တရုတ်လေယာဉ်နှစ်စီး အန္တရာယ်ဖြစ်နိုင်ခြေရှိသည်အထိ အနီးကပ် ပျံသန်းမိ

News Image

  • တရုတ်လေယာဉ်နှစ်စီး အန္တရာယ်ဖြစ်နိုင်ခြေရှိသည်အထိ အနီးကပ် ပျံသန်းမိ

တရုတ်နိုင်ငံမှ လေယာဉ်နှစ်စီး သည် အမြင့်အကွာဝေး မီတာ ၁၀၀ ခန့် သာ ကွာခြားပြီး ဆန့်ကျင်ဘက်လမ်းကြောင်းမှ ပျံသန်းခဲ့ကြောင်း သိရသည်။ လေကြောင်းလုံခြုံရေးသတ်မှတ်ချက်အရ အနည်းဆုံး မီတာ ၃၀၀ အကွာ မှ ပျံသန်းရမည်ဖြစ်သည်။

အဆိုပါဖြစ်စဉ်သည် ဇူလိုင်လ ၆ ရက်နေ့ညက ရုရှားနိုင်ငံ၊ တူဗာဒေသ လေကြောင်းနယ်နိမိတ်အတွင်း ဖြစ်ပွားခဲ့သော်လည်း၊ တရုတ်မီဒီယာ များက ဇူလိုင် ၁၄ ရက်နေ့မှသာ ထုတ်ဖော်ပြောဆိုခဲ့သည်။

ရှန်ဟိုင်းမှ မီလန်သို့ ပျံသန်းနေသော Air China ၏ CA967 ခရီးစဉ်သည် မီတာ ၁၀,၄၀၀ အမြင့်မှ ၁၁,၀၀၀ မီတာအထိ မြင့်တက်ပျံသန်းခဲ့သည်။ ထိုသို့ပျံသန်းမှုကြောင့် ဆန့်ကျင်ဘက်လမ်းကြောင်းမှ ပျံသန်းနေသော SF Airlines ၏ CSS128 ကုန်တင်လေယာဉ်နှင့် အမြင့်အကွာဝေး သိသိသာသာ နီးကပ်သွားခဲ့သည်။

လေကြောင်းခရီးစဉ်ခြေရာခံဝက်ဘ်ဆိုဒ် FlightRadar24 ၏ အချက်အလက် များအရ လေယာဉ်နှစ်စီးသည် မျက်နှာချင်းဆိုင်ပျံသန်းခဲ့ကြပြီး အမြင့် အကွာဝေးမှာ မီတာ ၉၀-၁၂၀ ခန့်သာ ရှိခဲ့သည်။ ၎င်းမှာ လုံခြုံရေးအတွက် သတ်မှတ်ထားသော အနည်းဆုံး မီတာ ၃၀၀ ထက် သိသိသာသာ နည်းနေခြင်း ဖြစ်သည်ဟု ဆိုသည်။

Air China လေယာဉ်မှူး မည်သည့်အတွက်ကြောင့် အမြင့်တက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဘဲ ဒေသဆိုင်ရာ လေကြောင်း ထိန်းသိမ်းရေး (ATC) တာဝါမှ ထိုသို့အမြင့်တက်ရန် ညွှန်ကြားချက်မပေးထားခဲ့ဟု ဆိုသည်။

တရုတ်မီဒီယာများက လေယာဉ်မှူးသည် ညွှန်ကြားချက်ကို မှားယွင်း နားထောင် (သို့မဟုတ်) မှားယွင်းနားလည်ခဲ့ဟန်ရှိကြောင်း ဖော်ပြခဲ့သည်။ Air China ၊ SF Airlines နှင့် တရုတ် လေကြောင်းပြည်သူ့စီမံခန့်ခွဲမှုဌာန (CAAC)တို့မှ ယခုကိစ္စနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ခြင်း မပြုသေးပေ။

ကိုးကား VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂