စကော့တလန်ရှိ သီးသန့်ကျွန်း တစ်ကျွန်းကို ပျက်စီးနေသော ရဲတိုက်နှင့်အတူ အမေရိကန်ဒေါ်လာ ၇.၅ သန်းဖြင့် ရောင်းချ

News Image

  • စကော့တလန်ရှိ သီးသန့်ကျွန်း တစ်ကျွန်းကို ပျက်စီးနေသော ရဲတိုက်နှင့်အတူ အမေရိကန်ဒေါ်လာ ၇.၅ သန်းဖြင့် ရောင်းချ

စကော့တလန် အနောက်ဘက်ကမ်းရိုးတန်းအနီးတွင် တည်ရှိသော ရှူးနားကျွန်း (Shuna Island) ကို ပျက်စီးနေသည့် ရဲတိုက်ဟောင်းနှင့်အတူ ပေါင် ၅.၅ သန်း (အမေရိကန်ဒေါ်လာ ၇.၄၈ သန်း) ဖြင့် ရောင်းချ လိုက်ပါသည်။

အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ Knight Frank နှင့် Sotheby’s International Realty တို့၏ ကြော်ငြာအရ အဆိုပါကျွန်းကို နှစ် ၈၀ အတွင်း ပထမဆုံးအကြိမ် ရောင်းချခြင်းဖြစ်သည်။

အက်ဒင်ဘာရာရှိ Knight Frank ရုံး၏ မိတ်ဆွေဖြစ်သူ တွမ်စတူးဝပ်မိုး (Tom Stewart-Moore) က CNN သို့ ပြောကြားရာတွင် စကော့တလန် ကျွန်းများကို နှစ်စဉ်ရောင်းချလေ့ရှိသော်လည်း ဧက ၁,၁၀၀ ကျယ်ဝန်းသည့် ရှူးနားကျွန်း ၏ အရွယ်အစားက အထူးထင်ရှားကြောင်း ဖော်ပြခဲ့သည်။

“အဆိုပါကျွန်းသည် တကယ့်ကို အခြားကျွန်းများထက် ပိုမို ထူးခြား ပါသည်။ ယခုကဲ့သို့ အရွယ်အစားရှိသည့် ကျွန်းဆိုတာ ရှားပါးသည့် အရာပါ” ဟု ၎င်းက အင်္ဂါနေ့ (ဇွန် ၂၄) တွင် ပြောကြားခဲ့သည်။

စကော့တလန်တွင် အလွန်ချမ်းသာသူများအတွက် အနားယူစရာ သီးသန့် ကျွန်းငယ်များ များစွာရှိသော်လည်း ၎င်းတို့အထဲမှ အများစုသည် သွားရောက်ရန် အလွန်ခက်ခဲပါသည်။

သို့သော် ရှူးနားကျွန်းမှာမူ ထိုသို့မဟုတ်ဟု Stewart-Moore က ဖော်ပြခဲ့ပြီး ဂလပ်စဂိုးလေဆိပ်မှ ရဟတ်ယာဉ်ဖြင့် မိနစ် ၃၀ သာ ကြာမြင့်သည့် လွယ်ကူစွာသွားရောက်နိုင်သော သဘာဝကို အထူးအလေးထား ဖော်ပြ ခဲ့သည်။

ရှူးနားကျွန်းတွင် လက်ရှိအိမ်ခြေ ၈ ခုရှိပြီး ၎င်းတို့အနက် ၇ ခုမှာ အားလပ်ရက်အိမ်ခြေအဖြစ် အငှားချထားကာ၊ ၂၀ ရာစုအစောပိုင်းကနယူးဇီလန်မှ စစ်မှုထမ်းဟောင်းနှင့် စွန့်စားလေ့လာသူ ဂျော့ခ်ျ ဘာကလေး (George Buckley) ဆိုသူ ယခင်ပိုင်ရှင်တည်ဆောက်ခဲ့သော ရဲတိုက်ဟောင်း တစ်လုံးလည်း ရှိပါသည်။

Stewart-Moore က ထိုရဲတိုက်ဟောင်းသည် မယုံနိုင်လောက်အောင် ကောင်းမွန်သည့် တည်နေရာတွင်ရှိကြောင်း ပြောကြားခဲ့ပြီး “ရှုခင်းများက အမှန်ပင် အသက်ရှုမှားစရာပါ” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။ ၎င်းက ပျက်စီးနေသော ရဲတိုက်ကို ခွင့်ပြုချက်အပေါ် မူတည်၍ ပိုင်ရှင် အသစ်များက အဓိကနေအိမ်အဖြစ် ပြန်လည်မွမ်းမံနိုင်ကြောင်းလည်း ဖော်ပြခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂