နယ်စပ်တင်းမာမှုများကြောင့် ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်သွင်းမှုကို တားမြစ်ပိတ်ပင်
ယခုလအတွင်း နှစ်နိုင်ငံနယ်စပ်၌ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်လာခြင်းကြောင့် ကမ္ဘောဒီးယား နိုင်ငံက ထိုင်းနိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် များတင်သွင်းမှုကို တားမြစ်ပိတ်ပင်လိုက်သည်။
ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် Sok Veasna က “ယနေ့နံနက်ကစပြီး ထိုင်းနိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်သွင်းမှုကို တားမြစ်ထားပြီ” ဟု ဇွန်လ ၁၇ ရက်နေ့တွင် ပြောကြား ခဲ့သည်။ ၎င်း၏အဆိုအရ နယ်စပ်ဖြတ်ကျော်သွားလာမှုကိုမူ ဆက်လက် ခွင့်ပြုထားဆဲဖြစ်သည်။
အဆိုပါတားမြစ်မှုသည် Preah Vihear ဘုရားကျောင်းအနီး နယ်စပ် အငြင်းပွားနယ်မြေတွင် မေလ ၂၈ ရက်က ကမ္ဘောဒီး-ထိုင်း စစ်တပ်များ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်လာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် ကမ္ဘောဒီးယား စစ်သား ၁ ဦး သေဆုံးခဲ့ပြီး နှစ်ဖက်စလုံးက မိမိတို့၏လုပ်ရပ်သည် ကာကွယ်ရေးအတွက်သာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မကြာသေးမီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနှင့် ဆက်စပ် နေသော နယ်စပ်ဒေသများတွင် ထိန်းချုပ်မှုများ မြှင့်တင်ခဲ့ပြီး နယ်စပ် ဖြတ်ကျော်စီးဆင်းမှုအချို့ကို ယာယီပိတ်ထားခဲ့သည်။ တစ်ဖက်တွင်လည်း ကမ္ဘောဒီးယားအစိုးရက ထိုင်းရုပ်ရှင်နှင့် ရုပ်မြင်သံကြားအစီအစဉ်များ ထုတ်လွှင့်မှုကို တားမြစ်ပိတ်ပင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်ဂိတ်တစ်ခုကို ပိတ်ကာ ထိုင်းမှအင်တာနက်လိုင်းများအားလုံးကို ဖြတ်တောက်ခဲ့သည်။
ဇွန် ၁၆ ရက်တွင် ကမ္ဘောဒီးယား ဆီးနိတ်ဥက္ကဋ္ဌ ဟွန်ဆန်က ထိုင်းနိုင်ငံ အား နယ်စပ်ကန့်သတ်ချက်များကို ၂၄ နာရီအတွင်း ရုပ်သိမ်းရန် နောက်ဆုံး သတ်မှတ်ချက် ထုတ်ပြန်ခဲ့သည်။ ထိုသို့မပြုလုပ်ပါက ကမ္ဘောဒီးယား အနေဖြင့် ထိုင်းနိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်သွင်းမှု အားလုံးကို တားမြစ်မည်ဟု သတိပေးခဲ့သည်။ ဇွန် ၁၇ ရက်တွင် ကမ္ဘော ဒီးယားအရာရှိများက ထိုင်းဘက်မှ ကန့်သတ်ချက်များ ဆက်လက် ကျင့်သုံးနေသောကြောင့် ဟွန်ဆန်၏အမိန့်အာဏာ စတင်အသက်ဝင်ကြောင်း ကြေညာခဲ့သည်။
ဟွန်ဆန်က နယ်စပ်တွင် တင်းမာမှုမြင့်တက်နေချိန်တွင် လက်နက်ကိုင် တပ်ဖွဲ့အားလုံးအား ၂၄ နာရီ သတိအပြည့်ဖြင့် အသင့်ပြင်ဆင်ထားရန်၊ ထိုင်းနှင့်နယ်စပ်ချင်းထိစပ်နေသော ပြည်နယ်များအနေဖြင့် ပြည်သူများကို ဘေးကင်းရာသို့ အရေးပေါ်ရွှေ့ပြောင်းနိုင်ရန်၊ အစားအစာ၊ ဆေးဝါးနှင့် အခြေခံလိုအပ်ချက်များ ဖူလုံစေရေး အဆင်သင့်ပြင်ဆင်ထားရန် ညွှန်ကြားချက်များထုတ်ပြန်ခဲ့သည်။
ထို့အပြင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် သောင်းနှင့်ချီသော ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများကို နယ်စပ်တင်းမာမှုကြောင့် နိုင်ငံသို့ အလျင်အမြန်ပြန်လာရန် တိုက်တွန်းခဲ့ပြီး အဆိုပါ အခြေအနေတွင် ထိုင်းဘက်မှ ခွဲခြားဆက်ဆံမှုများ ပိုမိုကြုံတွေ့ရနိုင်ကြောင်း သတိ ပေးခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂