OpenAI က Pentagon နှင့် ဒေါ်လာ သန်း ၂၀၀ တန် သဘောတူညီမှု လက်မှတ်ရေးထိုး

News Image

  • OpenAI က Pentagon နှင့် ဒေါ်လာ သန်း ၂၀၀ တန် သဘောတူညီမှု လက်မှတ်ရေးထိုး

OpenAI သည် ChatGPT language model ကို ဖန်တီးသည့် ကုမ္ပဏီ ဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဌာန (Pentagon) နှင့် ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း တနင်္လာနေ့ (ဇွန် ၁၆) တွင် ကြေညာ ခဲ့သည်။ ၎င်းကုမ္ပဏီက အဆိုပါလုပ်ငန်းသည် တရုတ်၏ ယှဉ်ပြိုင်မှုများ တိုးမြင့်လာခြင်းမှ ဒီမိုကရေစီကို ကာကွယ်ရန် လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကြေညာချက်အရ OpenAI အား “စစ်ရေးနှင့် အဖွဲ့အစည်းဆိုင်ရာ နယ်ပယ်များတွင် အရေးကြီးသော အမျိုးသားလုံခြုံရေး အခက်အခဲ များကို ဖြေရှင်းရန် AI ၏ ရှေ့ဆောင် အစွမ်းအစများ ဖွံ့ဖြိုးတိုးတက်ရေး” အတွက် တာဝန်ပေးအပ်ထားသည်။ အဆိုပါလုပ်ငန်းကို ဝါရှင်တန် DC အပါအဝင် National Capital Region တွင် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ပြီးစီးရန် ရည်ရွယ်ထားသည်။

အဆိုပါစာချုပ်သည် OpenAI ၏ အမေရိကန်ကာကွယ်ရေးဌာနနှင့် ပထမဆုံး အများသိစာချုပ်ဖြစ်သော်လည်း၊ ယခင်ကလည်း အမျိုးသား လုံခြုံရေး လုပ်ငန်းများတွင် ပါဝင်ခဲ့ဖူးသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် OpenAI သည် စစ်ဘက်ကုမ္ပဏီ Anduril Industries နှင့် ပူးပေါင်းကာ ဒရုန်းတိုက်ခိုက်မှုများကို ကာကွယ်ရန် AI စနစ်များ ဖွံ့ဖြိုးရေး လုပ်ဆောင် ခဲ့သည်။ ထိုအချိန်က Anduril က အဆိုပါပူးပေါင်းမှုသည် “အချိန်နှင့် တစ်ပြေးညီ အချက်အလက်များကို မြန်ဆန်စွာ စုစည်းခြင်း၊ လူသား များ၏ တာဝန်ဝန်ထုပ်များကို လျှော့ချခြင်းနှင့် အခြေအနေအလိုက် အသိ အမြင်ကို မြှင့်တင်ခြင်း” အတွက် AI ကို အသုံးပြုရန် ရည်ရွယ်ကြောင်း ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် OpenAI ၏ CEO ဆမ် အလ်မန် (Sam Altman) သည် အခြား ဆီလီကွန်တောင်ကြားလုပ်ငန်းရှင်များနှင့် သမ္မတ ဒေါ်နယ်ထရမ့် တို့နှင့်အတူ "Project Stargate" ကို ကြေညာခဲ့သည်။ ၎င်းစီမံကိန်းသည် အမေရိကန်၏ AI ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်လာ ၅၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် ကွန်ပျူတာအခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သည်။

ထိုလအတွင်း OpenAI သည် အမေရိကန်အစိုးရအတွက် အထူးဒီဇိုင်းပြု လုပ်ထားသော ChatGPT ဗားရှင်းတစ်ခုကို မိတ်ဆက်ခဲ့သည်။ ကုမ္ပဏီ က ယင်း Software သည် Microsoft Azure ၏ Cloud ဝန်ဆောင်မှု ကဲ့သို့သော အထူးပြု Hardware များပေါ်တွင် အလုပ်လုပ်မည်ဖြစ်ပြီး အစိုးရအေဂျင်စီများအား “၎င်းတို့၏ လုံခြုံရေး၊ ကိုယ်ရေးကိုယ်တာနှင့် စည်းမျဉ်းစည်းကမ်းလိုက်နာမှုဆိုင်ရာ လိုအပ်ချက်များကို ကိုယ်တိုင်စီမံ နိုင်စေမည်” ဟု ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် တရုတ် AI စတင်တည်ထောင်သည့် DeepSeek ၏ မိတ်ဆက်ခဲ့မှုကို အနောက်နိုင်ငံများမှ နည်းပညာ ဖွံ့ဖြိုး သူများနှင့် ရင်းနှီးမြှုပ်နှံသူများ အံ့အားသင့်ခဲ့ကြသည်။ DeepSeek က ၎င်း၏ထုတ်ကုန်သည် ChatGPT ထက် အဓိက လုပ်ငန်းလည်ပတ် စရိတ် သက်သာပြီး နည်းပညာပိုင်းတွင် ပိုမိုကောင်းမွန်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ နောက်လတွင် Altman က ဝါရှင်တန်တွင် ကျင်းပသော အစည်းအဝေးတစ်ခုတွင် OpenAI သည် ဒီမိုကရေစီတန်ဖိုးများကိုကာကွယ်ရန်အတွက် အမေရိကန်အစိုးရကို AI တွင် အမေရိကန်၏ ဦးဆောင်မှုကို ထိန်းသိမ်းနိုင်ရေး ကူညီရန် ကတိပြုခဲ့သည်။

၂၀၂၄ ခုနှစ် ဧပြီလတွင် OpenAI သည် Elon Musk ၏ X နှင့်ဆင်တူသော လူမှုမီဒီယာပလက်ဖောင်းအသစ်တစ်ခုကို ဖော်ဆောင်နေကြောင်း ကုန်သွယ်မှု ဆိုင်ရာ စာစောင်များက ဖော်ပြခဲ့သည်။ တစ်ချိန်က Trump ၏ နီးစပ်သော မဟာမိတ်ဖြစ်ခဲ့သည့် Musk သည် ၎င်း၏ AI အထောက်အကူ တစ်ခု ဖြစ်သော Grok ကို X တွင် ပေါင်းစည်းရန် လုပ်ဆောင်နေသည်။

ဘီလီယံနာ Musk သည် OpenAI ကို ပူးတွဲတည်ထောင်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီမှ ခွဲထွက်ခဲ့သည်။ ယခုအခါတွင် Musk နှင့် Altman တို့သည် ပြင်းထန်သော ပြိုင်ဆိုင်မှုတစ်ခုတွင် ပါဝင်နေကြသည် ဟု သတင်းများထွက်ပေါ်နေသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂