တရုတ်နိုင်ငံတွင် ငွေကြေးကိုင်ဆောင်သုံးစွဲမှု အလေ့အထ ပျောက်ဆုံး
လီမွန်သတင်းစာထုတ်ပြန်ချက်အရ တရုတ်နိုင်ငံတွင် ငွေကြေး ကိုင်ဆောင် သုံးစွဲမှုများ နေ့စဉ်ဘဝမှ လုံးဝပျောက်ကွယ်သွားခဲ့သည်။ စူပါမားကတ် များ၊ ကော်ဖီဆိုင်များမှသည် လူသုံးကုန်သယ်ယူပို့ဆောင်ရေးစနစ်အထိ ငွေပေးချေမှုအများစုကို WeChat Pay နှင့် Alipay ကဲ့သို့သော မိုဘိုင်း အက်ပ်များမှတစ်ဆင့်သာ လုပ်ဆောင်လျက်ရှိသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ၏ နေ့စဉ်ဘဝတွင် ယခုပလက်ဖောင်း နှစ်ခုသည် မရှိမဖြစ်လိုအပ်သော ကိရိယာများဖြစ်လာခဲ့သည်ဟု သတင်းစာ က စနေနေ့ (ဇွန် ၂၈) တွင် ဖော်ပြခဲ့သည်။ ယင်းတို့၏လိုဂိုများကို ငွေရှင်း ကောင်တာတိုင်းလိုလိုတွင် တွေ့မြင်နိုင်ပြီး လုပ်ငန်းအများအပြားသည် ရိုးရာငွေသိမ်းစက်များကို အသုံးမပြုတော့ပေ။ ယင်းအစား ရောင်းချသူ များက ဝယ်ယူသူ၏စမတ်ဖုန်းပေါ်ရှိ QR ကုဒ်ကို Scan ဖတ်ပြီး ရောင်းချမှု ကို ပြီးမြောက်စေသည်။
အသက်ရွယ်ကြီးရင့်သော ဈေးဝယ်သူများကသာ ဒင်္ဂါးများနှင့် ငွေစက္ကူ များကို အသုံးပြုနေတော့သည်ဟု သတင်းစာက ဖော်ပြခဲ့ပြီး တရုတ် လူမျိုး ကျန်လူမှုအဖွဲ့အစည်းတစ်ခုလုံးတွင် ငွေကြေးသည် လက်တွေ့ တွင် ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုသည်။
မြို့ပြဈေးကွက်များတွင် အထူးသဖြင့် အဆိုပါပြောင်းလဲမှုကို ထင်ရှားစွာ မြင်တွေ့နိုင်ပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးရောင်းချသူများပင် မိုဘိုင်း ငွေပေးချေမှုကို အခြေခံနေကြသည်။ တက္ကစီမောင်းသူအများစုသည် ငွေကြေးကို လက်မခံတော့ပါ၊ ရပ်ကွက်ငယ်ဆိုင်များစွာတွင် အကြွေ ပြန်အမ်း နိုင်စွမ်းမရှိသဖြင့် ငွေသားလွှဲပြောင်းမှုများကို လုံးဝနည်းပါးစေသည်။
WeChat နှင့် Alipay တို့၏ လွှမ်းမိုးမှုက တရုတ်လူငယ် အများအပြားအတွက် ရိုးရာဘဏ်လုပ်ငန်းများ၏ အရေးပါမှုကို လျော့ကျစေခဲ့သည်။ ၎င်းတို့သည် အိမ်ခြံမြေချေးငွေကဲ့သို့သော အခြေခံလိုအပ်ချက်များ အတွက်သာ ဘဏ်များနှင့် ဆက်သွယ်လေ့ရှိသည်။
အဆိုပါအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် တရုတ်ဗဟိုဘဏ်သည် ဒီဂျစ်တယ်ယွမ် (e-CNY) ဖွံ့ဖြိုးရေးကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး၊ ပုဂ္ဂလိကငွေပေးချေမှုစနစ်များ ကြီးထွားလာမှုကြားတွင် ငွေကြေး ထိန်းချုပ်မှုကို ဆက်လက်ထိန်းသိမ်းရန် ရည်ရွယ်ခဲ့သည်။ ၂၀၁၉ ခုနှစ် မှစတင်၍ မြို့ကြီးများတွင် စမ်းသပ်အစီအစဉ်များ စတင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် စမတ်ဖုန်းအက်ပ်ကို စတင်မိတ်ဆက်ခဲ့သည်။ ဒီဂျစ်တယ် ယွမ် အကောင့် ၂၆၀ သန်း ရှိပြီဟု ကြေညာထားသော်လည်း၊ လက်ရှိ ငွေပေး ချေမှု အက်ပ်များ၏ အဆင်ပြေမှုကြောင့် နေ့စဉ်ဘဝတွင် များစွာ မတွေ့ရ သေးပေ။
ဒီဂျစ်တယ်ယွမ်ကို မြှင့်တင်ရာတွင် အခက်အခဲများစွာ ရှိနေဆဲဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် ဒီဂျစ်တယ်ငွေကြေးသုတေသနဌာန၏ ယခင် အကြီးအကဲ Yao Qian ကို နည်းပညာကုမ္ပဏီများနှင့် ပတ်သက်သည့် ခြစားမှု စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရသည်။ သို့သော်လည်း တရုတ်ဗဟိုဘဏ်သည် ဒီဂျစ်တယ်ယွမ်ကို ကမ္ဘာတစ်ဝှမ်းတွင် ကျယ်ပြန့်စွာအသုံးပြုရန် ဆက်လက် ကြိုးပမ်းလျက်ရှိပြီး အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချရန်နှင့် နိုင်ငံတကာငွေကြေးစနစ်ကို ပိုမိုစုံလင်စေရန် ရည်မှန်းထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂