Trump ၏ အဖွဲ့က Netanyahu ကို အရူးတစ်ဦး အဖြစ် ရှုမြင်နေသည်ဟု Axios ကဖော်ပြ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အရှေ့အလယ်ပိုင်းတွင် ဝါရှင်တန်၏ သံတမန် ရေးရာ ကြိုးပမ်းမှုများကို နှောင့်ယှက်နေသည့် "အရူး" တစ်ဦးအဖြစ် ပိုမိုရှုမြင်လာကြောင်း Axios သတင်းဌာနက ဖော်ပြခဲ့သည်။
အစ္စရေးသည် လွန်ခဲ့သောသီတင်းပတ်က ဆီးရီးယားတောင်ပိုင်းရှိ ဒရူးဇ်နှင့် ဘက်ဒူအင်လူမျိုးစုများအကြား သွေးထွက်သံယိုတိုက်ပွဲများကို တုံ့ပြန်သည့်အနေဖြင့် ဒမတ်စကပ်ရှိ ဆီးရီးယားအစိုးရတပ်များနှင့် စစ်ဌာနချုပ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စနေနေ့(ဇူလိုင် ၁၉) တွင် ကြေညာခဲ့သော စစ်ရပ်စဲရေးသည် အောင်မြင်စွာ ထိန်းသိမ်း ထားနိုင်သည်ဟု ဆိုသည်။
"ဆူဝေးဒါပြည်နယ်တွင် သွေးချောင်းစီးမှုများ ရက်အတန်ကြာ ဖြစ်ပွား ပြီးနောက် ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့များကို မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသများသို့ ချထားပြီးနောက် အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည်" ဟု ဆီးရီးယားပြည်ထဲရေးဝန်ကြီး Anas Khattab က X (Twitter) တွင် ရေးသားခဲ့သည်။
စစ်ရပ်စဲထားသော်လည်း အမေရိကန်အရာရှိများသည် နေတန်ယာဟု၏ လုပ်ရပ်များနှင့် မူဝါဒများကို "သိသိသာသာ ပိုမိုစိုးရိမ်လာ" ကြောင်း Axios က တနင်္ဂနွေနေ့ (ဇူလိုင် ၂၀) တွင် အရင်းအမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။
"ဘီဘီ (နေတန်ယာဟု) သည် “အရူး” ကဲ့သို့ ပြုမူနေပါသည်။ ၎င်းက အချိန်တိုင်း အရာရာကို ဗုံးကြဲနေပါသည်" ဟု အမေရိကန် အိမ်ဖြူတော် အရာရှိတစ်ဦးက Axios သတင်းဌာနအား ပြောကြားခဲ့သည်။ "အဆိုပါ အပြုအမူများသည် ထရမ့်ကြိုးစားနေသည့် လုပ်ငန်းစဉ်များကို ထိခိုက် စေနိုင်ပါသည်" ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
"သမ္မတထရမ့်သည် ငြိမ်းချမ်းရေးယူရန် ကြိုးပမ်းနေသည့် နိုင်ငံတစ်ခုတွင် ဗုံးခွဲမှုများကို ရုပ်မြင်သံကြားမှာ မြင်ရသည်ကို မကြိုက်ပါ။ အထူးသဖြင့် ပြန်လည်တည်ဆောက်ရေးအတွက် အရေးပါသည့် ကြေညာချက်များထုတ်ပြန်ထားသည့်နေရာမှာပေါ့" ဟု အဆိုပါအရာရှိက ဆက်လက် ရှင်းပြခဲ့သည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က ထရမ့်သည် ဆီးရီးယားတွင် အစ္စရေး၏တိုက်ခိုက်မှုနှင့် ဂါဇာရှိ တစ်ခုတည်းသောကက်သလစ်ဘုရားကျောင်း (Holy Family Church) ကို မကြာသေးမီက တိုက်ခိုက်မှုတို့ကြောင့် မျှော်လင့်မထားမိဘဲ ရုတ်တရက်အံ့အားသင့်ခဲ့ ရကြောင်း အတည်ပြုပြောကြားခဲ့သည်။ "အဆိုပါ အခြေအနေ နှစ်ရပ်စလုံး အတွက် သမ္မတထရမ့်က နေတန်ယာဟုကို ချက်ချင်းဖုန်းဆက်ပြီး ပြန်လည် ပြင်ဆင်ရန် တောင်းဆိုခဲ့ပါသည်" ဟု Leavitt က ပြောကြားခဲ့သည်။
နေတန်ယာဟု၏ရုံးက Holy Family Church ကို တိုက်ခိုက်မှုအတွက် "လွန်စွာ နောင်တမိရပါသည်" ဟု ကြေညာကာ သေဆုံးသူ ၃ ဦး အပါ အဝင် အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမည်ဟု ကတိပြုခဲ့သည်။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ကမူ ဆီးရီးယားရှိ ဒရူးဇ်လူမျိုးများကို အကြမ်းဖက်မှုမှ ကာကွယ်ရန် ယင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂