ကမ္ဘာ့ပထမဆုံး ဆိုလာစွမ်းအင်သုံး မြစ်တွင်းသွား ကုန်တင်သင်္ဘောဖြစ်လာတဲ့ Blue Marlin
နယ်သာလန်နိုင်ငံမှ ဆိုလာကဏ္ဍဆန်းသစ်တီထွင်သူ Wattlab နဲ့ ဂျာမနီနိုင်ငံမှ မြစ်တွင်းသွား ကုန်တင်သင်္ဘောကုမ္ပဏီ ဖြစ်တဲ့ HGK Shipping တို့ကပူးပေါင်းပြီး ကမ္ဘာ့ပထမဆုံးသောဆိုလာစွမ်းအင်သုံး မြစ်တွင်းသွား ကုန်တင်သင်္ဘောကို ရေချ လိုက်နိုင်ပါပြီ။
Blue Marlin လို့အမည်ပေးထားတဲ့ ကုန်တင်သင်္ဘောက ဥရောပရဲ့ဦးဆောင် သံမဏိထုတ်လုပ်ရေးကုမ္ပဏီ SalzgitterAG အတွက် များပြားလှတဲ့ ကုန်ပစ္စည်းများကို အဓိကပို့ဆောင်ပေးသွားမှာပါ။
ဒီကုန်တင်သင်္ဘောက ရေတိမ်ပိုင်းမှာ သွားနိုင်အောင် ဒီဇိုင်းဆွဲထားတာဖြစ်လို့ ရေစူး ၁ မီတာကျော်ကျော်နဲ့ ခရီးသွားနိုင်ပါတယ်။ ဒါ့အပြင် SEAFAR နည်းပညာ အသုံးပြုထားတဲ့အတွက် အဝေးထိန်း လမ်းညွှန်စနစ်နဲ့ ခရီးနှင်နိုင်ဦးမှာပါ။
သင်္ဘောခုတ်မောင်းမှုအတွက် လိုအပ်တဲ့လျှပ်စစ်ကိုတော့ နေရောင်ခြည်စွမ်းအင်ကနေထုတ်ယူသွားမှာဖြစ်ပါတယ်။ အဲဒီအတွက် ဆိုလာပြား ၁၉၂ ချပ်တပ်ဆင်ပေးထားပါတယ်။ ဆိုလာပြားတွေကနေ တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ပေါင်း ၃၇၅၀၀ အထိထုတ်လုပ်ပေးသွားမှာပါ။
ဒီသင်္ဘောက ပေါင်းစပ်စွမ်းအင်အသုံးပြုထားတယ်ဆိုပေမယ့်သင်္ဘောကို ခုတ်မောင်းမှုအတွက်က ဆိုလာပြားကနေရရှိတဲ့ လျှပ်စစ်စွမ်းအင် အပေါ်မှာသာ တိုက်ရိုက်မှီခိုနေတာပါ။ သင်္ဘောကတင်ဆောင်နိုင်တဲ့ ကုန်အလေးချိန်ကတော့ တန်ချိန် ၃၁၁၀ အထိဖြစ်ပါတယ်။
MWD Web Portal