွက်ခွာရန် သတိပေး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Truth Social တွင် ဝေခွဲရခက်သော သတိပေးချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ပြီး တီဟီရန်တွင် နေထိုင်သူအားလုံး အခြားနေရာများသို့ အမြန်ဆုံးထွက်ခွာရန် တိုက်တွန်း လိုက်သည်။ အစ္စရေးနှင့် အီရန်ကြား လက်တုံ့ပြန်တိုက်ခိုက်မှုများတွင် ဝါရှင်တန်က ဝင်ရောက်စွက်ဖက်မည့်အခြေအနေနှင့်ပတ်သက်၍ အတည်ပြု ပြောဆိုခြင်းမရှိပေ။
ပြီးခဲ့သောသောကြာနေ့ (ဇွန် ၁၃) တွင် အစ္စရေးက အီရန်၏ နျူကလီးယား နှင့် စစ်ရေးအဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် နှစ်နိုင်ငံ အကြား တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသည်။ အစ္စရေး၏ ပစ်မှတ် များတွင် အရပ်သားနေထိုင်ရာနေရာများနှင့် အီရန်၏အစိုးရ ရုပ်သံလိုင်း လည်း ပါဝင်ပြီး အသက်ဆုံးရှုံးမှုများရှိခဲ့သည်။ နျူကလီးယား လက်နက် ပိုင်ဆိုင်ရန် ယူရေနီယံသန့်စင်မှုကို တိုးချဲ့လုပ်ဆောင်နေသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆန်ထားသော အီရန်က ယင်းတိုက်ခိုက်မှုများကို စစ်ကြေညာချက်အဖြစ် သတ်မှတ်ကာ အစ္စရေးသို့ ဒုံးကျည်များဖြင့် လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။
ထရမ့်က တနင်္လာနေ့ (ဇွန် ၁၆) ညတွင် “အီရန်အနေဖြင့် ၎င်းအဆိုပြုခဲ့သည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးသင့်ကြောင်း၊ ယခု အခြေအနေသည် အလွန်ကြေကွဲဖွယ်ကောင်းပြီး လူ့အသက်များ အလဟဿ ဆုံးရှုံးရကြောင်းနှင့် ရိုးရှင်းပွင့်လင်းစွာပြောရမည်ဆိုပါက အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်လုံးဝမပေးနိုင်ကြောင်း အကြိမ်ကြိမ် ပြောခဲ့သည်!” ဟု ရေးသားခဲ့သည်။
ထို့နောက် “တီဟီရန်ရှိ လူအားလုံးသည် အမြန်ဆုံးထွက်ခွာရန် လိုအပ်သည်!” ဟု ၎င်းက ဖြည့်စွက်ရေးသားခဲ့သော်လည်း မြို့တော်အတွင်းရှိ လူဦးရေ ၁၀ သန်း နီးပါးအား မည်သည့်နေရာသို့ ရွှေ့ပြောင်းရမည်ကိုမူ ရှင်းလင်းစွာ ဖော်ပြခဲ့ခြင်း မရှိပါ။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂