စစ်ဘေးဒဏ်ခံနေရသော ဆူဒန်နိုင်ငံတွင် ရွှေတူးဖော်ရေး ကျင်း ပြိုလဲမှုကြောင့် သတ္တုတွင်းလုပ်သားများ သေဆုံး
စစ်ဘေးဒဏ်ခံနေရသော ဆူဒန်နိုင်ငံ၏ အရှေ့ပိုင်း Nile State တွင် ရွှေတူးဖော်ရေး ကျင်းအစိတ်အပိုင်း ပြိုလဲမှုကြောင့် သတ္တုတွင်းလုပ်သား ၁၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအရာရှိများက ပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုသည် Karsh al-Fil ရွှေတွင်းတွင် ယခုရက်သတ္တ ပတ်ကုန်က ဖြစ်ပွားခဲ့ပြီး ၎င်းတွင်းအား ကြီးကြပ်လျက်ရှိသော နိုင်ငံပိုင် Sudan Mineral Resources Company (SMRC) က တနင်္ဂနွေနေ့ (ဇွန် ၂၉) တွင် ထုတ်ပြန်ခဲ့သည်။
SMRC ၏ ထုတ်ပြန်ချက်အရ ဒဏ်ရာရရှိသူများအား ဆေးရုံတင်ကုသမှု ပေးထားပြီဖြစ်ကာ ကျင်းပြိုမှုအရေးပေါ်အခြေအနေကို တုံ့ပြန်သည့်အနေဖြင့် အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် ကုမ္ပဏီအနေဖြင့် လုပ်ငန်းခွင်အား ယခင်ကတည်းက ရပ်ဆိုင်းထားပြီး "အသက်အန္တရာယ်များသော" လုပ်ငန်းဖြစ်သည့်အတွက် တရားမဝင် တူးဖော်သူများအား ဆက်လက်လုပ်ကိုင်ခြင်းမပြုရန် သတိပေးခဲ့ကြောင်း ဖြည့်စွက်ဖော်ပြခဲ့သည်။
World Gold Council ၏ နောက်ဆုံးစာရင်းများအရ ဆူဒန်နိုင်ငံသည် အာဖရိကတွင် ပဉ္စမမြောက် အကြီးဆုံး ရွှေထုတ်လုပ်သည့်နိုင်ငံဖြစ်ကာ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၇၃.၈ အထိ ထုတ်လုပ်နိုင်ခဲ့သည်။ ယင်းပမာဏ ၏ ၈၅% ခန့်သည် လက်မှုစနစ်ဖြင့် တူးဖော်သည့် ရွှေတွင်းများမှ ရရှိခြင်း ဖြစ်သည်။
ဆူဒန်နိုင်ငံတွင် ရွှေတူးဖော်ရေးလုပ်ငန်းနှင့်ဆက်စပ်သော မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် လုံခြုံရေးစံနှုန်းများ အလွန် နိမ့်ကျသည့် ဝေးလံသော ကန္တာရဒေသများတွင် ပိုမိုအဖြစ်များသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက West Kordofan State တွင် အသုံးမပြု တော့သော ရွှေတွင်းတစ်ခု ပြိုလဲမှုကြောင့် အနည်းဆုံး သတ္တုတွင်းလုပ်သား ၃၈ ဦး သေဆုံးခဲ့ဖူးသည်။ ၂၀၂၃ ခုနှစ် ဧပြီလတွင်လည်းNorthern State တွင် အလားတူမတော်တဆမှုတစ်ခုကြောင့် ၁၄ ဦး သေဆုံးခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂